ကျွန်ုပ်၏ ဇနီးကလေး

1.4K 28 1
                                    

ကျွန်ုပ်အဖို့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသော နေ့ရက်တစ်ရက် ရှိခဲ့ပါသည်။ ထိုနေ့ရက်မှာ ရာသီဥတုပူပြင်းသော နေ့ရက်များထဲသို့ ဝင်ရောက်စနွေနေ့တစ်ရက်ဖြစ်ပါသည်။ လမ်းများ၊ အဆောက်အအုံ့များစည် ပူနွေးသောလေထုထဲမှာ သက်ငြိမ်ဖွဲ့တည်နေကြသည်။ မော်တော်ယာဉ်များသည် ကတ္တရာလမ်းများပေါ်မှာ တဗျီးဗျီး သွားလာမောင်းနှင်နေကြသည်။ ပူပြင်းသောနေရောင်ခြည်က ကတ္တရာလမ်းမကို ပျော့စိစိဖြစ်လာစေခဲ့သည်။ ကားဘီးရာများ ဖောင်းကြွထင်ကျန်ရစ်သော ကတ္တရာလမ်းမကိုဖြတ်ကာ သူမအိမ်ရှိရာ ကျွန်ုပ် ထွက်ခွာလာခဲ့သည်။ သူမသည် ကျွန်ုပ်ကို သူမ၏မိသားစုနှင့် တွေ့ဆုံပေးလိုသည်။ လာခဲ့ပါဟု ချိန်းဆိုခဲ့ပေသည်။ လူခေါ်ခေါင်းလောင်းကို တီးလိုက်သောအခါ သူမတို့၏ခြံထဲမှ အစောင့်တစ်ယောက်ထွက်လာကာ ကျွန်ုပ်ကို တံခါးဖွင့်ပေးခဲ့သည်။ ခြံစောင့်သည် ကျွန်ုပ်ကို ဦးညွတ်အရိုအသေပေးလိုက်သေးသည် ထင်သည်။ ကျွန်ုပ်သည် လှေကားထစ်အနည်းငယ်ကို ဖြတ်သန်းသွားကာ သူမတို့ အဆောက်အအုံထဲသို့ ဝင်လိုက်သည်။ ကျွန်ုပ်၏ စိတ်လှုပ်ရှားမှုများက သူမတို့၏ အဆောက်အအုံကြီးတစ်ခုလုံး ပြည့်နှပ်သွားနိုင်လောက်အောင် ဖြစ်ပေါ်နေသလိုပင်။ အခန်းထဲတွင် ထောင်ထောင်မောင်းမောင်းလူကြီးတစ်ယောက် ခါးထောက်လျက်ရပ်ကာ ကျွန်ုပ်ကို ဆီးကြို ကြည့်ရှုနေပါသည်။ ထိုပုဂ္ဂိုလ်ကြီး ကျွန်ုပ်ကို ကြည့်ရှုပုံမှာ ချက်လတ်မှတ်တစ်စောင်ကို ကြည့်နေသလိုမျိုးဟု ဆိုနိုင်လိမ့်မည်။ ထိုင်ပါ မောင်ရင်၊ ထိုပုဂ္ဂိုလ်ကြီးက ကျွန်ုပ်ကို လက်တစ်ဖက်ဖြင့် ညွှန်ကာပြောလိုက်သည်။ ကျွန်ုပ်ဝင်ထိုင်လိုက်ချိန်တွင် မထင်မှတ်သောမြင်ကွင်းကို မြင်တွေ့လိုက်ရပါသည်။ အိမ်ဖော်ဖြစ်ဟန်တူသော မိန်းမပျိုလေးတစ်ယောက်သည် ယပ်တောင်ခပ်ကြီးကြီးတစ်ချောင်းကိုင်ကာ အယ်လ်ဇေးရှင်းခွေးကြီးတစ်ကောင်ကို ယပ်ခတ်ပေးနေပေသည်။ ထိုမြင်ကွင်းသည် ကျွန်ုပ်၏ စိတ်ခံစားမှုကို ပြောင်းလဲပစ်လိုက်သလို နောင်အခါတွင် ကျွန်ုပ်၏ဘဝကိုပါ ပြောင်းလဲပစ်လိုက်ပါသည်။ မိန်းမပျိုလေးမှာ အသားခပ်ညိုညိုဖြစ်သည်။ သနပ်ခါးပါးကွက်ထူထူနှစ်ဖက်နှင့် မျက်နှာလေးမှာ ခပ်နွမ်းနွမ်းကလေးဖြစ်သည်။ ထိုမျက်နှာကလေးက ကျွန်ုပ်၏ဘဝတွင် လွန်စွာအရေးပါလာခဲ့သည်ကို နောင်အခါတွင် သိရှိခဲ့ရပါသည်။ သူမတို့အဆောင်ထဲတွင် ပန်ကာများရပ်နေသည်။ ရေခဲသေတ္တာများ အလုပ်မလုပ်ကြ၊ လေကပူနွေးကာ ငြိမ်သက်နေသည်။ အယ်လ်ဇေးရှင်းကြီးက လျှာထွက်ကာ တဟောဟော တဟဲဟဲ မြည်နေသည်။ မိန်းမပျိုလေးသည် အယ်လ်ဇေးရှင်းကြီးကို ယပ်ခတ်ပေးနေရပါကလား၊ ထိုမြင်ကွင်းကို ကျွန်ုပ်သည်းခံနိုင်စွမ်းမရှိပါ။ ကို ရောက်နေပြီးလား။ သူမသည် ကြက်သွေးရောင်ညနေခင်းဝတ်စုံဖြင့် ဝင်ရောက်လာသည်။ ထိုနေ့က သူမတို့မိသားစုနှင့် ကျွန်ုပ်ပြောဆိုခဲ့သည်မှာ အချည်းနှီးစကားများသာ ဖြစ်ခဲ့ပါသည်။ လူတစ်ယောက်သည် ချက်လတ်မှတ်တစ်စောင် မဟုတ်ပါ။ လူတစ်ယောက်သည် တိရစ္ဆာန်တစ်ကောင်ထက် နှိမ့်ကျရန်မဖြစ်နိုင်ပါ။ သိပ်မဝေးသော နောက်ထပ်နွေရာသီတစ်ခုတွင် ကျွန်ုပ် အိမ်ထောင်ပြုခဲ့သည်။ ကျွန်ုပ်၏ဇနီး ဘယ်သူဘယ်ဝါဖြစ်သည်ကို ပြောချင်သေးသည်။ အသားညိုညို ပါးကွက်ထူထူ ခပ်နွမ်းနွမ်းမျက်နှာနှင့် မိန်းမပျိုလေးတစ်ယောက် ဖြစ်သည်။ တစ်ချိန်က အယ်လ်ဇေးရှင်းကို ယပ်ခတ်ပေးခဲ့သူလေးပင်ဖြစ်ပါသည်။ သူမ ရယ်မောပျော်ရွှင်နေပုံမှာ ကျွန်ုပ်ကို များစွာစိတ်ချမ်းမြေ့စေခဲ့သည်ကိုလည်း ထပ်လောင်းပြောကြားလိုက်ရပါသည်။ လာမည့်ဆောင်းဦးပေါက်တွင် ကျွန်ုပ်တို့ဇနီးမောင်နှံသည် ကျွန်ုပ်ပိုင်ဆိုင်သော ရွှေတွင်းများဆီသို့ ဟန်းနီးမွန်းထွက်ရန် စီစဉ်ထားပါသတည်း။

#နေမျိုး

Flash Fiction(မြန်မာပြန်)Where stories live. Discover now