ပန်းပွင့်သတို့သမီး
အပိုင်း (၁)
မောကိုးပြည်ထောင်ကိုစုစည်းပြီး နန်ကျောင်ပြည်ကို ထူထောင်ကာ အာရှတိုက်တွင် အင်အားကြီးနိုင်ငံ တစ်ခု ဖြစ်လာသည့် နန်ကျောင်ဘုရင် ထိမိုခန် မင်းကြီးတွင် 'ထိမိုယွမ်' ဟုခေါ်သော ထီးမွေခံ မင်းသားတစ်ပါး ရှိသည်။ ထိမိုယွမ်မင်းသားသည် အတိုင်းတိုင်းအပြည်ပြည်ထိအောင် နာမည်ဆိုးဖြင့်ကျော်ကြားသော လူဆိုးမင်းသားလေးဖြစ်သည်။ အင်အားကြီးနိုင်ငံတစ်ခုကို ဆက်ခံရမည့်သူပီပီ စိတ်ထင်တိုင်း လုပ်တတ်သော စရိုက်ကြောင့် အေးအေးဆေးဆေးနေလိုသော မင်းသား၊မင်းသမီးများက ရှောင်ကြဉ်ကြသည်။
သို့ သော် အာဏာ မက်မောသောသူများက ထိမိုယွမ်နံဘေးတွင် ၀ိုင်းဝိုင်းလည်ခစားကာ မြှောက်ပင့်ပြောဆိုပြီး ခိုင်းစေသဖြင့် ထိမိုယွမ်မင်းသားလေး၏ သတင်းသည် ပါမောက္ခဆရာကြီးထံသို့ ရောက်ရှိ သွားလေတော့သည်။ ဆရာကြီးသည် ထိမိုယွမ်မင်းသားလေး၏ အဖိုးလေးတော်စပ်သောကြောင့် ထိမိုယွမ်ကို လွှတ်မထားတော့ပဲ မိမိတပည့်များထဲမှ စိတ်အချရဆုံး အာနန်ပြည်မှ မင်းသားလေး တင်ဂီရိ နှင့်အတူတွဲထားကာ ထိမိုယွမ်ကို ကြပ်ကြပ်မတ်မတ်ပညာသင်ယူစေ၏။
ငွေတောင်မင်းသား တင်ဂီရိသည် တည်ကြည်လေးနက်ကာ စိတ်ထားဖြောင့်မှန်သူအဖြစ်ကျော်ကြားသည်။ ပညာအရာတွင်လည်း တော်ထက်ပြီး ဆရာများ၏ ချီးမွမ်းခြင်းကို ခံရသူဖြစ်သည်။ ရုပ်ရည်အားဖြင့်လည်း ခန့်ညားကာ အတိုင်းတိုင်းအပြည်ပြည်မှ မင်းသမီးများ၏ စိတ်ဝင်စားခြင်းကိုခံရသူဖြစ်သည်။ အာနန်ပြည်သည် သေးငယ်သော်လည်း စာပေအနုပညာရှင်များ ပေါများသည်။ အာနန်ပြည်ရှိ စစ်သည်တော်များသည် စစ်ရေးပရိယာယ်ကြွယ်ဝကာ ရဲစွမ်းသတ္တိနှင့်ပြည့်စုံကြသည်။နာမည်အကျော်ကြားဆုံး အချက်မှာ အာနန်ပြည် သည် မိန်းမချောပေါသောကြောင့်ဖြစ်သည်။ အာနန်ပြည်၏ မိဖုရားသည် သူ့ခေတ် သူ့ အခါတွင် ယှဉ်သူမရှိ အောင် ချောသော မိန်းမချောတစ်ဦးဖြစ်သည်။ အာနန်ပြည်မှ မိန်းကလေးများသည် နတ်မိမယ် တမျှချောလှသောကြောင့် နတ်မိမယ်တို့ တိုင်းပြည်အဖြစ်ကျော်ကြားသည်။ ထို့ အပြင် တင်ဂီရိမင်းသား၏ တစ်ဦးတည်းသောညီမတော် ပန်းသခင်မလေးကြောင့်လည်း နာမည်ကျော်ခြင်းဖြစ်သည်။
