ပန်းပွင့်သတို့သမီးအပိုင်း (၁၀)

7.1K 428 0
                                    

ပန်းပွင့်သတို့သမီး
အပိုင်း (၁၀)

မိမိရင်ခွင်ထဲရောက်တိုင်း ကြောက်ရွံနေသော အဖြစ်ထက် မိမိကို အချစ်များစွာဖြင့် တုန့်ပြန်နမ်း သည် ကိုသာလိုချင်မိသည်။ ထို့ပြင် မိဖုရားကြီးက စာဂိရိ နှင့် မိမိ အခြေနေကို အကဲခတ်ကာ သူ့ တူမတော်နှင့် ထပ်မံ လက်ဆက်စေချင်ကြောင်း အရိပ်အခြေပြနေသဖြင့် ထိမိုယွမ် စိတ်ပူနေမိ သည်။ စာဂိရိက နန်းတော် အသိုင်းအ၀ိုင်းနှင့် သီးသန့်နေလွန်းသဖြင့် လူအကြောင်းကိုမသိ ၊ နန်းတွင်းရေး အကြောင်းနှင့် ကင်းကွာကာ အလွယ်တကူ ခြောက်တွန်းခံရမည်ကိုလည်း စိုးရိမ် နေရသည်။

'နောက်နေ့ကစပြီး နန်းတော်ထဲမှာ ပွဲလမ်းသဘင်ရှိရင် စာဂိရိ ကိုယ်နဲ့အတူ တက်ရမယ်။ နန်းတော်ထဲက အမတ်ကြီး၊ စစ်သူကြီး၊ နယ်စားကြီးတွေ အကြောင်းကို သေချာလေ့လာပြီး သူတို့ အကြောင်းသိအောင် လုပ်ရမယ်။ နောင်တချိန်မှာ စာဂိရိက နန်ကျောင်ပြည်ရဲ့ မိဖုရားကြီး ဖြစ်လာ မယ့်သူ။ နန်းတွင်းကို အလုပ်ကျွေးပြုနေသူအားလုံးကို သိပြီး လိုသလို အသုံးချနိုင်ရမယ်။'

စာဂိရိသည် ထိမိုယွမ်၏ အမိန့်ကြောင့် မလွဲသာပဲ ပွဲတက်ရန်ထွက်လာခဲ့သည်။ ပွဲတက် အ၀တ် အစားများ နှင့် လက်ဝတ်လက်စား အပြည့်အစုံဝတ်လာရသဖြင့် စိတ်ကျဉ်းကြပ်နေသည်။
ထိမိုယွမ်သည် ပွဲတက်ဝတ်စုံနှင့် အလှကြီးလှနေသော စာဂိရိကို ရွှမ်းရွှမ်းစားစားကြည့်ကာ

'သိပ်လှတာပဲ။စာဂိရိကို သူများတွေ ၀ိုင်းကြည့်မှာတောင် စိုးရိမ်နေပြီကွာ။လာ..ကိုယ့်လက်ကိုတွဲ ထား။ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူးနော်။စာဂိရိက ကိုယ့်မိဖုရားလောင်း။ ခေါင်းကိုမော့ထား'
စာဂိရိသည် ခေါင်းငုံ့ထားရာမှ သူ့စကားကြောင့် ခေါင်းမော့ကာ ရှေ့ကို ကြည့်လိုက်စဉ် လူအများက ၀ိုင်းကြည့်နေသည်ကို တွေ့သော် ခြေဖျားလက်ဖျားများပင် အေးစက်လာသည်။ စူးစမ်းသော အကြည့် ၊ ရင်းနှီးမှူမရှိသောအကြည့်များကြားဝယ် စာဂိရိ အားငယ်လာသည်။

ထိမိုယွမ်သည် စာဂိရိ၏ လက်လေးကို ဆုပ်နယ်ကာ အားပေးပြီး
'မကြောက်နဲ့။ ကိုယ်တစ်ယောက်လုံး ရှိတယ်။ လာ..ခမည်းတော် ကိုသွားနူတ်ဆက်မယ်။'

