####အလွမ်းဒဏ်ရာဟာ June မှာစတင်ပြီး
September မှာ နိဂုံးချုပ်ခဲ့တယ်#####
*******************************************သတိရလွမ်းဆွတ်ရခြင်းတွေဟာ ဇွန်လရဲ့နေ့တနေ့မှာစတယ်။
အူကြောင်ကြားနိုင်တဲ့နေ့တနေ့ပေါ့။ရောက်တတ်ရာရာ အတွေးတွေ စီနေရင်းဝတ္ထုစာအုပ်ကို လက်ထဲကိုင်ထားမိနေတာပါပဲ။အရင်နေ့တွေ အတိုင်း(ဆိုလိုတာက ဖြတ်သန်းနေကြ နေ့တွေအတိုင်းသင်တန်းသွား ကော်ဖီဆိုင်ထိုင် အိမ်ပြန်) ကော်ဖီဆိုင်မှာ ကော်ဖီမှာသောက်တာပဲ။ နို့နဲ့ကော်ဖီကိုရောတယ် သကြားကို အထုပ်ရဲ့တဝက်ပဲထည့်တယ်။ ပြီးတော့ဇွန်းနဲ့မွှေနေရင်း အဲ့ဒီလူအကြောင်းစတွေးမိတာပဲ။
ဖုန်းက အင်တာနက်လိုင်းဖွင့်ထားပေမယ့် မက်ဆေ့ဂ်ျဝင်မလာပါ။ ဒီလိုပဲ ကျွန်မရဲ့ chatbox က တိတ်ဆိတ်နေတတ်တာပဲ။ထူးထူးဆန်းဆန်းမှမဟုတ်တာ ဒါကို ကျွန်မသိနေသားပဲ။ chatbox မှာ chat နေကြ သူငယ်ချင်းတွေ ဒီအချိန်ဆို မအားတတ်ကြပါ။ ဒါပေမဲ့ မက်ဆေ့ဂ်ျ တစောင်တောင်ရောက်မလာတာဟာ အတော်လေး စိတ်အနှောက်အယှက်ပေးနေတော့တာပဲ။
ဖုန်းကိုကိုင် chatbox ကိုဖွင့် လိုင်းပေါ်ရောက်နေတဲ့ မီးစိမ်းတွေက နာမည်တွေဖတ်ကြည့်လိုက်တော့ သူမရှိ။ ကျွန်မရှာနေတဲ့သူမရှိ။ မရှိမှန်းသိနေသားနဲ့ ဘာကြောင့်ရှာမိသလဲ။ ခပ်ငိုင်ငိုင်ဖြစ်သွားရင်း နေ့လည်က အမှတ်တမဲ့ အိတ်ထဲကောက်ထည့်လာတဲ့ စာအုပ်ကို ဆွဲထုတ်လိုက်တယ်။ အာရုံပြောင်းချင်ခဲ့တယ်။
စာအုပ်အဖုံးက အဖြူရောင် ဆင်တကောင်လုံးပျောက်ဆုံးခြင်း လို့ အမည်ရတဲ့ ဘာသာပြန်စာအုပ်။ ဒီစာအုပ်ရဲ့ မျက်နှာ နံပါတ် ၃၈ မှာ ဝေဒနာ မြစ်ဖျားခံတဲ့ဝတ္ထုတို တပုဒ်ရှိနေတယ်။ စာမျက်နှာ ၇ မျက်နှာသာရှိတဲ့ဝတ္ထုတိုလေး။ စာအုပ်ကိုကိုင်ရင်း ထပ်ငိုင်သွားတယ်။ အဲ့ဒီနောက် ကော်ဖီမသောက်ဖြစ်ပဲ ဆိုင်ကနေထထွက်လိုက်တယ်။
အဲ့ဒီနေ့မှာ အလွမ်းတွေစခဲ့တော့တယ်။
လအတော်ကြာ ပျောက်ပျက်နေတဲ့အနာဟောင်းဟာ ဇွန်လမှာပြန်နာလာတယ်။ ဖြစ်ဖူးကြလား ၊ပြင်းထန်စွာထိခိုက်မိတဲ့ နေရာက နှစ်ကြာတဲ့အခါ ရုတ်တရက်ပြန်နာလာတာမျိုး။ တချို့ဒဏ်ရာတွေက အပြင်ပိုင်းပဲ ကောင်းသွားတတ်တယ်။ အတွင်းထဲမှာတော့ ကောင်းကောင်းမပျောက်သေး။ တကျော့ပြန်နာတဲ့အခါ ဆိုးဆိုးဝါးဝါး ခံစားရတော့တာပါပဲ။