တင်ဂီရိ၏မယ်တော်သည် ပန်းသခင်မလေးကို ကိုယ်ဝန်ဆောင်စဉ် ထူးခြားသောအိပ်မက်များမက်ခြင်း၊ တိုင်းပြည်တစ်ခွင်လုံး ပန်းများထူးခြားစွာပွင့်ခြင်း၊ ဆေးပညာရှင်များက အာနန်ပြည်သို့ ပြောင်းရွှေ့ ခိုလှုံလာခြင်း စသည့် နိမိတ်များပေါ်ပေါက်ပြီး ဗေဒင်ပညာရှင်များက မွေးဖွားလာမည့်မိန်းကလေးသည် ကံကောင်းခြင်းနတ်မိမယ် ၀င်စားမည့်သူဖြစ်သည်။ ထိုမင်းသမီးလေးမွေးပြီးလျှင် တိုင်းပြည်တစ်ပြည်လုံး အေးချမ်း သာယာမည်။ စည်ပင်ဝပြောမည်။ မင်းသမီးလေး သည် စစ်မက်ဘေးကို တားဆီးပေးပြီး လူသားများ၏ ကောင်းကျိုးကိုဖြစ်ထွန်းစေမည်။ မင်းသမီးလေးကို လက်ထပ်ခွင့်ရသောသူသည် တိုင်းပြည်များစွာကိုပိုင်စိုး သည့် ဧကရာဇ်ဘုရင်ဖြစ်မည် ဟုဟောပြောခဲ့သည်။ ထိုဟောပြောချက်သည်အတိုင်းတိုင်းအပြည်ပြည်သို့ ပျံ့ နှံ့ သွားပြီး မွေးဖွားလာမည့်မင်းသမီးကို စောင့်မျှော်နေကြစဉ် နှင်းများ ဖွေးဖွေး လှုပ်အောင်ကျသည့် မနက်တွင် နှင်းကဲ့သို့ ဖြူဆွတ်သောရင်သွေးလေးကို မွေးဖွားပြီး မိဖုရားကြီး နတ်ရွာစံသွားတော့သည်။ မိဖုရားကြီးသည် ရင်သွေးလေးကို ပြုံးကြည့်ကာ ခင်ပွန်းသည် မင်းကြီးအား သမီးတော်လေးကို 'စာဂီရိဟီမယ် ' ဟုအမည်ပေးရန်မှာကြားပြီး နတ်ရွာစံ သွားခဲ့သည်။ ငွေတောင်ပြည့်ရှင်မင်းကြီးသည် သွားလေသူ မိဖုရားကြီး၏ဆန္န အတိုင်း ပန်းသခင်မလေး ဟုအမည် ပေးကာ ရင်သွေးလေးကို သမီးတော်အဖြစ်ကြေငြာကာ တပင်တိုင်မြနန်းဖြင့်မွေးမြူခဲ့လေသည်။ ပန်းကလေးကဲ့သို့ လှပသောရင်သွေးလေးသည် မိန်းကလေးမဟုတ်ပဲ ယောင်္ကျားလေးဖြစ်သည်ကို လျှို့ ဝှက်ကာ မိဖုရားကြီး ပေးထားသည့်အမည်ကိုသာမှည့်ခေါ်ခဲ့သည်။
တင်ဂီရိမင်းသားသည် လှပသောညီမတော်ကြောင့်လည်း ကျော်ကြားခြင်းဖြစ်သည်။ တင်ဂီရိသည် ဆရာကြီး၏ တိုက်ရိုက်အမိန့် ကြောင့် မလွဲသာပဲ ထိမိုယွမ်နှင့် တစ်ခန်းတည်းနေကာ အနီးကပ်စောင့်ကြပ်ရတော့သည်။ ထိမိုယွမ်သည် တင်ဂီရိ ၏ အနီးတွင်နေရသော်လည်း ခါတိုင်းလို အဆောင်မှခိုးထွက်ကာ မြို့ ထဲအပျော်အပါးရှာ ထွက်လေ့ရှိသည်။ တစ်ညတွင် ထိမိုယွမ်ခိုးထွက်စဉ် အရပ်သားများနှင့် ရန်ဖြစ်ကာ ဓါးထိုးခံခဲ့ရသည်။ တင်ဂီရိ သည် အခန်းထဲသို့ ဝင်လိုက်သည်နှင့် သွေးစက်များကိုတွေ့ ပြီး ထိမိုယွမ်ကို ဓါးဒဏ်ရာနှင့်တွေ့ သဖြင့် မိမိတတ် သောဆေးပညာဖြင့် အရေးပေါ်ကုသပေးကာ ဆရာများကို အကြောင်းကြားမည်ပြုစဉ် ထိမိုယွမ်၏ တောင်းပန် မှူကြောင့် ရေငုံနူတ်ပိတ်နေပေးခဲ့သည်။ ထိမိုယွမ်လည်း တင်ဂီရိထံ ကတိတစ်ခုပေးခဲ့ရသည်။ တပတ်မှ တခါသာ အဆောင်မှခိုးထွက်ရန် ကတိပေးလိုက်ရသည်။