စာဂိရိသည် သူ့လက်ကို အားကိုးတကြီး ဆုပ်ကိုင်ကာ မင်းကြီးရှေ့သို့ ရောက်လာ၏။ ခန်မင်းကြီး က ချွေးမလောင်းကို ကြင်နာစွာ နူတ်ဆက်ကာ အနီးဆုံးခုံတွင် ထိုင်စေသည်။ ထိမိုယွမ် မင်းသား သည် စာဂိရိ နံဘေးတွင် ၀င်ထိုင်ကာ ပွဲတော်လာသော မှူးမတ်ကြီးများအကြောင်း တိတ်တဆိတ် ရှင်းပြပေးနေသည်။ စာဂိရိသည် ထိမိုယွမ် ပြောပြသည်ကို မှတ်သားရင်း မှူးမတ်ကြီးများ၏ သမီး တော်များ ၊ မင်းသမီးလေးများ၏ အကြည့်များက မိမိနံဘေးမှ ထိမိုယွမ် မင်းသားထံ တ၀ဲလည် လည် ဖြစ်နေသည်ကို သတိပြုလိုက်မိသည်။ ထို့ပြင် မိဖုရားကြီးနံဘေးမှ ချစ်စရာကောင်းသော မင်းသမီးလေးက အိမ်ရှေ့မင်းသားကို ခိုးခိုးကြည့်နေသည်ကိုလည်းတွေ့လိုက်သည်။

တိုခီဝါပြောသော ဒုတိယမိဖုရားလောင်း အကြောင်းကို ပြန်သတိရကာ သူ့ကို မော့ကြည့်ကာ အကဲခတ်လိုက်သည်။သူ ဘယ်မင်းသမိးလေးကိုများ စိတ်ဝင်စားနေသလဲဆိုတာ သိချင်လာသည်။
သူ့မျက်လုံးများက မိမိကို စိုက်ကြည့်နေသည်ကို တွေ့သော် ၀မ်းသာသွားသည်။ ကျေလည်း ကျေနပ်သွားသည်။

'အကိုတော်ကို မင်းသမီးလေးတွေ ၀ိုင်းကြည့်နေတယ်။'

စာဂိရိ သူ့ကို တိုးတိုးပြောလိုက်သည်။ သူက ပြုံးကာ

'စာဂိရိ ကိုလည်း မင်းသားလေးတွေ ၀ိုင်းကြည့်နေတယ်။'

ထိုအခါမှ စာဂိရိ သတိထားမိသည်။ လူရွယ်၊လူငယ် မင်းသားများ၊ စစ်သူကြီးများ၏ အကြည့်က မိမိထံ ရောက်နေသည် မဟုတ်လား။
'စာဂိရိက တပြည်သူဖြစ်လို့ အကဲခတ်နေတာပါ။'
'စာဂိရိ ကိုယ့်ကိုကိုယ် ဘာလို့ ယုံကြည်မှူမရှိတာလဲ။ သူတို့က စာဂိရိ ချောလို့၊ လှလို့ စိုက်ကြည့် နေတာ။ ဒါကြောင့် ကိုယ် စိုးရိမ်နေရတာပေါ့။'
'စာဂိရိက အကိုတော်ရဲ့ မိဖုရားပါ။ ဘယ်သူ့ကို မှ စာဂိရိ စိတ်မ၀င်စားပါဘူး။'
'တကယ်လား။ ကိုယ့်ကိုတော့ စိတ်ဝင်စားတယ် မဟုတ်လား။'

သူက ပြုံးကာ ကျီစယ်ဟန်ဖြင့် မေးသည်။ စာဂိရိ စိတ်ထဲရှိသည့် အတိုင်းဖြေလိုက်သည်။
'အကိုတော်က စာဂိရိရဲ့ ခင်ပွန်းလောင်းဆိုတော့ စိတ်ဝင်စားရတာပေါ့။ '

