10

431 51 15
                                    

-zawgyi-

Bowen မျက်စိနဲ့တပ်အပ်မြင်နေရလို့သာ ယုံရသည်။ မနက်ကမှအကောင်းသား၊ ကျောင်းစတက်ရမယ့်နေ့မို့ သူ့ရှေ့ကအရင် ပြေးထွက်သွားတဲ့ကောင်လေး။ အခုသူတက်ရမယ့်ကျောင်းမှာ Guo Cheng လည်း ရှိနေသည်မို့ တော်တော်ပျော်နေပုံရခဲ့သည်။ အခုတော့ Haoxuanက ရန်ဖြစ်လို့ ရဲစခန်းမှာ ထိန်းသိမ်းခံနေရသည်တဲ့။

ထိန်းသိမ်းခံထားရာကနေ ပြန်ခေါ်ထုတ်လာပေးတော့ သုံးယောက်သား သူ့နောက်ကနေ ငြိမ်ကုပ်လို့ ထွက်လိုက်လာကြသည်။ မျက်နှာမှာလည်း ထိုးကြိတ်ခံထားရတာ ဒဏ်ရာပရပွနဲ့၊ ဘယ်လိုတွေ သတ္တိကောင်းပြီး တစ်ဘက်က 9ယောက်ကို 2ယောက်ထဲနဲ့ ရင်ဆိုင်ဖို့ကြံတာလေလဲ။ Haoxuanနဲ့ Guo Chengအပြင် အတူပါလာတဲ့ကလေးကိုတော့ Bowenမသိ။ သူငယ်ချင်းတွေကော ဟုတ်ရဲ့လေလား။ ထိုကလေးက သိသိသာသာပိုငယ်တဲ့ပုံပေါက်နေသည်မှာ ပုံစံက အလယ်တန်းကျောင်းသားလေးလို။

" Bowen ge… ကျွန်တော်တောင်းပန်ပါတယ်… အခုဖြစ်တာက HaoXuanနဲ့ မဆိုင်ပါဘူး… ကျွန်တော့်ပြသနာမှာ မတော်တဆ ပါသွားတာရယ်… အဲ့ဒါကြောင့်…… "

HaoXuanက ငြိမ်ရပ်နေပေမယ့် Guo Cheng ဆီက အရင်အသံထွက်လာသည်။ သူ့သူငယ်ချင်းကို ဆူမှာစိုးနေလေသလား။

" အင်း… ရတယ် Guo Cheng… ကိုယ်နားလည်တယ်… လူငယ်တွေပဲ တခါတလေ ရန်ပွဲကြုံရတာရှိမှာပဲ… မင်းတို့ ဘာမှကြီးကြီးမားမား မထိခိုက်ဘူးမလား… "

" ဟုတ်ကဲ့… နည်းနည်းပါးပါး ပွန်းပဲ့ရုံပါ…"

" အင်း ဒါဆို ပြန်ကြမယ်လေ… လိုက်တော့ မပို့တော့ဘူး ဖြစ်တယ်မလား… "

" ရတယ် ရတယ် … သူလည်း ကျွန်တော်တို့ အိမ်နားကပဲ… အတူပြန်လိုက်မယ် "

" အော… ဟုတ်ပြီ ဒါဆို သတိထားပြန်ကြ "

" HaoXuan… ငါသွားပြီနော် "

Guo Cheng တို့ကို တစ်ချက်မော့ကြည့်၊ လက်ပြနှုတ်ဆက်ပြီး ဘေးမှာ ခေါင်းငိုက်စိုက်နဲ့ ဆက်ရပ်နေပြန်သည်။ ကျောပိုးအိတ်ကို ကြိုးတစ်ကိုင်းတည်း လွယ်ထားပြီး အပေါ်ဝတ် ကျောင်းအကျီင်္ဂျာကင်ကို ခါးမှာစည်းထားသည်။ အောက်ခံဝတ် တီရှပ်အဖြူလေးမှာလည်း ညစ်ပေပွလို့။ သူဘာမှမပြောဘဲ အသံတိတ်ရပ်ကြည့်ပေးနေလိုက်တော့ ခေါင်းငုံ့ထားရာက မျက်လုံးလှန်ကြည့်လာသည်။

Kindred : The Crossing FateWhere stories live. Discover now