တင်ဂီရိသည် ထိမိုယွမ် အပြင်မထွက်မှ ထိမိုယွမ်၏ အနှောက်အယှက်ပေးမှူကို ခံရတော့သည်။ နေ့ တိုင်း၊ ညတိုင်း ထိမိုယွမ် မအိပ်မချင်း ဂျီကျသည်ကို ခံရတော့သည်။ တင်ဂီရိသည် ဆရာကြီး၏ တောင်းဆိုချက်ကြောင့် ထိမိုယွမ်၏ ဂျီကျသည်ကို အပြုံးမပျက်ခံရှာသည်။ ကြာသော် ထိမိုယွမ်သည် တင်ဂီရိ၏ လူကြီးဆန်မှူကို လေးစားကာ နစ်နစ်ကာကာခင်မင်သွားတော့သည်။ အေးဆေးတည်ငြိမ်ကာ အမျှော်အမြင်ရှိသော တင်ဂီရိမင်းသား ကို ခင်တွယ်ပြီး တင်ဂီရိ ပြောသည့်စကားများကို အလေးအနက်ထား တတ်လာသည်။
သို့သော် ထိမိုယွမ်သည် တင်ဂီရိအမြင်တွင် အတော့်ကို ဆိုးသွမ်းကာပျက်ဆီးနေသော မင်းသားတစ်ပါး ဖြစ်သည်။ ထိမိုယွမ်သည် တဇွတ်ထိုးနိုင်ကာ ရဲစွမ်းသတ္တိနှင့်ပြည့်စုံသည်။ ထိမိုယွမ်ဘုရင်ဖြစ်လာလျှင် တိုင်ပြည်များ အေးချမ်းအောင်လုက်နိုင်သကဲ့သို့  သွေးချောင်းစီးအောင်လုပ်နိုင်မည့်သူဖြစ်သည်ကို တင်ဂီရိ ပင်ရိပ်မိကာ ခပ်ခွာခွာနေသည်။ သို့သော် တင်ဂီရိက ခွာလေ ထိမိုယွမ်က ပိုကပ်လေဖြစ်သည်။
ကျောင်းတော်ရှိ မိန်းကလေးများ အချောအလှမှန်လျှင် ထိမိုယွမ် မတွဲဖူးသူမရှိတော့ပေ။ မိန်းမကျမ်းကြေလွန်း သော ထိမိုယွမ်ကို တင်ဂီရိ သိပ်ကြည့်လို့ မရတော့ပေ။ အချစ်ကို ဆော့ကစားကာ ပျင်းလာလျှင်စွန့်ပစ်တတ် သောအကျင့်ကိုတော့ တင်ဂီရိ အတော်ရွံမိသည်။ အားနွဲ့ သောမိန်းကလေးများကို မိမိတို့ မှ မညှာလျှင် မည်သူ ညှာတော့မလဲဟုတွေးကာ တင်ဂီရိသည် မိန်းကလေးများကို မိမိနှမကဲသို့ ဆက်ဆံတတ်သဖြင့် ကျောင်းတော်မှ မိန်းကလေးများက တင်ဂီရိကို လေးစားချစ်ခင်ကာ ထိမိုယွမ်အား ရွံကြောက်ကြီးဖြစ်ကြသည်။
ထိမိုယွမ်သည် ကျောင်းပိတ်သည်နှင့် မိမိတိုင်းပြည်သို့ ချက်ချင်းမပြန်ချင်သေးသောကြောင့် တင်ဂီရိအား တောင်းဆို၏။
'နောင်တော့်တိုင်းပြည်ကို လိုက်လည်ပါရစေ'
တင်ဂီရိ မျက်ခုံးပင့်သွားသည်အထိအံ့အားသင့်သွား၏။
'ကိုယ့်တိုင်းပြည်က သေးသေးလေး။ ဘာမှမရှိဘူး။ ပျင်းစရာကောင်းတယ်။'
ထိမိုယွမ်သည် ပြုံးရယ်ကာ ဇွတ်ပြော၏။
'ဘာပဲဖြစ်ဖြစ် နောင်တော့်တိုင်းပြည်ဖြစ်လို့ကို လိုက်လည်ချင်တယ်။ ကျွန်တော် အဖိုးလေးကိုပြောပြီးပြီ။ ခမည်းတော်ဆီလည်း ခွင့်တောင်းပြီးပြီ။ ခမည်းတော်တောင် လက်ဆောင်တွေပို့ ပေးလိုက်ပြီ။ တရားဝင် သံတမန် အလည်အပတ်ခရီးအဖြစ်သွားခိုင်းတယ်။ '
တင်ဂီရိသည် ထိမိုယွမ်ကို စိုက်ကြည့်ကာ
'မင်းက ကိုယ့်ကို ခွင့်တောင်းတာမှ မဟုတ်ပဲ အသိပေးတာကိုး.... ကိုယ်မခေါ်လဲ မင်းလိုက်မှာပဲ မဟုတ်လား'
'နောင်တော်ငြင်းလို့ မရအောင်ပါ ...နောင်တော်တို့ တိုင်းပြည်မှာ မိန်းမလှလေးတွေ ပေါတယ်ဆိုလို့ စိတ်ဝင်စားပြီး လိုက်ချင်တာ....'
