"တူ~တူ~တူ"
ညအချိန်မတော် မြည်လာသည့်ဖုန်းသံကြောင့် ရှောင်းကျန့်လန့်နိုးလာသည်။နံပါတ်ကိုကြည့်လိုက်တော့ ရိပေါ်ရဲ့မားမားဆီက။
"ကျန့်ကျန့်...ကျန့်ကျန့်လား၊ရိပေါ်လေး...ရိပေါ်လေ"
တုန်ယင်နေသည့် ဒေါ်ဒေါ့်အသံကြောင့် စိုးရိမ်လာသည်။မကောင်းတဲ့အငွေ့အသက်ကိုလည်း ခံစားမိနေသည်။
"ရိပေါ် ဘာဖြစ်လို့လဲ ဒေါ်ဒေါ်ရဲ့...၊တစ်ခုခုဖြစ်နေလို့လား"
"ရိပေါ်လေး ဆေးရုံတင်ထားရတယ် သား၊နှလုံးကထိုးအောင့်လာလို့ ဆေးတွေလည်းသွင်းထားရတယ်၊ဒီရက်ပိုင်းလည်း အစာသိပ်မစားဘူးသားရယ်"
"အခု...အခုရောဘယ်လိုနေသေးလဲ၊ကလေး... ရိပေါ်သက်သာပြီလား"
"စောင့်ကြည့်နေရတုံးပေါ့ သားရယ်၊ဟင်း...ဖြစ်နိုင်ရင် ဒေါ်ဒေါ်သာခံစားပစ်ချင်ပါရဲ့"
အမေတစ်ယောက်၏စိုးရိမ်ပူပန်မှုကို သူနားလည်ပါသည်။သူကိုယ်တိုင် တစ်ယောက်တည်း နေလာရပေမယ့် ရိပေါ်ကိုတွေ့တိုင်းအားကျရပါ၏။ဒေါ်ဒေါ့်ကိုမြင်တိုင်း အမေကဲ့သို့ ခင်တွယ်မိသည်က အမှန်ပင်။
"ကျွန်တော် ဒီညပဲပြန်လာခဲ့ပါမယ် ဒေါ်ဒေါ်၊အရမ်းကြီးလည်း စိုးရိမ်မနေပါနဲ့၊ရိပေါ် ဘာမှဖြစ်မှမဟုတ်ပါဘူး၊သူက သတ္တိရှိတဲ့ကလေးလေးပါ"
ဒေါ်ဒေါ့်ကိုစိတ်သက်သာရအောင် ပြောလိုက်ပေမယ့် သူကိုယ်တိုင်မခံစားနိုင်ပေ။ဖြူနုတဲ့ လက်သွယ်သွယ်လေးမှာ အပ်ရာတွေဗလပွကိုလည်း မတွေ့ချင်ပေ။ထိုကဲ့သို့သော မြင်ကွင်းမျိုးကိုလည်း ရိပေါ်က သူ့ကိုမမြင်စေရ။နေမကောင်းလျှင်တောင် အသိမပေးဘူး။ဆေးသွင်းလာတဲ့နေ့တွေဆို အကျီင်္လက်ရှည်လေးတွေဝတ်လာတတ်သည့် ရိပေါ်။
အရွယ်နဲ့မလိုက်အောင် ရင့်ကျက်လွန်းသည့် ဝမ်ရိပေါ်ရယ်ပါ။အဲ့ဒီလိုတွေ မြင်ရတိုင်းသူကြိတ်ငိုခဲ့ရသည်။ထို့ကြောင့် ရိပေါ်ကိုအတတ်နိုင်ဆုံးမငြိုငြင်ရအောင် သူထားခဲ့သည်။သူ့ကိုချစ်ပါသည် ဟု ဆိုလာတဲ့အချိန်က ပြောမပြတတ်အောင်ပျော်ခဲ့ရသည်။ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးက သူ့အတွက် ဘာမဆိုရင်ဆိုင်ရဲတဲ့သူဖြစ်ခဲ့သည်။