နှင်းကျတဲ့ရန်ကုန်
xxxxxxxxxxxxxx"ရန်ကုန်မှာ နှင်းတွေကျနေတယ်"
တိုးညှင်းတဲ့စကားသံက ကျွန်မကိုလှုပ်နှိုးလိုက်တာကြောင့်ကျွန်မ မျက်လုံးဖွင့်ဖို့ကြိုးစားမိတယ်။ မျက်လုံးကတော်တော်နဲ့ဖွင့်မရပါ။ ရန်ကုန်မှာ နှင်းကျတာဟာ လိမ်ညာမှုတစ်ခုမဟုတ်လား။ အတိအကျ ကိုလိမ်ညာတာပဲ။ ယုတ္တိမရှိတဲ့ အလိမ်အညာပဲ။ ရန်ကုန်ဟာ အမြဲပူနေခဲ့တာ ။ ဆောင်းတွင်းတောင် သိပ်ပြီးမအေးတတ်တဲ့နေရာ။ မြူတောင်ကောင်းကောင်းမကျတဲ့ အရပ်မှာ နှင်းကျတယ် ဆိုတာဟာ ဟာသတစ်ခုပဲ။ ကျွန်မ မျက်လုံးမဖွင့်ပဲဆက်အိပ်ဖို့ကြိုးစားမိတယ်။
အေးတယ်။ တော်တော်ကိုအေးနေတာ။ ဒါပေမဲ့ ကျွန်မ လေအေးပေးစက်ကိုဖွင့်မထားမိဘူး။ သေချာတယ်။ညက အိပ်တော့မီးပျက်နေခဲ့တာ။ အပြေးအလွှားစောင်ထခြုံဖို့ကြိုးစားတယ်။ မဖွင့်တပွင့် မျက်လုံးကြားက ဝင်လာတဲ့ အဖြူရောင်မြင်ကွင်းက ကျွန်မ ရဲ့အိပ်ချင်စိတ်ကိုပြေပျောက်စေတယ်။
"နှင်းတွေ" ကျွန်မ နှုတ်ခမ်းဖျားကနေယောင်ယမ်းထွက်ရလောက်အောင် သိပ်သည်းတဲ့နှင်းတွေ ကျွန်မ ပြတင်းပေါက်ကနေတဆင့်တွေ့နေရတယ်။ သိပ်အေးတယ် ဆိုတာကိုတောင်မေ့သွားမိလောက်အောင် နှင်းတွေက သိပ်လှတယ်။ ဒါဟာ ထူးဆန်းတဲ့အဖြစ်အပျက်ပဲ။ ဒါမှမဟုတ် ကျွန်မ အိပ်မက်နေတာလား ။
ပြတင်းတံခါးကိုဖွင့်လိုက်တာနဲ့ အသည်းခိုက်အောင်အေးစက်တဲ့လေတွေ။ ဒါ အိပ်မက်မဟုတ်လောက်ဘူး။ ကျွန်မ လက်ကို အပြင်ထုတ်တဲ့အခါ အေးစက်တဲ့နှင်းဖက်တွေက ကျွန်မ လက်ကိုထိတွေ့သွားတယ် ။ နှင်းတွေဟာ သိပ်ကိုလှတာကျွန်မအနီးကပ်မြင်နေရတယ်။ ကျွန်မ အသံထွက်ပြီးရယ်လိုက်မိတယ် ။သိပ်ကိုအံ့သြစရာပဲ။ ပြတင်းပေါက်က ရှုခင်းက စိမ်းစိုမနေတော့ဘူး။ နောက်ဘက် အုတ်တံတိုင်းပေါ်မှာနှင်းတွေ။ အပင်တွေမှာ နှင်းတွေ။
ကျွန်မ ဝမ်းသာအားရစွာနဲ့ အပြင်ဘက်ကိုထွက်ချင်မိတယ်။ အအေးဒဏ်ခံနိုင်ဖို့ အကျီင်္လိုတယ်။ အဝတ်ဗီရိုကို အမြန်ဖွင့်ပြီး အထူဆုံး အနွေးထည်ထပ်ဝတ်လိုက်တယ်။ ပြီးတော့ ပဝါတထည်ပါလည်ပင်းပေါ် ပတ်လိုက်တယ်။ ခြေအိတ် လည်း လိုမှာ အပြင်မှာ သိပ်အေးနေတယ်မဟုတ်လား။ ခြေအိတ်ကို မနည်းရှာလိုက်ရတယ်။ ကျွန်မခြေအိတ်မသုံးတာ အတော်ကြာပြီဆိုတော့ ခြေအိတ်အဟောင်း လေး ပြန်တွေ့တာတောင်ကံကောင်းတယ်။ ခြေအိတ်ကို ခပ်မြန်မြန်စွပ်လိုက်ရင်း အိမ်အောက်ထပ်ကိုပြေးဆင်းလိုက်တယ်။ ကျွန်မအတွေးတွေက ရှင်းနေတယ်။ အတွေးထဲမှာ နှင်းတွေ ကျွန်မထိတွေ့ချင်တဲ့နှင်းတွေ။ ဘယ်သူတွေကတားမြစ်မယ် ဘယ်သူတွေက စိတ်ဆိုးမယ် ကျွန်မမတွေးမိလောက်အောင် ကျွန်မ စိတ်က နှင်းတွေဆီကိုရောက်နေတယ်။