တင်ဂီရိ ရင်ထိတ်သွားသော်လည်း ဟန်မပျက်ပြုံးရယ်ကာ
' နန်ကျောင်ပြည်သူလောက် ဘယ်ချောနိုင်ပါ့မလဲကွာ....ညီတော်က နောက်နေပါပြီ... ကောင်းပြီလေ... ကိုယ် ဖခမည်းတော်ကို ကြိုတင်အကြောင်းကြားထားပါ့မယ်..... '
တင်ဂီရိထံမှ စကားကိုကြားသောအခါမှ ထိမိုယွမ် ကျေနပ်စွာဖြင့် အပြင်သို့ ထွက်လာ၏။ တကယ်တော့ မိမိက သူငယ်ချင်းများနှင့် အလောင်းအစားလုပ်ထားခြင်းဖြစ်သည်။ အနေထိုင်တည်ကြည်သလောက်ခန့်ညားသော အာနန်မင်းသားတွင် မြင်သူငေးရလောက်သော ညီမ တစ်ဦးရှိသည်ကို ထိမိုယွမ်က ရအောင်လိုက်နိုင်၊မလိုက် နိုင်သည်ကို မွန်ဂိုမင်းသား၊ပါရှားမင်းသားတို့နှင့် အလောင်းအစားပြုထားခြင်းဖြစ်သည်။
ပန်းသခင်မလေးကို တပင်တိုင်နန်းဆောင်တွင် မိန်းမဖော်များနှင့် စနစ်တကျ ထားရှိပြီး ယင်ဖိုပင်မသန်းဖူးသည့်  အပြစ်ကင်းစင်လှသည့် မင်းသမီးလေးကို ထိမိုယွမ်က ရအောင်ယူနိုင်လျှင် ထိမိုယွမ် ခို်င်းသမျှကို လုပ်ပေးရမည် ၊ ထိမိုယွမ်က ရအောင်မလိုက်နိုင်လျှင် ရွှေစင်တစ်သောင်းပေးမည်ဟု ကတိပြုထားခြင်းဖြစ်သည်။
ထိမိုယွမ်သည် ခမည်းတော်ပေးလိုက်သည့် လက်ဆောင်များကို ယူဆောင်ကာ တင်ဂီရီ နှင့် အာနန်ပြည်သို့ လိုက်ပါလာခဲ့သည်။ မွန်ဂို နှင့် ပါရှားမင်းသားတို့လည်း အလည်လိုက်လာကြ၏။
အာနန်မင်းသားသည် လူရှုပ်မင်းသားများလိုက်ပါလာမည်ဖြစ်သောကြောင့် ညီမတော်စာဂိရီ အား လုံခြုံရေး အထူးချထားရန် ခမည်းတော်ကို ကြိုတင်အကြောင်းကြားထားပြီးဖြစ်သည်။ မိမိတိုင်းပြည်၏လျှို့ ဝှက်ချက်များ မပေါ်စေရန် အထူးကရုစိုက်ရမည်။
မိန်းကလေးလို နေရသော ညီလေးကိုလည်းသနားသည်။ အသက်တဆယ့်ငါးနှစ်ပြည့်လျှင် အကြောင်းတစ်ခုခုပြ ကာ ယောက်ျားလေးဘ၀ကို ပြန်ပေးရန် တင်ဂီရိ ဆုံးဖြတ်ထား၏။ အစွဲအလန်းကြီးသော ခမည်းတော်နှင့် တိုင်းသူပြည်သားများကြောင့် ဘ၀မှန်အတိုင်း လွတ်လပ်စွာနေခွင့် မရသော ညီလေးကို သနားသည်။ မိမိ ထီးနန်း ဆက်ခံပြီးလျှင် ညီတော်လေးကို ဘ၀မှန်ပြန်ပေးရန် ဆုံးဖြတ်ထားသည်။ ထို့ ကြောင့် ထိမိုယွမ် တို့အဖွဲ့ နှင့် ဟီမယ် ကို လုံးဝ အတွေ့ ခံလို့မဖြစ်ပေ။
ညီလေးကို မိန်ကလေးထင်ပြီး စွဲလန်းသွားလျှင်ခက်ပေမည်။ မိမိအစီအစဉ် ပျက်လို့ မဖြစ်ပေ။
အာနန် တပင်တိုင်နန်းဆောင်ရှိ ပန်းသခင်မလေး ဟီမယ် သည် အကိုတော်ပြန်လာမည်ဟုကြားသောကြောင့် ၀မ်းသာစွာစောင့်မျှော်နေစဉ် အထိန်းတော်ကြီး တိုခီဝါ သယ်ဆောင်လာသောသတင်းကြောင့် စိတ်ပျက်သွား၏
'တော်ကြီးဘုရားက အိမ်ရှေ့ စံကိုယ်တော်လေးရဲ့  သူငယ်ချင်းတွေ လိုက်ပါလာမှာဖြစ်လို့ သခင်မလေးကို အဆောင်ထဲကနေ မထွက်ဖို့ မှာကြားလိုက်ကြောင်းပါ။'
ဟီမယ်သည် အထိန်းတော်ကြီး၏ စကားကြောင့် အလိုမကျစွာဖြင့် မျက်မှောင်ကြုတ်ကာ
'ဟင် ..... အကိုတော်က ဒီတစ်ခါပြန်လာရင် အပြင်ထွက်ခွင့်ပြုမယ်လို့ပြောထားတာ.... အခုက ဘယ်လိုကြောင့် ပြောင်းသွားတာလဲ ..... ဒီလိုမျိုး အကျဉ်းသားလို ထပ်မနေချင်တော့ဘူး အထိန်းတော်ကြီး......'