သူ့အဖြေကိုကြားသော် ထိမိုယွမ် သက်ပြင်းရှိုက်မိသည်။ မိမိကို ၀တ္တရားအရ စာဂိရိ စိတ်ဝင်စား သည်ကို မလိုချင်ပါ။ လောကကြီးအကြောင်း၊ အချစ်အကြောင်းကို မသိသေးသော ကလေးလေး ကို မိမိ ချစ်မိတော့ စိတ်ပင်ပန်းရသည်။ သို့သော် စာဂိရိ ကို မိမိ မချစ်ပဲ မနေနိုင်အောင် ဖြစ်မိ သည်။ ဒါက မိမိ ကံကြမ္မာလည်းဖြစ်သည်။မိမိဖူးစာလည်းဖြစ်သည်။

မိဖုရားကြီးသည် အိမ်ရှေ့မင်းသား နှင့် အာနန်မင်းသမီး ကို အကဲခတ်ကာ အကြံထုတ်နေ၏။ နတ်သမီး တစ်ပါးလို အပြစ်ဆိုဖွယ်မရှိအောင်လှရက်လွန်းသော မင်းသမီးလေးလက်ထဲမှ မိမိ တူမ ၏ မာယာကျော့ကွင်းဖြင့် လုယူရန် ဆုံးဖြတ်လိုက်သည်။ ဘယ်ယောက်ျားမှ အလိုက်သိတတ်လွန်း သော မိန်းမလှလေး၏ ပြုစုမှူကို ငြင်းဆန်နိုင်မည် မဟုတ်ပေ။ မိမိ ၏ လျို့ဝှက်အတတ်များကို တူမ တော်အား လက်ဆင့်ကမ်း သင်ပေးထားပြီးဖြစ်သည်။ အာနန်မင်းသမီး နှင့် အိမ်ရှေ့မင်းသားကြား တူမတော်ကို အလိမ္မ္မာဖြင့် ၀င်ရောက်ခိုင်းရတော့မည်။ အာနန်မင်းသမီးကို အိမ်ရှေ့မင်းသား အရမ်း မတွယ်ငြိသေးခင် မင်းသား၏ စိတ်ကို အပိုင်သိမ်းနိုင်ဖို့ အရေးကြီးသည်။

ထိမိုယွမ် ခမည်းတော်ထံ အခစားဝင်သောအခါ ခမည်းတော်၏အဆောင်တွင် မိဖုရားကြီး ရောက်နေသည်ကို တွေ့သော်ထူးခြားသည်ကို ချက်ခြင်းသိလိုက်သည်။ သို့သော် ထိမိုယွမ်က မထူးခြားဟန်ဖြင့် နူတ်ဆက်လိုက်သည်။
'မယ်တော် ကျန်းခံ့သာလို့မာပါရဲ့လား။'

'ကျန်းမာပါတယ် သားတော်။ သားတော်လည်း မယ်တော့် အဆောင်ကို အလည်လာပါဦး။ အာနန် မင်းသမီးလေးရောက်တာနဲ့ သားတော်က မယ်တော့်ဆီတောင် မလာတော့ဘူး။ မင်းသမီလေး နန်းတွင်းဓလေ့ကိုသင်နေတာ အတော်တိုးတက်ပြီလို့ကြားတယ်။ မယ်တော့်ဆီ ခေါ်လာပါဦး။'

'တနေ့မှာ ခေါ်လာပါ့မယ် မယ်တော်ဘုရား။ သားတော်လည်း ခမည်းတော်ကို ကူနေလို့ မအား လို့ပါ။'

မိဖုရားကြီးက ပြုံးကာ ခန်မင်းကြီးဘက်လှည့်ပြီး
'သားတော်က မောင်တော့်အလုပ်ကို ကူနေတော့ စာဂိရိ မင်းသမီးလေးကို အချိန်ပြည့်ဘယ် ကရုစိုက်နိုင်မှာလဲ။ သူလေးလဲ ပျင်းနေရှာမှာပေါ့။ တူမတော် ပင်းပင်းကို သွားပြီး အဖော်ပြုခိုင်း လိုက်ရမလား မောင်တော်။ မင်းသမီးလေး နှစ်ပါး အဖော်ရတာပေါ့။'

