ကျွန်တော် ချစ်တဲ့ ကလေးလေး Season (2) အပိုင်း _ 1 _ချစ်မြတ်နိုးစွာပေးတဲ့ ကတိ

1.5K 55 4
                                    

ကျွန်တော် ချစ်တဲ့ ကလေးလေး
Season (2)
အပိုင်း _ 1 _ချစ်မြတ်နိုးစွာပေးတဲ့ ကတိ

လူတစ်ယောက်ကို ဘယ်လိုချစ်ရမလဲ။
ဒီမေးခွန်းကို လူအတော်များများက ကိုယ့်ကိုယ်ကိုယ်ပြန်မမေးမိတတ်ကြဘူး။ လူတိုင်းချစ်တတ်တယ်။ ချစ်ဖူးတယ်။ ဒါပေမယ့် ကိုယ်ချစ်တဲ့သူကို ဘယ်လိုချစ်မလဲ…။
ကျွန်တော်ကိုယ်တိုင် မသိခဲ့ပဲ ကိုယ့်ချစ်သူကို အချစ်တွေ ဇွတ်ပေးမိဖို့ကြိုးစားခဲ့တယ်။ အချစ်တွေကို ကိုယ်ပေးတတ်သလို စုပုံပြီးပေး လိုက်မယ်။ ဒါဆို ချစ်သူကောင်းဖြစ်ပြီလို့ ယူဆခဲ့တယ်။ တကယ်တော့ အဲ့ဒါ အမှားကြီးမှားခဲ့တယ်။ ကျွန်တော် ကိုယ်တိုင် အရမ်းမှားခဲ့တယ်။ ကိုယ်မှားလိုက်တဲ့အရာက ကိုယ့်ကိုထိရုံတင်မကဘူး။ ကိုယ်ချစ်တဲ့ ချစ်သူကို ထိခိုက်ရတယ် ဆိုရင် လူတိုင်း စိတ်ဆင်းရဲရမှာပဲ။ ဟုတ်တယ်။ ကျွန်တော့်ကြောင့် ကျွန်တော်ချစ်တဲ့ ကလေးလေး အများကြီး နာကျင်ခဲ့ရတယ်။ သေချင်စိတ်ပေါက်တဲ့ အခါမျိုးရှိခဲ့တယ်။ ကျွန်တော် နောင်တ အရဆုံးက သူ့ကိုနားလည်အောင်မကြိုးစားခဲ့တာနဲ့ သူ့အချစ်ကို မယုံကြည်ခဲ့တာပဲ။
အရာအားလုံးကို ပြန်ပြင်ဖို့နောက်မကျခဲ့လို့ ကံတရားကို ကျေးဇူးတင်မိတယ်။ လွန်ခဲ့တဲ့ တစ်နှစ်နီးပါးကပေါ့ဗျာ… တိတိကျကျပြောရရင် 11 September, 2017 ကပေါ့ဗျာ…
သူ ကျွန်တော့်ကို ပြန်ပြီးလက်ခံခဲ့တယ်။ ကျွန်တော်ချစ်တဲ့ကလေးလေးက ကျွန်တော့်ကို ပြန်လက်ခံခဲ့တယ်။ သူပြောတဲ့ စကားတစ်ခွန်းကို ခုထိမှတ်မိသေးတယ်။
'ကျွန်တော် ဘာဖြစ်ဖြစ် အားလုံး ကို့တာဝန်ပဲ ´တဲ့။
သူ ကျွန်တော့်ကို အားလုံးပုံပြီး ယုံလိုက်တာပဲ။ ကိုယ်သေလုအောင် ချစ်ရတဲ့ ကလေးလေးက ဒီလိုပြောလိုက်တာဆိုတော့ ကျွန်တော် မယုံနိုင်အောင်ဖြစ်သွားတယ်။ ချက်ချင်းကို အာမခံလိုက်တယ်။ ကျွန်တော် ချစ်တဲ့ကလေးလေးကို ကျွန်တော် အားလုံးတာဝန်ယူတယ်။ သူဗိုက်ဆာလို့ ညဘက် စားစရာမရှိတာဖြစ်ဖြစ်၊ သူဖျားရင်ပဲဖြစ်ဖြစ်၊ သူညနေ အလုပ်ကပြန်လာရင် ဘာစားရမလဲကပဲဖြစ်ဖြစ် အားလုံးကို ကျွန်တော် စဉ်းစားပေးဖို့ တာဝန်ယူတယ်။ ၀မ်းသာစွာနဲ့ကို တာဝန်ယူခဲ့တယ်။ အဲ့အချိန် သူ ပုသိမ်မှာ အလုပ်သင်ဆင်းနေတဲ့အချိန်၊ စိတ်ပင်ပန်း၊လူပင်ပန်းဖြစ်နေတဲ့အချိန် သူ ကျွန်တော့်လက်ကို ဆုပ်ကိုင်ပြီး ခုလိုပြောခဲ့တာ ကျွန်တော် ဘယ်လောက်တောင် ဂုဏ်ယူခဲ့မိတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ခဲ့ဘူး။
သူက တကယ့်ကို ကလေးပိစိလေးလို ကျွန်တော့်ကို ယုံကြည်ပြီး အားကိုးခဲ့တယ်။ အပြင်မှာ လူနာတွေ အားကိုးရတဲ့ ဆရာဝန်တစ်ဦးဖြစ်နေပါစေ။ ကျွန်တော်နဲ့တွေ့တဲ့အချိန် သူ ကျွန်တော့်စကားကို နားထောင်တယ်။ မနက်စာ ဘာစားရမလဲ။ နေ့လည်စာ ထမင်းဂျိုင့်ဆွဲတော့ လာပို့တာ စားဖြစ်တယ်။ ညနေ အလုပ်က ပြန်လာရင် ဘာစားရမလဲ ဆိုတာ အလုပ်ထဲ ပင်ပန်းလာတဲ့သူက မစဉ်းစားနိုင်တော့ဘူး။ ခါတိုင်းဆို ဖြစ်သလို ခေါက်ဆွဲနဲ့ပဲ နှစ်ပါးသွားတဲ့ ကလေးအတွက် အကြံပေးဖို့က ကျွန်တော့် တာဝန်လုံးလုံးကျခဲ့တယ်။ ကိုယ်ချစ်တဲ့သူအတွက် အသေးစိတ်လုပ်ပေးခွင့်ရတဲ့ ခံစားချက်ကို ချစ်သူရှိသူတွေ နားလည်ပါလိမ့်မယ်။ လူတစ်ယောက်က ကိုယ့်ကိုချစ်တယ်။ အားကိုးတယ်ဆိုတဲ့ခံစားချက်က တကယ်ပဲ ရှေ့ဆက်ဖို့ စိတ်ခွန်အားဖြစ်ခဲ့တယ်။
ကိုယ့်ကလေးအတွက် ဒီလိုလေး လုပ်ပေးရတာကို အရမ်းပျော်တယ်။ အသေးအဖွဲဆိုပေမယ့် နှစ်ယောက်သား မနက်မိုးလင်းလို့ မျက်လုံးဖွင့်မိတာနဲ့ အတူတူရှိကြတယ်။ မနက်စာ အတူတူစားသလို ကျွန်တော် သူ့အတွက် အားလုံး စီစဉ်ပေးတယ်။ ရာသီဥတုအခြေနေကိုကြည့်ပြီး မိုးကာယူသင့်တာ ယူဖို့၊ ညနေ အေးလာရင် သူကြိုက်တဲ့ ဟော့ပေါ့လေး စားဖို့ တိုက်တွန်းရတယ်။
မိုးမိလာရင် ဆေးမသောက်မချင်း ဆရာဝန်ကို ဆရာပြန်လုပ်တယ်။ ညဆို သူမအိပ်မချင်း အဖော်ပြုပေးတယ်။ ကျွန်တ်ာတို့နှစ်ယောက်ကြား စကားတွေ ဖောင်ဖွဲ့လို့ မဆံုးအောင်ဖြစ်ခဲ့တယ်။ သူ့ကို ကော်ဖီမစ်မသောက်ဖို့ နားချတယ်။ ကော်ဖီချစ်သူဖြစ်တဲ့ သူ့ကို ကော်ဖီမှုန့်စစ်စစ် သောက်ဖို့ သွေးဆောင်ရတယ်။