တိုခီဝါသည် ယောက်ျားလေးတန်မယ့် နတ်သမီးလေးတမျှ ချောလှလွန်းသော သခင်လေးကို ကြင်နာစွာဖြင့် ထွေးပွေ့ ကာချော့၏
'သခင်မလေးရယ်.... ကိုယ်တော်လေးက ကတိကို မဖျက်ပါဘူး။ တခြားတိုင်းပြည်က မင်းသားတွေပါလာလို့ အချိန်ခဏရွှေ့ လိုက်တာပါ။ သခင်မလေးကို အဆောင်ထဲပိတ်လှောင်မထားပဲ ပြည်သူကြား လွတ်လပ်စွာ သွား လို့ရအောင် လုပ်ပေးဖို့ တော်ကြီး ဘုရားဆီတောင်းဆိုထားပါတယ်။'
ဟီမယ်သည် ပြတင်းပေါက်ဘောင်ပေါ်တွင်လက်ထောက်ကာ အပြာရောင်မိုးကောင်းကင်ကို မော့ကြည့်ပြီး
ကျယ်ပြောလှသောမြက်ခင်းလွင်ပြင်တွင် လွတ်လပ်စွာ မြင်းစီးနေသည်ကို စိတ်ကူးယဉ်ကာ သက်ပြင်းချမိသည်။
ငယ်စဉ်ကတည်းက မိမိက မိန်းကလေးကဲ့သို့ ဟန်ဆောင်နေရသော ဘ၀ကို စိတ်ကုန်လှပြီ။ မိမိကို ချစ်သော အကိုတော်ကို ငိုယိုကာ တောင်းပန်သောကြောင့် အသက်တဆယ့်ငါးနှစ်ပြည့်ပြီးလျှင် ယောက်ျားလေးလိုနေရ အောင် ဆောင်ရွက်ပေးမည် ဟု အကိုတော်က ကတိပေးခဲ့သည်။ ယခု ကျောင်းမှပြန်လာလျှင် မြင်းစီးသင်ပေး မည်ဟုပြောသဖြင့် ဟီမယ် မျှော်လင့်စောင့်စားနေစဉ် အဆောင်ထဲမှ မထွက်ရန် အမိန့် ထွက်လာသဖြင့် ငိုချင်သွား၏။
'အကိုတော်ရဲ့ သူငယ်ချင်းတွေက ဘယ်လောက်ကြာမှာလဲဟင်....'
'မကြာလောက်ပါဘူး ... သခင်မလေးရယ်... ခဏသည်းခံလိုက်ပါကွယ်.... ဒီဘ၀က ကျွတ်တော့မှာပါ.....'
တိုခီဝါသည် သခင်လေး စာဂိရိ ကို ကြင်နာစွာ ကြည့်ကာချော့လိုက်သည်။ ယခု လာမည့်မင်းသားသည် မိန်းကလေးနှင့်ပတ်သတ်လျှင် အလွန်နာမည်ပျက်သောမင်းသားများဖြစ်သည့်အပြင် အင်အားကြီးသော နန်ကျောင်မင်းသားဖြစ်သဖြင့် ဘယ်လိုပဲဖြစ်ဖြစ် သခင်မလေး၏ မျက်နှာကို ပေးတွေ့ လို့ မဖြစ်ပေ။
နန်ကျောင်မင်းသားထိမိုယွမ်သည် အလွန်မြာပွေကာ နန်ကျောင်နန်းတွင်းတွင် သူနှင့် မရှူပ်ဖူးသောမိဖုရား မရှိဟုပင် သတင်းမွှေးသူဖြစ်သည်။ ထိမိုယွမ် ငယ်စဉ်ကတည်းက မိခင်မိဖုရားကြီး နတ်ရွာစံပြီးနောက် မိထွေးအဆက်ဆက်လက်တွင် ကြီးပြင်းလာပြီး ဆိုးသွမ်းကာ မိန်းမကိစ္စ္စနာမည်ပျက်လှသူဖြစ်သည်။
ခန်မင်းကြီးသည် သားတော်နှင့် ညှိစွန်းသော မိဖုရားများကို သေဒဏ်ပေးပြီး သားတော်ကို အလိုလိုက်ထား၏
ယခုလည်း အာနန်ပြည်ကို လိုက်လာသည်မှာ သခင်မလေးကြောင့်ဖြစ်ရမည်။ ထို့ကြောင့် သခင်လေးက ကြိုတင် မှာကြားခြင်းဖြစ်သည်။
တိုခီဝါသည် မွေးကင်းစလေးမှ မိမိရင်သွေးလို ပြုစုလာသော သခင်မလေးကို ချစ်ခင်စွာကြည့်က လာသမျှဘေး မှ ကာကွယ်ရန် စိတ်ပိုင်းဖြတ်လိုက်သည်။ အာနန်ပြည်သူများ၏ စိတ်အစွဲလန်းကြောင့် သားတော်လေးကို သမီး တော်လေးဟု ကြေငြာကာ ပြည်သူများ၏ စိတ်လုံခြုံမှူကို ပေးခဲ့သော မင်းကြီး၏ အမျှော်အမြင်ကြီးမှူကို လည်း
