အတော်ကို ဆိုးရွားတဲ့ မတော်တဆမှုတစ်ခု ဖြစ်သွားခဲ့တယ်။ ဟော်လိုးဝင်းပွဲတော်နေ့အတွက် ရွှေဖရုံသီးတွေ အပြည့်တင်လာတဲ့ ထရပ်ကားတစ်စီးက အကွေ့တစ်ခုမှာ အရှိန်တင်မောင်းလာတုန်း Uကွေ့ကွေ့လိုက်တဲ့ ကားငယ်တစ်စီးကို မမြင်လိုက်မိပဲ ဝင်ကျုံးလိုက်တာ။ ကားထဲက ကလေးသုံးယောက်အမေ အိမ်ထောင်သည်အမျိုးသမီးကတော့ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်။
တကယ်တော့ ခေါင်းပါပြတ်ထွက်သွားခဲ့တာ။ သူ့ရဲ့ ခန္ဓာကိုယ်ဟာ ကားထဲကနေ လွင့်ထွက်သွားပြီးတော့ အရှိန်ဘယ်လောက်တောင် ပြင်းသလဲဆို သူ့ရဲ့ ပြုတ်ထွက်သွားတဲ့ခေါင်းက လေထဲမှာ ပျံသွားပြီး ထရပ်ကားကနေ လမ်းပေါ်ကို ပြုတ်ကျနေတဲ့ ရွှေဖရုံသီးပုံနားသွားပြီး ကျတယ်။
သူရဲ့ ယောကျာင်္းက အဲ့ဒီသတင်းအတိအကျကို နောက်ရက်ကျမှပဲ ဒေသခံသတင်းစာတစ်ခုရဲ့ မျက်နှာဖုံးသတင်းအဖြစ်ပါလာတဲ့အခာမှသာ သိခဲ့ရတယ်။
အဲ့ဒီသတင်းစာကို အိမ်ပြန်လမ်းမှာ အမျိုးသမီးတစ်ယောက်က ဝယ်သွားခဲ့တယ်။ အဖြစ်ဆိုးက သူ့ကို အလွန် ထိတ်လန့်စေတာကြောင့် ရထားပေါ်က အလျင်အမြန်ဆင်းပြီးတာနဲ့ အလုပ်က သူ့ခင်ပွန်းဖြစ်သူကို ဖုန်းလှမ်းဆက်လိုက်တယ်။ သူက ရွှေဖရုံသီးထရပ်ကားမတော်တဆလို့ ပြောလိုက်တော့ သူ့ယောကျာင်္းက မသိသေးတဲ့လေသံနဲ့ ရွှေဖရုံသီးမတော်တဆ?ဆိုပြီး ပြန်ပြောတယ်။ ထိုင်ခုံပေါ် ပီကေထိုင်ဝါးနေတဲ့ ငါးနှစ်သားကလေးလေးတစ်ယောက်လို လေသံမျိုးနဲ့။
အမျိုးသမီးက သတိထားသင့်ခဲ့တာတစ်ခုကို သတိထားမိသွားတာမို့ အသားတွေ တုန်လာတယ်။ (သူမက therapyလုပ်နေစဉ်အတွင်းမှာရှိနေခဲ့တယ်။ သူမက တွေးတယ်။ သူမ သတိထားခဲ့မိတယ်လို့။ စိတ်ပျက်မိတာလဲ အံ့သြစရာတော့မဟုတ်)။ အဲ့ဒီ မတော်တဆမှုက သူမ့ယောကျာင်္းနဲ့ တိတ်တိတ်ပုန်းဖောက်ပြန်နေတဲ့ မိန်းမရှိတဲ့ အိမ်နဲ့ နီးနီးလေးမှာ ဖြစ်သွားခဲ့တာ။ သူမယောကျာင်္းကတော့ ထပ်မတွေ့တော့ဘူးလို့ ကတိပေးထားခဲ့တာပဲလေ။