ခန်မင်းကြီးက ပြုံးကာ
'ကောင်းသားပဲ။မောင်တော်လည်း သားတော်နဲ့တိုင်းပြည်ရေးကို ရှေ့တန်းတင်နေတာနဲ့ပဲ ချွေးမ လေးကို မေ့နေတယ်။ ပင်းပင်းကို အဖော်လုပ်ခိုင်းလိုက်ပါ။ သားတော်လည်း နောက်ဆံမတင်းရ တော့ဘူးပေါ့။ '
ထိမိုယွမ်သည် ခမည်းတော်၏ စကားကြောင့် ဘာမှ ဆက်မပြောနိုင်တော့ပေ။ ပင်းပင်းလာလျှင် စာဂိရိ၏ အဖြစ်မှန်ကို မတော်တဆ သိသွားမှာစိုးရိမ်ရသည်။

ထိမိုယွမ်သည် စာဂိရိ၏အဆောင်သို့လာစဉ် သူကလေးက ကြိုးစားပန်းစား လက်ရေးကျင့် နေ သဖြင့် မိမိ သူ့အနောက်ရောက်သည်ကိုပင် သတိမထားမိပေ။ ထိမိုယွမ် စာဂိရိကို အနောက်မှ သိုင်းဖက်ကာ ဂုတ်သားလေးကို မွှေးမွှေးပေးလိုက်စဉ် စာဂိရိ လန့်ကာ တုန်သွားသဖြင့် ထိမိုယွမ် ကရယ်မောကာ
'ကြည့်စမ်း ... မောင်တော် ၀င်လာတာကိုတောင် မသိပါလား။ ဘာတွေဒီလောက် စိတ်ဝင်စား နေတာလဲ။'

စာဂိရိက သူ့ရင်ခွင်မှ ရုန်းထွက်ကာ
'အကိုတော်က တိတ်တိတ်လေး ၀င်လာတာ စာဂိရိ ဘယ်လိုသိမှာလဲ။ စာဂိရိက ဆရာ့လက်ရေး ကို အတုခိုးပြီးကျင့်နေတာ။ အကိုတော် ဘာကိစ္စရှိလို့လဲဟင်'

ထိမိုယွမ်သည် ကလေးပမာဖြူစင်လှသော စာဂိရိလေးကို ငေးကြည့်ကာ
'မိဖုရားကြီးက စာဂိရိပျင်းနေမှာစိုးလို့ သူ့တူမတော် ပင်းပင်းကို လွှတ်ခဲ့လိမ့်မယ်။ ပင်းပင်းက အရမ်းပါးနပ်တယ်။ စာဂိရိရဲ့ အဖြစ်မှန်ကို မရိပ်မိအောင် နေဖို့ လာပြောတာ။'

စာဂိရိသည် မိဖုရားကြီးဘေးမှ မိန်းမချောလေးကို သတိရသွားပြီး
'သြော်... မိဖုရားကြီးဘေးက မိန်းမလှလေးက ပင်းပင်းလား။ သူက အရမ်းချောတာပဲနော်။ စိတ်ချပါ။ စာဂိရိရဲ့ အဖြစ်မှန်ကို မသိစေရပါဘူး။ သူလာတော့ စာဂိရိလည်း အဖော်ရတာပေါ့။ သူက သဘောကောင်းလားဟင်။'
ထိမိုယွမ်သည် စာဂိရိ၏ လက်လေးကို ဆုပ်နယ်ရင်း အရိုးခံအတိုင်းတွေးနေသော ချစ်သူလေးကို ပြုံးကြည့်ကာ
'အင်း... သူက သဘောတော့ ကောင်းပါတယ်။ ဒါပေမယ့် နန်ကျောင်နန်းတွင်းထဲက မိန်းကလေး တွေကို လုံးဝမယုံနဲ့နော်။ သူတို့အကျိုးရှိမယ့်ကိစ္စကိုပဲ သဘောကောင်းကြတာ။ '
စာဂိရိသည် တိုခီဝါပြောသည့်စကားကို သတိရသွားပြီး
'အကိုတော်နဲ့ လက်ထပ်ပေးချင်တဲ့ မင်းသမီးလေးက ပင်းပင်းလား။'