လေးစားသည်။ တိုင်းသူပြည်သားများကိုငဲ့သောကြောင့် ဒုတိယမင်းသားလေးသည် မင်းသမီးလေးတစ်ပါးလို တပင်တိုင်မြနန်းတွင်ပိတ်လှောင်နေရပြီး နေ့ စဉ် မိမိနှင့်သာ အချိန်ကုန်ရသည်။
တခြားလူငယ်လေးများ လွတ်လပ်စွာ မြင်းစီး၊ ဓါးခုတ်၊လှံထိုး သင်နေချိန်တွင် စာဂီရီမင်းသားလေးသည် မိန်းကလေးလို အိမ်တွင်းအောင်းကာ ကဗျာစာပေများဖတ်ရှူကာ ပန်းထိုးခြင်း၊ ပန်းချီဆွဲခြင်း တို့ ကိုသာ လုပ်နေ
ရသည်။
တခြားလူငယ်လေးများ တိုင်းတပါးတွင် ပညာသင်နေချိန်တွင် စာဂီရီမင်းသားလေးက တိုင်းပြည်မှ ကိုးကွယ် သော ကံကောင်းခြင်းနတ်သမီးလေး အဖြစ် နန်းဆောင်ထဲတွင် နေခြင်း၊ တိုင်းပြည်၏ ပွဲလမ်းသဘင်တွင် မျက်နှာပြကာ ဦးဆောင်ကျင်းပပေး နေရသည်။
စိတ်ထားကောင်းကာ ဖြူစင်လွန်းလှသော သခင်လေး ကိုကြည့်ကာ ယောက်ျားလေးတစ်ဦးက ဒီလောက် ချောမောလွန်းသောအခါ အချစ်ရေး၊ အိမ်ထောင်ရေး ကံဆိုးမှာကို စိုးရိမ်ရသည်။ သေချာတာတစ်ခုကတော့ သခင်လေး ယောကျာ်းဘ၀ပြန်ရပြီး နောင်လက်ထပ်သောအခါ သခင်လေး၏ မိဖုရားသည် သခင်လေးလောက် ချောမည်မဟုတ်ပေ။
တိုခီဝါသည် ခွေးလေးနှင့်ဆော့ကစားနေသော သခင်လေးကို ကြည့်ကာ ကြည်နူးစွာပြုံနေမိသည်။ အကယ်၍ မကြာခင် လာလတ္တံ သော အကြောင်းအရာကိုသာ ကြိုသိပါက သခင်လေးကို ခေါ်ပြီး တိုင်းပြည်မှ ထွက်ပြေးမိ ပေလိမ့်မည်။
မုန်တိုင်းတစ်ခုပမာ ကြမ်းကြမ်းရမ်းရမ်းနေပြီး ခပ်ကြမ်းကြမ်းချစ်တတ်သော မဟာအင်အားကြီးနိုင်ငံမှ ထိမိုယွမ် မင်းသားလေးသည် စာဂီရိ မင်းသားလေးကို တကယ့်ကို နှစ်နှစ်ကာကာချစ်ကာ အတင်းလက်ထပ်ယူမည်ကိုသာ ကြိုသိခဲ့လျှင် .........
ယခုတော့ တိုခီဝါလည်း ဘာမှကြိုမသိသောကြောင့် ဒုတိယမင်းသားလေးကို အဖော်ပြုကာ နန်းဆောင်တွင် အေးချမ်းစွာ ရှိနေသည်။
ထိမိုယွမ်
ထိမိုယွမ်သည် တင်ဂီရိ နှင့်အတူ အာနန်နေပြည်တော်သို့ ရောက်လာခဲ့သည်။ မိမိတို့ နန်ကျောင်ပြည်နှင့်
ယှဉ်လျှင် သေးငယ်ပြီး ရှူပ်ထွေးမှူကင်းသည်ဟုဆိုရမည်။ သို့သော် အင်မတန်ကို လှပသော ရေတံခွန်များ၊ အမဲလိုက်လို့ကောင်းသော မြက်ခင်းပြင်များ၊ လတ်ဆတ်သော ပင်လယ်စာများပေါများခြင်း၊ တိုင်းတပါးသားများ နှင့်ကုန်သွယ်ရေး ပင်လယ်ဆိပ်ကမ်းများကို ပိုင်ဆိုင်ထားခြင်းကြောင့် အာနန်ပြည်သည်လည်း ကြွယ်ဝသော တိုင်းပြည်ထဲတွင်ပါသည်။ ထို့ပြင် အာနန်ပြည်သားများသည် မြင်းစီး၊လေးပစ်ကျွမ်းကျင်လွန်းလှသည်။ တကယ်လည်း အာနန်ပြည်သူများသည် အသားဖြူစင်ကာ အရပ်မြင့်မြင့်နှင့် မိုးမခပင်ပျိုများပမာ ချောမောလှပ လွန်းလှသည်။