ဘယ်လောက်တောင် ချစ်ဖို့ကောင်းတဲ့ ကလေးလေးလဲ။ ကော်ဖီမစ်ကို တဖြည်းဖြည်းလျှော့ပြီး ကော်ဖီအစစ်ကို ဖျော်သောက်လာတယ်။ ခေါက်ဆွဲလောက်နဲ့ တနပ်ပြီးတဲ့ ကလေးက ညနေ အလုပ်ပြန်ရင် ထမင်းမှန်မှန်စားလာတယ်။ ညဆို အတူ စကားတ၀ကြီးပြောပြီး အိပ်ယာဝင်ကြတယ်။ မနက်ကို အတူနိုးထကြတယ်။ ကျွန်တော့်အတွက် ပျော်စရာနေ့ရက်လေးတွေကို သူဖန်တီးပေးခဲ့တယ်။ ရုတ်တရက်ကြည့်ရင် သူက အရာအားလုံး ကျွန်တော့်ကို မှီခိုနေတယ် ထင်ရတယ်။ ကျွန်တော်က သူ့ကိုချစ်ပေးတယ် ။ ကျွန်တော်က သူ့ကိုပျော်အောင်လုပ်ပေးနေတယ်။ ကျွန်တော်က သူ့ကို အဖော်ပြုပေးနေတယ်ပေါ။
တကယ်တော့ မဟုတ်ဘူး။ အဲ့လိုချစ်ခွင့်ကို သူပေးခဲ့တာ။ ဂရုစိုက်ခွင့်ကို သူပေးခဲ့တာ။ စကားနားထောင်ပြီး ကျွန်တော့်ကို သူပျော်အောင်လုပ်ပေးခဲ့တာ။ သူ့ကိုပျော်အောင်လုပ်ပေးတာထက် သူက ကျွန်တော့်ကို ပျော်အောင်လုပ်ပေးတာ အဆများစွာသာပါတယ်။ အကြိုက်မတူပေမယ့် ရအောင်ညှိပေးခဲ့တယ်။ ကျွန်တော် ပေါက်ကရပြောတာကို စိတ်ရှည်ရှည် နားထောင်ပေးခဲ့တယ်။ ကျွန်တော့်ကို အလေးမထားတဲ့ ကလေးတကာရဲ့ ထိပ်ပုတ်ခေါင်းပုတ်လုပ်တာကို သူ သည်းခံခဲ့တယ်။
ဒါပေမယ့် ကျွန်တော်က ရုပ်ပိုင်းဆိုင်ရာကိုပဲ ဖြည့်ဆည်းဖို့ ကြိုးစားရင်း သူ့ရဲ့ စိတ်ပိုင်ဆိုင်ရာကို ထိခိုက်အောင် လုပ်ခဲ့မိတယ်။ အပြင်ပိုင်းကို အရမ်းဂရုစိုက်မိပြီး ကျွန်တော် သူ့ကို ယုံကြည်ဖို့ ခက်ခဲခဲ့တယ်။ သူ ကျွန်တော့်ကို လက်ခံခဲ့သလို ကျွန်တော် သူ့ကို လက်ခံဖို့ ခက်ခဲ့တယ်။ ကျွန်တော့် အကြောက်တရား… အတိတ်က အဖြစ်ကို အတိတ်မှာမထားပဲ လက်ရှိကာလအထိ ကျွန်တော်သယ်လာမိတယ်။
ကျွန်တော့် ကတိကို ကျွန်တော်ကိုယ်တိုင် တဖြည်းဖြည်းနဲ့ ဖျက်စီးနေမိတာ ကျွန်တော်ကိုယ်တိုင် မသိခဲ့ဘူး။ ချစ်မြတ်နိုးလို့ပေးခဲ့တဲ့ ကတိကို ကျွန်တော် သတိမထားမိပဲ ချိုးဖောက်မိတယ်။ ကျွန်တော့်ကြောင့် သူစိတ်ဆင်းရဲစ ပြုလာခဲ့တယ်။
ဆက်ရန်
May King

ကျွန်တော်ချစ်တဲ့ ကလေးလေးOnde histórias criam vida. Descubra agora