သူမက သူမယောကျာင်္း ဒီကိစ္စကို သိနေတယ်လို့ အာရုံရနေတယ်။ သတင်းစာဖတ်ပြီးတော့ သိတာမဟုတ်လောက်။ အဲ့တာကြောင့် သူမယောကျာင်္းမှာ အပြစ်ရှိတဲ့ လေသံပေါက်နေတာနေမှာ။ မတော်တဆဖြစ်တဲ့အချိန်မှာ အဲ့ဒီမိန်းမနဲ့ ရှိနေတာ ဖြစ်နိုင်တယ်။ မဟုတ်ရင် အဲ့မိန်းမက သူ့ကို ကြောက်လန့်ပြီး လှမ်းခေါ်ထားလို့လည်း ဖြစ်နိုင်တယ်။ အခု သူမ ဖုန်းဆက်ပြီး လှမ်းခေါ်သလိုပေါ့။ အဲ့ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဒဲ့မေးတော့လည်း ရုံးခန်းထဲက သူ့ယောကျာင်္းက မေးခွန်းတွေကို မဖြေပဲ စကားလွှဲနေတယ်။
နောက်နေ့ မနက်ရောက်တော့ သူမရဲ့ therapist(စိတ်ကုထုံးဆရာဝန်)ကို အရေးပေါ်ကိစ္စအနေနဲ့သွားတွေ့တယ်။ သူမက ဖြစ်ရပ်အားလုံးကို အစဆုံး ပြောပြခဲ့တယ်။ သတင်းစာဝယ်ခဲ့တာကစလို့ ဖရုံသီးထရပ်ကား မတော်တဆမှုကနေ သူမယောကျာင်္းကို ဖုန်းခေါ်ဖြစ်ခဲ့တာ၊ ညရောက်တော့ သူမယောကျာင်္းက ခပ်ခွာခွာဖြစ်နေတာအထိ အကုန်ပြောပြခဲ့တယ်။
သူမရဲ့ therapistကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ မပြောနိုင်ကြောင်း တောင်းပန်တယ်။ တိုက်ဆိုင်စွာပဲ သူ့ရဲ့ လူနာတစ်ယောက်က အဲ့ဒီ မတော်တဆဖြစ်တဲ့ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်နေတယ်ဆိုတာကို Therapistက သူမကိုပြောတယ်။ သူ့အနေနဲ့ အဲ့ဒီအဖြစ်ဆိုးနဲ့ ပတ်သတ်ပြီး တကယ့်ဖြစ်ရပ်အနေနဲ့ တကယ့်ကို အရေးကြီးကိစ္စတစ်ခုအနေ ဆွေးနွေးတာ နှစ်ရက်ရှိပြီဆိုတဲ့အကြောင်း ပွင့်ပွင့်လင်းလင်းပြောပြတယ်။ ဒီကိစ္စကို တခြားမိန်းမတစ်ယောက်ရဲ့အချစ်ရေးအရှုပ်တော်ပုံ ကြားဇာတ်လမ်းတစ်ခုလို သတ်မှတ်တာကို ဘယ်လိုမှ သည်းခံပြီး နားမထောင်နိုင်ကြောင်းပြောတယ်။
အမျိုးသမီးလဲ သည်းထန်စွာ ငိုခဲ့တယ်။ therapistက သူ့ရဲ့ ပရောဖက်ရှင်နယ်မဆန်တဲ့ အပြုအမူအတွက် တောင်းပန်ကြောင်းပြောပြီး သူအနေနဲ့ ဒီကိစ္စတစ်ခုလုံးက သူတောင်နားမလည်နိုင်တဲ့ နည်းလမ်းတွေနဲ့ သူ့ကို စိတ်အနှောက်ယှက်ဖြစ်စေကြောင်း ရှင်းပြတယ်။