အာနန်မင်းကြီး သည် ထိမိုယွမ်ကို လက်ခံတွေ့ ဆုံပြီး ဖော်ရွေစွာနူတ်ဆက်စကားပြောကြားသည်။ ထို့ နောက် အလိုရှိသလောက် နန်းဆောင်တွင် တည်းခိုနိုင်ကြောင်း ပြောကာ ထိမိုယွမ် နှင့် သူငယ်ချင်းတစ်စုကို အလယ်နန်းဆောင်တွင်နေရာချထားပေး၏။
တင်ဂီရိသည် ထိမိုယွမ်နှင့် အပေါင်းအပါများကို နန်းဆောင်သို့ လိုက်ပို့ ပြီး နန်းတွင်းသူအချောအလှများစွာကို ပြုစုရန်မှာကြားကာ ညနေဧည့်ခံပွဲအချိန်ကို ပြောကြားကာ မိမိနန်းဆောင်သို့ ပြန်သွား၏။
ထိမိုယွမ် နှင့် သူငယ်ချင်းများသည် နန်းတွင်းသူများပြုစုပေးသည်ကို ခံယူပြီး အမွှေးနံ့ သာရည်ဖြင့် ရေချိုးကာ ဇိမ်ယူနေကြသည်။ နန်းတွင်းသူများသည်လည်းချောမောလှပကာ ယောက်ျားအထာကို ကျွမ်းကျင်လှသည်။
ထိမိုယွမ်သည် လိုသည်ထက်ပိုပြီး ဧည့်ဝတ်ကျေပွန်သော အာနန်နန်းတွင်းကြောင့် တစ်စုံတစ်ခုကို ဖုံးကွယ်ထား သည်ဟုခံစားရသည်။ ပန်းသခင်မလေးကို မိမိတို့ အာရုံမရောက်စေရန် စီစဉ်ထားသည်ဟု ထင်သည်။ ထို့ကြောင့် ထိမိုယွမ် တိတ်တခိုးပြုံးမိသည်။ အာနန်မင်းသားက မိမိတို့ ရန်မှ ညီမကို ကာကွယ်ထားပုံရသည်။ မည်မျှကာကွယ်ထားပါစေ ပန်းသခင်မလေးကို မိမိမရ ရအောင်တွေ့ ကာ သူမအချစ်ကို ရအောင်ယူရမည်။ မိမိ တစ်ဘ၀စာ အတွေ့ အကြုံဝယ် သူမလေး မိန်းမူးသွားစေရမည်။ တင်ဂီရိ ကို မိမိ ခင်မင်စိတ်လည်းရှိသဖြင့် သူ့ညီမ ကို အပျော်မကြံပဲ တကယ်ချောလှလျှင် အတည်ကြံမည်ဟုတွေးထား၏။
ထို့ ကြောင့် အပျိုတော်များကို စကားပြောရင်း ပန်းသခင်မလေးအကြောင်းကို မသိမသာအစ်အောက်မေး ကြည့်သည်။
'သခင်မလေးကို ကျွန်တော်မျိုးမတို့ အနီးကပ် မမြင်ဖူးပါဘူးရှင့်...'
'မဖြစ်နိုင်တာ ..... မင်းတို့ မင်းသမီးကို မတွေ့ ဖုးဘူးဆိုတော့ .......'
ထိမိုယွမ် မယုံကြည်စွာပြောလိုက်သည်။
'သခင်မလေးက တပင်တို်င်နန်းဆောင်မှာ နေတာဆိုတော့ ကျွန်တော်မျိုးမတို့ လိုအခြွေရံက အနီးကပ်မတွေ့ ဖူးပါဘူးရှင်.....'
'နန်းတွင်းထဲမှာ မင်းသမီးလေးက သွားလာမှူမရှိဘူးလား ....'
'မရှိပါဘူးရှင့် .....'
ထိမိုယွမ် မျက်ခုံးနှစ်ဖက်ပင့်သွားသည်။ တင်ဂီရိသည် ညီမတော်ကို အတော့်ကို လုံခြုံစွာသိမ်းထားသည့်
သဘောဖြစ်ရမည်။
'တပင်တိုင်နန်းဆောင်မှာ မင်းသမီးကို မခစားရဘူးလား....'
'တပင်တိုင်နန်းဆောင်အတွက် အပျိုတော်က သီးသန့်ရွေးချယ်ခန့်အပ်တာပါရှင် ..... အတော်ဆုံးအပျိုတော်မှ တပင်တိုင်နန်းဆောင်မှာ အမှူထမ်းရတာပါရှင်....'