ထိမိုယွမ် အံ့သြသွားပြီး
'အင်း ... ဟုတ်တယ်။ စာဂိရိ ဘယ်လိုသိတာလဲ။'
စာဂိရိက အေးဆေးစွာပြုံးကာ
'အကိုတော်ရယ်... စာဂိရိ ဒီနန်းတွင်းထဲ ရောက်တာ ခြောက်လတောင်ရှိပြီပဲ။ ဒီလောက်တော့ သိပါသေးတယ်။ '
ထိမိုယွမ်သည် စာဂိရိ၏ ကိုယ်လေးကို ဖက်ကာ မေးလိုက်သည်။
'စာဂိရိ ကိုယ့်ကို သ၀န်မတိုဘူးလား။'

စာဂိရိ ခဏငြိမ်သွားပြီး အသံမှန်ဖြင့်ဖြေလိုက်သည်။
'မတိုပါဘူး။ ဘုရင်တွေက မိန်းမအများကြီးယူကြတာပဲလေ။ အကိုတော်လည်း ဘုရင်ဖြစ်မယ့်သူ။ အကိုတော် မိဖုရားများမှာကို ကြိုတွေးထားပြီးသားပါ။ စာဂိရိ သ၀န်တိုရင် အကိုတော့်မိဖုရား ဘယ် ပီသတော့မှာလဲ။ '

ထိမိုယွမ်သည် စာဂိရိ၏ အဖြေကြောင့် စိတ်တိုသွားသည်။ မိမိကို အခြားမိန်းကလေးဖြင့် သ၀န် မတိုခြင်းက စာဂိရိစိတ်ထဲတွင် မိမိမရှိဟူသော အဓိပ္ပါယ်ပင်ဖြစ်သည်။
ထိမိုယွမ်သည် စာဂိရိ၏ မေးကိုပင့်မကာ အကြည့်ခြင်းဆုံပြီး
'ဒါဆို ကိုယ် တခြားမိန်းကလေးကို မိဖုရားမြှောက်လည်း စာဂိရိ သ၀န်မတိုဘူးပေါ့ ..ဟုတ်လား။'

စာဂိရိသည် သူ့ကို စိုက်ကြည့်ကာ အမှန်အတိုင်းဖြေလိုက်သည်။
'ဟင့်အင်း။ သ၀န်တိုရင် စာဂိရိပဲ စိတ်ပင်ပန်းရမှာပဲပေါ့။'

ထိုစကားကိုကြားသော် ထိမိုယွမ် ဒေါသထွက်ကာ ထရပ်လိုက်ပြီး
'ကောင်းပြီလေ။ စာဂိရိ ကိုယ့်ကို သ၀န်မတိုမှတော့ ကိုယ်လည်း နောက်ထပ် မိဖုရားလောင်းတွေ ရွေးဖို့စဉ်းစားရတာပေါ့။ '

ထိမိုယွမ် ရုတ်တရက် အဆောင်မှထွက်သွားသောအခါ စာဂိရိမှာ အံ့အားသင့်ကာ ကျန်ရစ်ခဲ့သည်။ အပြင်မှ တိုခီဝါက ပြေးဝင်လာပြီး သခင်မလေးကို
'သခင်မလေးရယ်.. မင်းသားလေးကို ဘာကြောင့် အဲ့လိုပြောလိုက်ရတာလဲကွယ်။ မင်းသားလေး က စာဂိရိရဲ့ သ၀န်တိုပြီး ကရုစိုက်တာခံချင်တာ။ ခုတော့ မင်းသားလေး စိတ်ဆိုးသွားပြီ။'

စာဂိရိသည် နားမလည်နိုင်စွာဖြင့်
'စာဂိရိ အမှန်တိုင်း သူ့ကိုပြောလိုက်တာပဲလေ။ စာဂိရိ သ၀န်တိုလည်း သူ့ကို တားခွင့်မှ မရှိတာ။ သူက မိဖုရားအများကြီးမြှောက်မှာပဲလေ။ ဒါကြောင့် စာဂိရိဘယ်လိုမှ မခံစားရအောင် စိတ်ထဲမှာ ဘာမှ စဉ်းစားမထားဘူး။ '

