၁၀ နှစ် … ၁၀ နှစ်ဆိုသည့်အတိုင်းအတာသည် လူတစ်ယောက်၏ဘဝကိုတစ်ဆစ်ချိုးပြောင်းလဲစေနိုင်သည် ။ တစ်ခါက ၁၈ နှစ်အရွယ် မိန်းကလေးတစ်ယောက်သည် ၂၈ နှစ်အရွယ်တွင် ရင့်ကျက်တည်ငြိမ်သော မိန်းမပျိုတစ်ဦးအသွင် ပြောင်းလဲခဲ့ပြီ ။
ဒီအတောအတွင်းသူ့ကို သတိရလွန်း၍ ဖုန်းဆက်ရန်တွေးမိသော်လည်း အချိန်ကွာဟမှုကြောင့် သူအိပ်ရေးပျက်သွားမှာစိုး၍ မဆက်ဖြစ် ။ သူ့ဘက်ကလည်း ဆက်သွယ်လာသည့်ရက်တွေက တစ်လတစ်ခါခန့်သာရှိသည် ။ ဟုတ်မှာပေါ့ ။ သူကလည်းအပန်းဖြေခရီးထွက်သွားတာမှ မဟုတ်ပဲ ။ သူ့မှာလည်း အလုပ်တွေရှိမှာပဲလေ ။
တစ်ခါတစ်လေ သူ့အထိအတွေ့တွေ ချော့မြူမှုတွေကို လွမ်းဆွတ်မိတိုင်း မျက်ရည်တို့ကျဆင်းခဲ့ရသည် ။ သို့သော် အချိန်ကသာ ကုစားပေးသွားပြီး ရင့်ကျက်လာတာနဲ့အမျှ ခံစားနိုင်စွမ်းရှိလာသည် ။ Hee Chul နဲ့စေ့စပ်မှုကိုဖျက်သိမ်းလိုက်တာကြောင့် မိသားစုနှစ်စုကြား ကတောက်ကဆဖြစ်ခဲ့ရပေမယ့် မကြာမီပြန်ပြေလည်သွားခဲ့သည် ။
ကိုယ်စိတ်မဝင်စားသည့်အလုပ်တစ်ခုကို လုပ်ကိုင်ရတာ ဘဝမှာအပင်ပန်းဆုံးကိစ္စဖြစ်သည် ။ ဒါကြောင့် ကျောင်းပြီးသွား၍ စီးပွားရေးလောကထဲစဝင်တဲ့အချိန်မှာ Taeyeon အရမ်းပင်ပန်းခဲ့ရ၍ လက်လျော့ချင်စိတ်တွေ များစွာဝင်ခဲ့မိသည် ။ ထိုအရာတွေကို ကြံ့ကြံ့ခိုင်ပြီး နေထိုင်လာခဲ့သည်မှာ သူမအရေထူနေပြီ ။ ဖခင်က Company ကို အစ်ကိုနဲ့သူမကို လွှဲအပ်ခဲ့တာကြောင့် သူမပုခုံးကတာဝန်က ပိုပိုကြီးလာသည်လေ ။
ထိုဒုက္ခတွေဖြတ်ကျော်ပြီးနောက်ပိုင်းမှာ မျှော်လင့်ခဲ့ရတဲ့နေ့ကိုရောက်လာပြီလေ ။ Tiffany သူမကို အကြောင်းကြားထားတာကြောင့် ထိုင်မရထမရဖြစ်နေမိသည် ။ဒီအတောအတွင်း Tiffany ရဲ့အိမ်လေးကိုမကြာခဏဆိုသလို သွားဖြစ်ခဲ့သည် ။ပင်ပန်းလွန်းတဲ့နေ့ရက်တွေမှာ ထိုအိမ်လေးနဲ့ပဲ Taeyeon အဖော်ပြုအိပ်စက်ခဲ့သည် ။ အခုလည်း Tiffany လာမယ်ဆိုတော့ Taeyeon သူ့အိမ်မှာပဲ စောင့်နေဖို့တွေးမိသည် ။ သူက အလုပ်ရှိသေး၍ လာမကြိုပါနဲ့ဟု ပြောထား၍ သူ့အိမ်ကိုသာ သူမကားကိုဦးတည်လိုက်သည် ။