ထိမိုယွမ်သည် စည်းကမ်းကြီးကာ လိုသည်ထက်ပိုပြီး မင်းသမီး တစ်ပါးကိုသိမ်းဆည်းထားသည်ကို အံ့အားသင့် နေမိသည်။ မိမိတို့ တိုင်းပြည်နှင့် ဓလေ့ထုံးစံ မတူသောကြောင့်ပေလား ..... ။
မိမိတို့ကို ပြုစုသည့် နန်းတွင်းသူများကတော့ လက်ဖျားခါရလောက်အောင် တော်ပါပေသည်။ ထိမိုယွမ်လို မိန်းမ ကျမ်းကျေသူမှသာ နန်းတွင်းသူများ၏ မာယာအောက်မှ ရုန်းထွက်နိုင်ပေလိမ့်မည်။ မွန်ဂိုမင်းသား၊ပါရှားမင်းသား တို့ကတော့ မိမိတို့လောင်းထားသည်ကိုပင် မေ့ကာ အာနန်လှပျိုဖြူများ၏ ရင်ခွင်တွင်မိန်းမောနေကြလေပြီ။
တကယ်တော့ မိန်းကလေးများသည် လှပသော်လည်း တခဏတာသာ ပျော်ဖို့ကောင်းသည်။ လှပသည်။ ခွန်အားနည်းသည်။ ပျော့ညံ့သည်။ မနာလိုစိတ်များသည်။ ပြီးတော့ သစ္စာမဲ့တတ်သည်။ ခမည်းတော်၏ ကိုယ်လုပ်တော်များ ၊မိဖုရားများ အတော်များများကို မိမိရအောင် လိုက်ခဲ့ဖူးသည်။ ရလည်းရခဲ့သည်။ ဂုဏ်ကြောင့် အဖေအရွယ်ကြီးကို လင်လုပ်ကာ တဖက်မှ မိမိတို့လို ငယ်ရွယ်သောသူများနှင့် အပျော်ကျူးလေ့ ရှိသော မိဖုရားများစွာနှင့် ကြုံပြီးနောက် ထိမိုယွမ် မိန်းမများကို စိတ်ဆန္န ဖြေဖျောက်ရာတွင်သာ အသုံးပြုလေ့ရှိ သည်။
ထို့ကြောင့် နန်ကျောင်နန်းတွင်းတွင်လည်း ခမည်းတော်ဆန္နနှင့် ဆန့်ကျင်ပြီး မိဖုရားမမြှောက်ပဲ ဆောင်ကြာမြိုင် များ၊ မိဖုရားများ၊ အပျိုတော်များနှင့်သာ ဇာတ်လမ်းရှူပ်နေခဲ့သည်။
မိမိအာနန်ပြည်သို့လာလည်မည်ဟုကြားသော် ခမည်းတော်က လက်ဆောင်များစွာပေးလွှတ်လိုက်ကတည်းက အာနန်မင်းသမီး၏ အလှဂုဏ်သတင်းကိုကြားပြီး မိမိအတွက် မိဖုရား အဖြစ်ရည်မှန်းပုံရသည်ကို တွေးကာ ထိမိုယွမ်တိတ်တခိုးပြုံးမိသည်။
သတင်းကြီးသည့် မင်းသမီးလေးကို လောင်းကစားပွဲတွင် အနိုင်ရရုံကလွဲပြီး စိတ်မ၀င်စားပါ။ တကယ်လို့ မိမိ မိဖုရားမြှောက်ြဖစ်လျှင် သူ့အကို တင်ဂီရီ ကို ခင်မင်သောကြောင့်သာ လက်ထပ်ဖြစ်မည်ထင်သည်။ ဒါကလည်း မိမိဘက်က တင်ဂီရိကို အကိုရင်းပမာ ခင်မင်သောကြောင့်ပင်ဖြစ်ပါလိမ့်မည်။
ထိမိုယွမ် တို့သူငယ်ချင်းတစ်သိုက်သည် ဂုဏ်ပြုညစာ စားပွဲတွင် အက၊အလှများကို ရှူစားရင်း နာမည်ကြီး အာနန် စပျစ်အရက်ကို သောက်ကာ ပျော်နေကြသည်။ ထင်သည့်အတိုင်း အာနန်မင်းသမီးကို ညစာစားပွဲတွင် မတွေ့ ရပါ။
ထိမိုယွမ်သည် တင်ဂီရိအား အရက်ငဲ့ပေးရင်း အမှတ်တမဲ့မေးလိုက်သည်။
'နောင်တော် ....... နောင်တော်ရဲ့ ညီမတော်ကို ဘာကြောင့် ညစာစားပွဲကို မတက်တာလဲ ......'
တင်ဂီရိသည် ထိမိုယွမ်ကို ခပ်တည်တည်ကြည့်ကာ
'ညီမတော်လေးက သိပ်ငယ်သေးတယ် ညီတော် ... ဒါကြောင့် သူ့ကို တက်ခွင့်မပြုတာပါ။ ...'
'မင်းသမီးလေးက အသက်ဘယ်လောက်ရှိပြီလဲ နောင်တော် ...'
'ဆယ့်လေးနှစ်ပြည့်ပြီးစသာ ရှိပါသေးတယ် ညီတော် .... နောက် ကြုံမှ ညီတော်တို့နဲ့ မိတ်ဆက်ပေးပါ့မယ်..'
ထိမိုယွမ် အလိုက်တသိ စကားလမ်းကြောင်းပြောင်းလိုက်သည်။ မိမိထင်သည့်အတိုင်းပင်။ တင်ဂီရိသည် မင်းသမီးလေးကို မိမိတို့နှင့် မတွေ့ ဆုံရန် စီစဉ်ထားသည်။ သို့သော် ထိမိုယွမ် မလောပါ။ ခက်ခဲလေ မိမိ ပိုစိတ်ဝင်စားလေ ဖြစ်သည်။
နောက်ရက်များတွင် ထိမိုယွမ်တို့ အဖွဲ့ သည် လွင်ပြင်များတွင် အမဲလိုက်ကြသည်။ ပင်လယ်တွင် ငါးဖမ်းထွက် ကြသည်။ ညတိုင်း နန်းတော်ထဲရှိ ကပွဲတွင် သောက်ကြစားကြသည်။
....................................................x...................................x.......................
~ ဆက်ရန်