အဲ့ဒီ့ညက therapistက အဲ့ဒီအကြောင်းကို သူ့မိန်းမကို ပြန်ပြောပြခဲ့တယ်။ ဆရာဝန်ကျင့်ဝတ်ကြောင့်မို့ နာမယ်တွေကို မပြောပဲ ချန်ထားခဲ့တယ်။ ဒါပေမယ့် သူက အဲ့ဒီအမျိုးသမီးက သူ့ကို ပြောတဲ့အကြောင်းတွေ သူက ပြန်ပြောတဲ့အကြောင်းနဲ့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို အားလုံးကို ပြောပြခဲ့တယ်။ ဒါပေမယ့် တစ်ခုရှိတာက ရွှေဖရုံသီးတွေလို့ ပြောမယ့်အစား ခရစ်စမတ်သစ်ပင်တွေလို့ မှားပြောမိခဲ့တာပဲ။
"ခရစ်စမတ် သစ်ပင်တွေ?ဟုတ်လား?'' သူ့မိန်းမက ပြောတယ်။
"ငါ ခရစ်စမတ်သစ်ပင်လို့ ပြောမိတာလား။" သူကပြောတယ်။ "ရယ်စရာကောင်းလိုက်တာနော်။ ငါက ရွှေဖရုံသီးတွေလို့ ပြောချင်တာ" သူ စကားမှားပုံကို သတိထားမိသွားပြီး အဲ့တာက အဲ့ဒီ့မတော်တဆအပေါ်မှာ စိတ်အနှောက်အယှက်ဘယ်လောက်ဖြစ်နေသလဲဆိုတာ သတိထားမိခဲ့တယ်။
နောက် အိပ်ယာထဲရောက်တော့ သူ့အမှားကို တွေးနေမိတယ်။ အဲ့တာက သူ့ဆီမှာ ဟိုးအရင်တုန်းကတည်းက ဖြစ်ခဲ့တာ။ အမှန်ဖြစ်ရပ်တစ်ခုဆိုတာ ဘယ်တော့မှ ငုပ်ရှိုးမသွားဘူး။ မျက်နှာပြင်မှာ ပေါ်ချီ မြှုပ်ချီ ဖြစ်နေတာမျိုး။ ဗော်ယာတစ်ခုလိုမျိုးပေါ့။ သူ မကြာခဏလည်ပတ်လေ့ရှိတဲ့ သူ့ဘဝက အချိန်တစ်ခုမှာ ချည်နှောင်ထားရင်းပေါ့။
သူ့အသက် ၅နှစ်အရွယ်မှာ ပါးချိတ်ရောင်ရောဂါဖြစ်ပြီး တကယ့်ကို ပြင်းထန်လာခဲ့တယ်။ သူရဲ့ ပါးမှာ အသားပိုတွဲကြီးကပ်နေသလို ရောင်နေတဲ့ ပါးကြီးနဲ့ သူ့မိဘတွေရဲ့ အခန်းထဲကို ပြေးဝင်သွားတာကို မှတ်မိနေခဲ့တယ်။ သူ ပြုတ်ကျတယ်ဆိုတာကို မှတ်မိတယ်။ ပြီးတော့ သူ လကြာရှည် ဖျားခဲ့တယ်။ ဆောင်းဦရာသီကနေ ဆောင်းရာသီအစောပိုင်းထိ။ သူ့အမှတ်အသားက သိပ်ကို ရှင်းထင်းလွန်းနေတယ်။ သူ စဖျားတော့ ဖရုံသီးပေါ်ချိန် သူနေကောင်းသွားတော့ ခရစ်စမတ်အချိန် ဖြစ်နေခဲ့ပြီလေ။
အခု သူ့မိန်းမ အိပ်ယာထဲ ဝင်လာပေမယ့် သူသတိမထားမိဘူး။ သူ အရင်က မခံစားဖူးတဲ့ ခံစားချက်တွေကို ခုမှ ခံစားနေရတာမို့။ သူ့ရဲ့ ဘဝမှာ နှစ်တွေ အချိန်တွေ ဘယ်ဘောက်တောင် ကျော်ဖြတ်သွားခဲ့ပြီလဲ။ အဲ့ဒီ ပါးဖောင်းတွဲကြီးဖြစ်နေတဲ့ ကောင်လေးအဖြစ်ကနေ သူ ကွဲထွက်လာခဲ့တဲ့ နှစ်တွေ ဘယ်လောက်တောင် ရှိခဲ့ပြီလဲ။ အဲ့ဒီ့အချိန်တွေက ချိုမြိန်မှုကို ပြန်တွေးနေမိတယ်။ အဲ့ဒီ့နေ့ရက်တွေက တေးဂီတ ကာရန်တွေ၊ အိပ်စက်ချင်းတွေ၊ ရေဒီယို၊ အအေးခံထားတဲ့ စည်သွပ်ဗူးထဲက မက်မွန်သီးတွေ၊ စောင်တွေနဲ့ ဆောက်ထားတဲ့ နိုင်ငံ၊ အဲ့ဒီအပြင်က ရေခဲနိုင်ငံ။
