-zawgyi-
" ဟား… မောတယ် ခနနားရအောင် "
ကိုယ့်ဆီလိမ့်လာတဲ့ ဘောလုံးကို ပြန်ကန်မပေးတော့ဘဲ Bowen လက်နဲ့ကောက်ယူပြီး သစ်ပင်ရိပ်ရှိရာ ခြေပစ်လက်ပစ် သွားထိုင်လိုက်သည်။ မလှမ်းမကမ်းဆီက Xuanxuanကလည်း သူရှိရာလျှောက်လာပြီး မြက်ခင်းပေါ် အားရပါးရပစ်လှဲချသည်။
" သားလည်း မောနေပြီ "
" ဒါတောင် ဆက်ဆော့ချင်သေးတယ် ဟုတ်လား… ကြည့်ဦး မင်းအကျီင်္မှာ ရွှဲနစ်လို့ "
ခြေကားယားလက်ကားယားနဲ့ မြက်ခင်းပေါ် ဝမ်းလျားမှောက်ထားတဲ့ ကျောပြင်သေးသေးလေးက တီရှပ်အဝါလေးမှာ ရေလောင်းချထားသလို ချွေးတွေအပြည့်၊ လူက ဒီလောက် ဟောဟဲခတ်နေတာတောင် နားမယ်တစ်ချက်မပြော သူနဲ့အပြိုင်ဆက်ဘောလုံးကန်သည်လေ။ နေမြင့်လာပြီမို့ အပူရှိန်က တရိပ်ရိပ်တက်လာသည်။ အပင်ကြီးရိပ်မရှိတဲ့ ခြံအနောက်က မြက်ခင်းပြင်မှာမို့ နေရှိန်က တော်တော်ထိသည်။
Bowenတို့ အခု Xi An က အဘိုးအိမ်ကို အလည်ရောက်နေခြင်းဖြစ်သည်။ အမေဘက်က အဘိုးဖြစ်သည်မို့ Xuanxuanနဲ့ ဘာမှမတော်စပ်ပေမယ့် သူ့ကိုခင်တွယ်နေတဲ့ ကလေးပေါက်စက သွားလေရာတကောက်ကောက်မို့ ဒီအထိပါလာခြင်းဖြစ်သည်။ အံ့သြစရာ အန်တီXueMeiကလည်း သူ့သားပေါက်စကို အပူအပင်မရှိ အလွယ်ပဲထည့်ပေးလိုက်သည်။
" အစ်ကိုလေးတို့ နေ့လည်စာသုံးဆောင်တော့မလားလို့ လာမေးတာပါ "
ခြေသလုံးထိရှည်သည့် အသားရောင်စကတ်ပေါ်မှာ ခါးဖုံးစည်းအဖြူ နဲ့ ရှပ်အဖြူလက်ရှည်ကို သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ မမတစ်ယောက်က သူတို့ဆော့နေတဲ့နေရာထိ တလေးတစားပုံစံနဲ့ လာမေးသည်။
Bowen ဒီကိုမလာချင်တာ ဒါတွေကြောင့်ပင်။ အင်မတန် ကိန်းကြီးခန်းကြီးနိုင်ချင်သော အဘိုးတို့အိမ်နဲ့ သူနဲ့ သိပ်ဓာတ်မတည့်။
" ရပါတယ်… ကျွန်တော်တို့ ခနနားဦးမှာ… ရေချိုးပြီးမှ ထမင်းစားခန်းထဲလာခဲ့လိုက်မယ်…"
ထိုမမက နာခံဟန်နဲ့ ကိုယ်ကိုအသာယို့ပြီး တည်တည်ငြိမ်ငြိမ်ပဲ ပြန်လှည့်ထွက်သွားသည်။
YOU ARE READING
Kindred : The Crossing Fate
FanfictionWell its a rare ship of CQL actors team. Li Bowen × Wang Haoxuan Song Lan × Xue Yang