Part 4

10.3K 399 7
                                    

စွဲနေပြီ
အပိုင်း (၄)
#စွဲနေပြီ

“ငါ့ တစ်လိပ် ပေးစမ်းပါ...”
“နေပါကွာ...မစနဲ့...စွဲသွားလိမ့်မယ်”
“ဟာ...လူတိုင်းသောက်နေတာပဲ ပေးစမ်းပါ...”
မင်းနောင် လက်နောက်ပစ်ထားပေမဲ့ နိုင်ထူး လက်ကို ဆောင့်ဆွဲပြီး လက်ထဲက Marlboro ဆေးလိပ်ဘူး ကို လုယူလိုက်သည်..။
ဒီကောင် သူ့ ဘော်ဒါတွေဆိုရင် အကုန်လုံးကို မတွန့်တိုဘူး..နိုင်ထူးကို ဆိုရင် ၀ယ်စားတဲ့ကွမ်းတစ်ယာတောင် မကျွေးပဲ ကပ်စေးနှဲတက်သည်..။
ပြီးရင် စွဲသွားလိမ့်မယ် တစ်ခွန်းတည်း.. ဖြင့် အကြောင်းပြသည်..။
စာမေးပွဲ ဖြေဖို့ နှစ်လကျော်သာ လိုတော့ ချိန်  ကျောင်းကို ပုံမှန် မသွား ဖြစ်တော့ပါ..။
နေ့ခင်း ပိုင်း အိမ်မှာ ဘယ်သူမှ မရှိချိန်ဆိုရင် ကျူရှင်ဆရာကို ခေါက်ထားပြီး ဆေးလိပ် သောက်ချင်သောက် စားချင်တာ လမ်းထိပ်ဆိုင်မှာထွက်စားရတာ ပျော်ဖို့ကောင်းသည်..။
“အဟွတ်...ဟွတ်...”
“ဟား..ဟား...ငါမပြောဘူးလား...”
“အဟွတ်....”
နိုင်ထူး ဆေးလိပ်ကို မဖွာတက်လို့ ချောင်းတွေ ဆိုးပြီး မွန်းကြပ်ကုန်သည်..။
ဘေးမှ ငနာကတော့ ပေါင်ကို လက်ဝါး နဲ့ ရိုက်ပြီး အောင်ပွဲခံခါ အော်ရယ်နေတာ ပါးစပ်မပိတ်...။
“အဟွတ်...မသာ..”
“ဟား..ဟား...ပေး..”
“ငါ ရအောင် သောက်မယ်...”
နိုင်ထူး လက်ညိုးကြား ညှပ်ထားတဲ့ ဆေးလိပ်ကို  လက်ညိုး နဲ့ လက်မ ညှပ်ခါ ပြောင်းကိုင်လိုက်ပြီး ခပ်ဖြည်းဖြည်း ရှိုက်ကြည့်သည်..။
“ဒီလိုမလား..ဟား..ဟား...”
“ဟား...ဟား...လက်ပါသွားဦးမယ်..”
နိုင်ထူး အကောင်းမပြောတက်တဲ့ကောင် ကို ကျောပေးပြီး ဆေးလိပ် သောက်ခြင်း ပညာရပ်ကို ဂရု တစ်စိုက် သင်ယူနေရသည်..။
“မင်း အစ်မ ဘယ်အချိန်ပြန်လာလည်း..”
“ခြောက်နာရီ ငါသွားခေါ်တယ်လေ..”
“ဟိုဘဲ ကြီး လည်း တစ်ခါမှ မတွေ့ဘူးနော်..”
“ဟိုဘက်လမ်းကအရက်ဆိုင်မှာလေ...အမဲရိုးချောင်းနေတဲ့ ခွေးလိုပဲပေါ့ကွ...သူ့ အစာပဲ သူ စိတ်၀င်စားတယ်...”
“ဟား..ဟား...”