တစ်ခဏအတွင်းမှာ သူဟာ လုံခြုံမှု၊ စိတ်ရှုပ်ရောထွေးမှု ငြီးငွေ့မှုတွေရဲ့ မြူတွေကို ပြန်ပြီး ဖမ်းဆုပ်မိလုနီးပါးပဲ။ ရွှေဖရုံသီးတွေကို ကြည့်ပြီး အိပ်ပျော်သွားပြီး ခရစ်စမတ်သစ်ပင်တစ်ပင်ကို မြင်ရင်းနိုးလာတဲ့အချိန်မှာ ဘယ်အရာကမှ သူ့ကို ကြောက်အောင်မလုပ်နိုင်တော့ဘူး။ အရှိကာလတရားတောင်မှပေါ့။ အရာအားလုံးက သူ့ရဲ့ဂရုစိုက်မှုအောက်မှာပဲ ရှိနေတယ်။ ပြီးတော့ အဲ့တာက နိုးထချိန်မှာ မေ့သွားတက်တဲ့ အိမ်မက်တွေထဲက ဇာတ်ကွက်တွေလိုပဲ ဆက်ပြီး ရွေ့လျားသွားကြတယ်။
အဲ့တာက အဝေးပြေးလမ်းပေါ်အရှိန်တင်မောင်းနေရတဲ့ အတွေ့အကြုံတစ်ခုလိုပဲ။ သတိပေးဆိုင်းပုဒ်တစ်ချို့ရယ် ပျက်စီးနေတဲ့ ကဖီးဆိုင်တွေရယ်က သူရဲ့ အတိတ်ကို ပြန်ပြီးသတိရစေတယ်။ ဒါပေမယ့်သူ့မိန်းမကို မပြောနိုင်ခင်မှာပဲ အဲ့တာတွေကို ကျော်လွန်မောင်းနှင်ခဲ့ပြီးဖြစ်နေခဲ့တယ်။ သူသိနေတာက တကယ်လို့သာ သူလှည့်ပြီး ပြန်သွားမယ်ဆိုရင် သူမြင်ခဲ့တာတွေက လုံးဝကို ပျောက်သွားနိုင်တယ်ဆိုတာ။ သို့ပေမယ့် ပြန်လမ်းတစ်လျှောက် သူ့ဆီကနေ လွတ်ထွက်သွားတာတွေရဲ့ တခဏတာ ကာလကို ဖမ်းဆုပ်လိုက်နိုင်တာလည်း ဖြစ်နိုင်ပါတယ်။#Francine Proseရဲ့ Pumpkinsကို ဘာသာပြန်လိုက်ပါတယ်။ အောက်ပိုင်းစာသားတွေက ကိုယ်နားလည်တယ်(လို့ထင်တယ်)ဆိုပေမယ့် ပြန်ရေးတဲ့အခါမှာ အတော်လေးခက်တာမို့ ရှုပ်သွားရင် စော်ရီးပါနော်။
YOU ARE READING
Flash Fiction(မြန်မာပြန်)
Short StoryFlash Fiction ဆိုတာက တစ်ထိုင်ထဲ အပြီးဖတ်လို့ရလောက်အောင်တိုတဲ့ ဝတ္ထုတိုလေးတွေပါ။ နိုင်ငံတကာမှာတော့ ရေးကြတယ်။ မြန်မာပြည်မှာ ရေးတာတော့ သိပ်မတွေ့ဖူးဘူး။ သူက ကျနော့်လို စာဖတ်ပျင်းသူတွေ အတွက် ကိုက်တယ်လေ။ အချိန်လဲ အများကြီးမယူဘူး အပျင်းလဲ ပြေတယ်။ အမှန်ကတော့...