The Last Day
**************အဲ့ဒီနေ့ မနက်ခင်း မှန်ထဲက ငါ့မျက်ဝန်းတွေကို မြင်လိုက်ကတည်းက ငါ့ အသက်ရှင်ဖို့ရက် ဟာ ဒီနေ့နောက်ဆုံးလို့သိလိုက်ရတယ်။အဲ့ဒါ့နဲ့ ပြတင်းပေါက်ကတဆင့် ငှက်ကလေးတွေကိုကြည့်မိတာပေါ့။
ငှက်တွေဟာ လူတွေမမြင်နိုင်တဲ့ ဝန်ထုပ်ဝန်ပိုးတွေသယ်ရင်း ပျံသန်းနေကြတယ်။ လေးလံလိုက်တာ။ငါ အလုပ်သွားတိုင်းဝတ်တဲ့ အနက်ရောင်ဝတ်စုံကိုပဲ ဆင်မြန်းလိုက်တယ်။ မှန်ထဲက ငါက ငါ့အသုဘကို ငါကိုယ်တိုင် တက်ရောက်မယ့်ပုံလိုပဲ။ နိမိတ်မရှိလိုက်တာလို့ ငါတွေးချင်ပေမယ့် ဒါ အမှန်ပဲ။ ငါအားတင်းပြီးပြုံးလိုက်တယ်။
အဲ့ဒီနောက် အလုပ်ကို ဦးတည်တယ်။ ခြေလှမ်းတွေက လေးလံမနေသလို ပေါ့ပါးမနေဘူး။ တကယ့်ကို ငါပုံမှန်ပဲ။ အနီရောင်နှင်းဆီတွေ ရောင်းတဲ့ ပန်းသည်အမျိုးသမီးဆီမှာ ပင်ပန်းနွမ်းနယ်မှုတွေ ငါမြင်နေရတယ်။ သူ့ပန်းတွေရောင်းကောင်းပုံမရဘူး။ ငါ နှင်းဆီအနီရဲရဲတွေ သိပ်ကြိုက်တယ်။ ဒါပေမယ့် တခါမှ မဝယ်ဖူးဘူး။ မလိုအပ်ဘူးထင်သလို ငါနဲ့မအပ်စပ်ဘူးထင်မိတာနဲ့မဝယ်ဖြစ်တာ။ ဒီနေ့တော့ ငါဝယ်လိုက်တယ် ။ တော်တော်များများပဲ အားလုံး အပွင့် ငါးဆယ်ကျော်တယ်။ အဲ့ဒီထဲက အလှဆုံးတပွင့်ကို ကျစ်ဆံမြီး ကျစ်ထားတဲ့ ငါ့ဆံပင်ပေါ်မှာ ထိုးစိုက်လိုက်တယ်။
Taxi ကိုလှမ်းတားရင်း ဈေးမမေးပဲ ကားပေါ်တက်ထိုင်လိုက်တယ်။ ရုံးရောက်တော့ သူတောင်းတဲ့ငွေ ငါပေးတယ်။ ဘဝ မှာ ဒီနေ့ဟာ ပထမဆုံး သက်တောင့်သက်သာ ရုံးလာတဲ့နေ့ပါပဲ။ ချွေးသံမရွှဲပဲ နှင်းဆီပန်းတွေပွေ့လျက်နဲ့ ရုံးကို ခပ်စောစော ရောက်လာတဲ့ ငါ့ကို အားလုံးက တအံ့တသြဝိုင်းကြည့်ကြတယ်။
ငါ သူတို့ကို စိတ်ရောကိုယ်ပါ လှိုက်လှဲစွာနဲ့ ပြုံးပြလိုက်တော့ သူတို့ မျက်နှာမှာ အားတုံ့အားနာ အနေအထားကို ငါဖမ်းမိလိုက်တယ်။ ရပါပြီ။ ဒီလောက်ဆို ငါကျေနပ်ပါတယ်။ ငါ့အနေနဲ့ ဘာကိုမှ များများစားစား မျှော်လင့်ထားတာ မရှိပါဘူး။ သူတို့ စိတ်ထဲမှာ သူတို့ ပြုမူခဲ့သမျှ အတွက်အနည်းငယ် အားနာမှုလေး ငါလိုချင်မိတာပါ။ တကယ်လို့ အားနာမှု အနည်းငယ်မျှ သူတို့ မဝေငှလည်း ငါဘာမှ မပြောနိုင်ပါဘူး။ ငါ ဘာမှ မတတ်နိုင်လို့ပါ။