ဆေးလိပ်အငွေ့ ဖြူဖြူ တွေကြားမှာ ရယ်နေတော့ နိုင်ထူး မျက်ထောင့်ဖြင့် ကြည့်လိုက်ချိန် ခေါင်းရမ်းပြသည်.။.
အရမ်းခင်ရတဲ့ သူငယ်ချင်းဆိုပေမဲ့ အိမ်တွင်းရေး ကိစ္စတွေကို လှောင်တာတော့ ခံပြင်းရသည်..။
“ဆောရီး...မင်းပြောတာ သဘောကျလို့ပါကွာ..”
“ဘာလည်း..”
နိုင်ထူး ဘုဆပ်ဆပ် ပြန်ငေါက်လိုက်တော့ မင်းနောင်က အနားကို ရောက်လာပြီး ပခုံးကို ဖက်ခါ
“မင်း အစ်မ ကို တင်စားထားတာလေးလေ....အမဲရိုးတဲ့...ဟား..ဟား...”
“ဟ....ငါက...”
“ဟီ..ဟီ...တကယ်တူတယ်..”
“မသာ..”
“ငါ ပြောတာ မဟုတ်ဘူးလေ..မင်း စပြောတာ...စိတ်မကောက် ပါနဲ့ မိန်းမရယ်...”
“တြီ....တြီ...တြီ....”
နိုင်ထူး ပါးပေါ်က မင်းနောင် လက်ကို ပုတ်ချပြီး ကြမ်းပြင်ကို ပါ ဖိနှောင့်နဲ့ ပေါက်ပြလိုက်သည်..။
“မင်းတို့က ဘာလို့ အဘိုးကြီးကို ကြောက်နေတာလည်း..”
“ဒါ သူ့အိမ်လေကွာ..ပြီးတော့ ငါတို့ကို ရိုက်လို့မရပေမဲ့ အဒေါ်ကို ဖိမဲတာ..အဲတော့ ငါက လှန့်ရုံလောက်ပဲ ရတယ်..တကယ် သွားလုပ်လို့ သူ ကန်ချရင် ငါ တို့သုံးယောက်စလုံး လမ်းပေါ်ကို ရောက်မှာပဲ....”
“ကျစ်...လမ်းထဲမှာ..မင်းအစ်မကို ဘယ်လိုတွေ ပြောနေလည်း မင်းသိလား...”
“သိတယ်...ဒါပေမဲ့...ပြန်ပြောစရာမှ မရှိတာ...ငါ့တို့မိသားစု ကံပေါ့ကွာ...ဟိုငယ်ငယ်ကတည်း ရပ်ကွက်မေးငေါ့ခံရဖို့ချည်း ဖြစ်နေတာပဲ..”
“ကံ ကို ပလန် နဲ့ ပြောင်းလို့ရပါတယ်ကွ...”
“ဟား..ဟား...ပလက်ဖောင်းပေါ်မှာ အိပ်ရမဲ့ ပလန်ဆိုရင်တော့ မကြံတာ ကောင်းပါတယ်ဟ.....မင်းအိမ်က မခေါ်သေးရင် ဒီမှာ ကျန်ခဲ့လေ...ငါ မလတ် ကိုသွားခေါ်လိုက်ဦးမယ်..”
“မနေချင်ပါဘူးကွာ...လိုက်မယ်..”“ဟာ..ဆရာက ဘယ်လို ပြန် မလည်း..”
နိုင်ထူး အသံကျယ်သွားတော့
အိမ်ရှေ့ လမ်းမဘေးက အုတ်ခုံမှာထိုင်နေတဲ့ ဆရာက အိမ်ထဲ ပြန်ဝင်လာပြီး...
“..နောင်ရေ...ငါတော့ တက္ကစီ နဲ့ ပဲ သွားတော့မယ်ကွာ....မင်းနော်...ငါ့ကို ပြန် လွှတ်ပြီး ပြသာနာရှာ မနေနဲ့ ဦး..”
“ဟာ...မလုပ်ပါဘူး..”
