စွန်တကောင်သာ ဖြစ်ခဲ့ရင်
***********************ညနေ ၄ နာရီ .........
များပြားတဲ့လူတွေ ပြန်ကုန်ကြပေမယ့် ...... မောင်နှမတွေနဲ့ ဆွေမျိုးသားချင်းတွေကတော့ အိမ်မှာရှိနေကြတုန်းပဲ ......
ဒီနေ့က အမေ့ရဲ့ခန္ဓာကိုယ်ကို နောက်ဆုံးအနေနဲ့မြင်ခွင့်ရတဲ့နေ့... အမနဲ့ညီမတွေ နောက်ဆုံး အကို ကပါအသည်းအသန်ငိုနေပေမယ့် ကျွန်မကတော့ မငိုမိခဲ့ပါဘူး ......ဒါကလည်း ကျွန်မ အမေ့ကို မချစ်လို့မဟုတ်ဘူး ...... သေဆုံးခြင်းဟာ အဆန်းတကျယ်မဟုတ်ဘူး လို့တွေးမိတဲ့အခါ ငိုဖို့ရှက်ရွံ့မိခြင်းသာ ......"အထွေး ......... ထမင်းစားပါလား မနက်ကတည်းက ဘာမှမစားရသေးဘူးလေ "
အမေ့ရဲ့ ညီမ အငယ်ဆုံး က ကျွန်မ ကို သနားသက်ညှာသောအကြည့်နဲ့ ပြုံးပြရင်းစကားဆိုသည် ......... တယောက်ယောက်ကတော့ ကျွန်မ ထမင်းမစားရသေးတာ သတိရသေးတာပဲ ကျွန်မကံမဆိုးလှပါဘူး ......
ထမင်းလုတ် တလုတ်ခြင်းဆီက လည်ချောင်းထဲသို့ခြောက်ကပ်စွာဝင်သွားခဲ့သည် ......... စားရတဲ့ထမင်းလုတ်သည် ကြားရတဲ့စကားသံတို့ကြောင့် ပိုပြီး မြိုချဖို့ခက်ခဲသည် ......
"ဟဲ့ ဘာလို့ အမွေကို ၄ ပုံတည်းပုံရမှာလဲ ...... ၅ ယောက်ရှိတာ ၅ပုံ ပုံပေါ့ ..."
အဒေါ်ဖြစ်သူရဲ့ မနေနိုင်စွာ ဝင်ရောက်ပြောဆိုသံကိုကြားရတဲ့အခါ ကျွန်မစိတ်ထဲနည်းနည်းနွေးထွေးသွားသည်
"အို ...... ဒေါ်လေးကလည်း မသိတာလည်းမဟုတ်ပဲနဲ့ ...... အထွေးက ဘာလိုလို့လဲ သူ့ယောက်ျားကြီးက ဒီလောက်ချမ်းသာနေတာ ဒီအမွေလောက်ကတော့ ဘာလုပ်လို့ရမှာလဲ ......"
အမအကြီးဆုံးရဲ့ ကျယ်လောင်တဲ့ အသံကိုကြားတဲ့အခါ ကျွန်မခေါင်းထဲမှာ အတွေးစတစ်ချို့ ဖြတ်သွားခဲ့သည် ......
ဟုတ်တာပဲ ငွေရှိတာပဲ ကျွန်မက ......မဟုတ်ဘူး ငွေရှိတာထက် ငွေရှိတဲ့ယောက်ျားကို ပိုင်ဆိုင်ထားရုံသာ"ဟဲ့ ဘာပဲဖြစ်ဖြစ်လေ ...... သူကလည်း သားသမီးပဲ ...... ပြီးတော့ ဒီအိမ်ဆောက်တာတောင် သူ့ပိုက်ဆံနဲ့မဟုတ်လား ...... ညည်းတို့တွေ နည်းနည်းတော့ မျှမျှတတ တွေးပေါ့ ...... အထွေးကို ပေးစရာရှိတာပေးလိုက်ပါအေ ...... သူမယူဘူးငြင်းရင်တော့ တမျိုးပေါ့ "
သုံးလုတ်လောက်သာဝင်သေးသည့်ထမင်းပန်ကန်ကို ထားကာ ကျွန်မ ရေတခွက်ကိုသာ သောက်ချလိုက်သည် ......