'သခင်မလေးရယ်... နောက်တစ်ခါ မင်းသားလေးကို အမှန်တွေ သိပ်မပြောပါနဲ့။သခင်မလေးက မင်းသားလေးကို ကရုမစိုက်တော့ သူ့ကို မချစ်ဘူးဆိုတဲ့အဓိပ္ပါယ်ပေါက်သွားလို့ မင်းသားလေး စိတ်ဆိုးသွားတာပေါ့။ ယောက်ျားတွေက သူတို့ကိုချစ်တယ်၊ သ၀န်တိုတယ်ဆိုတာကို ကြားချင် ကြတာ။ စိတ်ထဲမပါလည်း ပြောပေးလိုက်ပါ သခင်မလေးရယ်။'

စာဂိရိ စိတ်ရှုပ်သွားသည်။ တိုခီဝါကို မော့ကြည့်ကာ ခေါင်းမာစွာပြောသည်။
'စာဂိရိ သူ့ကို ချစ်မှမချစ်တာ။ သူ့ကို လက်ထပ်တယ်ဆိုတာလည်း သူအကျပ်ကိုင်လို့ဆိုတာ သူသိပြီးသားပါ။ စာဂိရိ သူ့ကိုမလိမ်ချင်ဘူး။ သူစိတ်ဆိုးလည်း ဆိုးပါစေတော့။ စာဂိရိ တကယ် မချစ်ပဲ ဘယ်သူ့ကိုမှ ချစ်တယ်လို့ မပြောနိုင်ဘူး။'

တိုခီဝါသည် သခင်မလေး၏ အဖြေကြောင့် စိတ်ညစ်သွားသည်။
'သခင်မလေးရယ်... ခက်တော့တာပဲ။ ဒုတိယမိဖုရားလောင်း ပေါ်လာရင်၊ မင်းသားလေးက သခင်မလေးကို မချစ်လျော့သွားရင် ကျွန်မတို့တွေ ဒီနန်းတွင်းမှာ ဒုက္ခရောက်ရလိမ့်မယ်။'

'သူ မချစ်တော့ရင် စာဂိရိ အာနန်ပြည်ကိုပြန်မယ် တိုခီဝါ။'

တိုခီဝါသည် စာဂိရိ၏ စကားကြောင့် သက်ပြင်းချမိသည်။

ထိမိုယွမ်သည် ဒေါသထွက်ထွက်နှင့် မိမိအဆောင်ကို ပြန်လာခဲ့သည်။ စာဂိရိ၏ အဖြေကို လုံးဝ မကျေနပ်ပေ။ မိမိက ချစ်ရသလောက် စာဂိရိက မိမိကို လုံးဝအလေးမထားသည်က ရင်နာရသည်။
မိမိဘယ်လိုလုပ်မှ စာဂိရိ အချစ်ကို ရလာမလဲဟုတွေးကာ ရင်မောမိသည်။ ပင်းပင်းကို လက်ပွန်း တတီးနေပြလျှင် စာဂိရိ၏ သ၀န်တိုစိတ်၊ချစ်စိတ်ကို နှိုးဆွနိုင်မလားဟုတွေးမိသည်။

ထိမိုယွမ်သည် စာဂိရိကို ပုံမှန်မြင်းစီးသင်ပေးနေရာ နန်းတော်တွင်းတွင် တီးတိုးအတင်းပြောစရာ ဖြစ်နေသည်။ သို့သော် ခန်မင်းကြီးက ဘာမှမပြောသဖြင့် ပေါ်ပေါ်တင်တင်တော့ မပြောဝံ့ကြပေ။ အိမ်ရှေ့စံသည် အာနန်မင်းသမီးကို အလွန်ချစ်ခင်မြတ်နိုးလွန်းသည်က အားလုံးအတွက်စိုးရိမ်စရာ ဖြစ်နေသည်။ အာနန်ပြည်က အိမ်ရှေ့စံအပေါ် သြဇာလွမ်းမိုးသွားမည်ကို အမတ်ကြီးများက စိုးရိမ် ကာ မိဖုရားခေါင်းကြီးထံ အခစားဝင်ကာ တိတ်တဆိတ်တိုင်ပင်ကြသည်။ ဖြစ်နိုင်လျှင် နန်ကျောင် ပြည်သူ မင်းသမီး ပင်းပင်းနှင့်လည်း လက်ဆက်စေချင်ကြသည်။ မိဖုရားခေါင်ကြီးသည် မိမိဘက်မှ ထောက်ခံမည့် အင်အားများတိုးလာသဖြင့် ၀မ်းသာနေသည်။

