" Taeyeon ... Taeyeon ... ! "
အိမ်ရှေ့မှာ ဖိနပ်ချွတ်နေရင်းသူ့နာမည်ကို Tiffany အော်ခေါ်နေမိသည် ။
မရောက်လောက်သေးဘူး ဆိုသည့်အတွေးကခေါင်းထဲကိုဝင်လာတာကြောင့် Tiffany စိတ်ရှုပ်စွာနဲ့ ဆံပင်တို့ကိုဖွလိုက်မိသည် ။
မီးတွေလည်းပိတ်ထားပြီး မှောင်မဲနေတဲ့အိမ်ကြောင့် Tiffany ပို၍စိတ်ညစ်သွားပြီး မီးခလုတ်ကို လှမ်းဖွင့်သည် ။
အိမ်ထဲကို အားအင်ပြတ်စွာပဲ ခြေထောက်တို့ကိုသယ်လာရင်းနဲ့ အိပ်ခန်းထဲဝင်ပြီး ကုတင်ပေါ်ပစ်လှဲလိုက်ကာ မျက်လုံးတို့ကိုခဏမှိတ်မိသည် ။
အမောဖြေပြီးတာနဲ့ ရေချိုးဖို့ပြင်နေတော့တောင် သူကရောက်မလာသေးတာကြောင့် Tiffany မနေနိုင်တော့ပဲ တဘက်လေးကိုရင်မှာစည်းထားရင်းက သူ့ကိုဖုန်းခေါ်သည် ။
ဖုန်းတတီတီမြည်သံနဲ့အတူ တော်တော်ကြာမှ ဖုန်းကိုင်တာကြောင့် Tiffany မျက်မှောင်တို့ကို ကျုံ့မိသည် ။
" Hello ... Fany ... ပြောလေ ... "
သူ့ရဲ့အသံချိုချိုလေးကနားထဲစီးဝင်သွားပေမယ့် မကျေနပ်ချက်နဲ့အတူ အပြစ်မရှိသလို သူ့ပုံစံကြောင့် Tiffany မကျေမချမ်းဖြစ်သွားသည် ။
" ဟက်ခ် ... ပြောလေတဲ့ ... ဘယ်နှစ်နာရီရှိနေပြီလဲ ? ကလေးမ ... ! မင်းပဲလာမကြိုနဲ့ဆိုလို့ လာမကြိုတာ ... ဘာလို့အခုထိအိမ်ပြန်မလာသေးတာလဲ ? "
ပေါက်ပေါက်ဖောက်သလို တတွတ်တွတ်ထွက်လာတဲ့ Tiffany ရဲ့စကားတွေကို Taeyeon ငြိမ်ကုပ်ပြီး နားထောင်နေမိသည် ။
" ငါတောင်းပန်ပါတယ် ... သိတဲ့အတိုင်း Fany ရာ ... အလုပ်တွေများနေလို့ ... "
Tiffany စကားဆုံးမှ လေသံပျော့ပျော့လေးနဲ့တောင်းပန်လာတဲ့ Taeyeon အသံလေးကြောင့် Tiffany ဒေါသတို့ပို၍ မီးမြှိုက်လိုက်သလိုဖြစ်သွားသည် ။
" အလုပ် ... အလုပ် ... ! အမြဲတမ်းအဲ့ဒါပဲကြားနေရတာ ... နည်းနည်းတော့ ခွဲခြားမှပေါ့ဟ ... နင်အစကတည်းက အလုပ်နဲ့လက်ထပ်ခဲ့ပါလား ? ဘာလို့ငါနဲ့လက်ထပ်ခဲ့သေးလဲ ... ? "
သူ့ရဲ့ဒေါသထွက်နေဟန်စကားလုံးတွေကြောင့် Taeyeon မျက်နှာဖြူစုတ်သွားမိသည် ။