မိဖုရားခေါင်ကြီးသည် ပင်းပင်းကို ခေါ်ကာ စာဂိရိအဆောင်သို့ကိုယ်တိုင်ကြွချီလာသည်။

'သခင်မလေး... မိဖုရားခေါင်ကြီးကြွချီလာပြီ။ အဆောင်ရှေ့ထွက်ကြိုဖို့ပြင်ထားပါ။'

စာဂိရိ ရင်ထိတ်သွားသည်။ မိမိ၏အ၀တ်အစားများကို တချက်ပြန်စစ်ဆေးကာ အဆောင်အပြင်သို့ ထွက်ကြိုစဉ် မိဖုရားခေါင်ကြီးနှင့် ပင်းပင်း မင်းသမီးပါလာသည်ကို တွေ့လိုက်သည်။ စာဂိရိသည် မိဖုရားကြီးကို အရိုအသေပေးကာ ခရီးဦးကြိုလိုက်သည်။
'မိဖုရားခေါင်သခင်မကို စာဂိရိ အရိုအသေပြုပါတယ်။ အဆောင်တွင်းကို ကြွတော်မူပါ။'

မိဖုရားခေါင်ကြီးသည် နတ်သမီးလေးတမျှ ချောမွေ့လှပလွန်းလှသူလေးကို ချစ်ခင်ကြင်နာစွာ ဖေးမထူမပေးကာ အဆောင်ထဲဝင်လာခဲ့ပြီး မိမိနံဘေးတွင် ထိုင်စေကာ

'မယ်တော်တို့ကြားမှာ ဒီလိုတွေ လုပ်ဖို့မလိုပါဘူး သမီးတော်။ ခုဆို စာဂိရိက မယ်မယ်ရဲ့ သမီးတော် ဖြစ်နေပါပြီ။ လာပါ။ မယ်မယ့်ဘေးမှာထိုင်ပါဦး။ သမီးတော်လေးကို မယ်မယ် သေချာ ကြည့်ပါရစေဦး။ သားတော်က သမီးတော်ကို မယ်မယ့်ဆီခေါ်မလာလို့ မယ်မယ်ကိုယ်တိုင် လာကြည့်ရတာ။'

စာဂိရိသည် မိဖုရားကြီး၏ နံဘေးတွင် မ၀ံ့မရဲထိုင်ရင်း မျက်လွှာချကာ ရိုသေစွာပြောလိုက်သည်။
'သခင်မ စာဂိရိကို တွေ့ချင်ရင် အခေါ်လွှတ်လိုက်ပါ ဘုရား။ စာဂိရိ အခစားဝင်ပါ့မယ်။'
မိဖုရားကြီးသည် အပြစ်ကင်းကာ သနားစဖွယ်ရိုးသားသော မိန်းကလေးကို ကြည့်ကာ ဘာကြောင့် ထိမိုယွမ် သဲသဲလှုပ်သည်ကို နားလည်သွားသည်။ စာဂိရိသည် မြင်သူကို စိတ်နှလုံးအေးချမ်းစေ သော အလှပိုင်ရှင်လေးဖြစ်နေသောကြောင့်ပင်။ ယောက်ျားများမပြောနှင့်မိန်းမချင်းပင် မျက်နှာမြင် ချစ်ခင်ပါစေ ဆိုသောဆုနှင့် ပြည့်စုံသူလေးဖြစ်သည်။

~ ဆက်ရန်

ပန်းပွင့်သတို့သမီးHikayelerin yaşadığı yer. Şimdi keşfedin