ဆရာ က အိတ်ယူပြီး ဆင်းသွားတော့ နိုင်ထူး မယုံသင်္ကာဖြင့် မင်းနောင်ကို တစ်ချက်ကြည့်လိုက်သည်.။
ဒီကောင်လည်း ယုံရတာမဟုတ်ဘူး..။
သူ့ အိမ်က သူ့ အကြောင်းသိလို့ ကား လာခေါ်မှ ပြန်ထည့်ဖို့ နဲ့ ကျူရှင်ဆရာကပါ အနားမှာ အမြဲစောင့်ကြည့် ထောက်လှမ်း ပေးထားရတဲ့ အဆင့်...။
“သွားမယ်လေ..”
“မင်း ဘာပွဲရှိလို့လည်း..”
“ဒီလို..ဒီလို ပေါ့..”
“မင်းနောင်...စာမေးပွဲ နီးနေပြီနော်...”
“အေးပါကွာ...ငါ သိပါတယ်...လာ သွားမယ်လေ...”
ပြတင်းပေါက်တွေ ဘာတွေ တောင် လိုက်ပိတ်ပေးနေတော့ နိုင်ထူး  စားပွဲခုံ သိမ်းပြီး စာအုပ်တွေကို လွယ်အိတ်ထဲ ခပ်သွက်သွက် ထည့်လိုက်သည်..။
မလတ်တို့ ဆိုင်က နေရာ ရွေ့သွားတော့ အရင်လို အလုပ်ရှင် အိမ်မှာ ၀င်နေလို့ မရတော့ဘူး..။
ဆိုင်ပိတ်ချိန်က နိုင်ထူး ကျူရှင်ချိန် နဲ့ တိုက်နေလို့ထွက်လိုက်ရပေမဲ့ အိမ်မှာ ကျူရှင် ဝိုင်း တစ်ခု ရှိလို့တော်သည်..။
“တံခါးက ဘယ်လို လုပ်မလည်း...”
“ရတယ်..သော့ချိတ်ခဲ့မယ်...”
နိုင်ထူးတို့ လမ်းမ ပေါ်ရောက်တော့ ခြောက်နာရီပင် ခွဲတော့မည်...။
မလတ်ကတော့ ပူညံ ပူညံ လုပ်တော့မှာ ကြိုမြင်နေရပြီ..။
.
“ဟယ်..”
နိုင်ထူး တစ်ကောင်ကို နောက်ကျလို့ အပြစ်တင် နေမိပေမဲ့ လမ်းကူးလာတော့ ဘေးက အပို တစ်ယောက်နဲ့..။
ဒီကောင်လေး ခုချိန်ထိ အိမ်မပြန်သေးဘူးလား..
အိမ်မှာ ကျူရှင်လာသင်ကတည်းက လတ်ရဲ့ အလုပ်ချိန် နဲ့ တိုက်နေလိ်ု့ မတွေ့ဖြစ်တာ ခုချိန် အထိ...။
ဟူး...စိတ်တွေလည်း ဆင်းရဲပါရဲ့...အဟောင်းတွေ အသစ်ဖြစ်လာပြန်ပြီ......ကလေးပဲ အရာအားလုံး မေ့မေ့ ပျောက်ပျောက် ဖြစ်နေတာ ကောင်းပါတယ်...မေ့သွားပါစေ...မေ့သွားပါစေ...။
လက်ထဲက စက္ကူအိတ်ကို တင်းနေအောင် ဆုပ်ကိုင်ထားရင်း တစ်ဖက် က လမ်းကူးလာမဲ့ သူတို့ကို မလှုပ်မယှက် စောင့်နေရသည်..။
.
“နေဦး..နိုင်ထူး..”
“ဟမ်..”
“ငါ မလိုက်တော့ဘူး..တက္ကစီ နဲ့ ပြန်တော့မယ်..”
“ဟ...ဘယ်လို ဖြစ်တာလည်း..”
နိုင်ထူးမှာ ကားလမ်းရှင်းတော့ သူ့ကို တစ်ခါ ပြန်စောင့်နေရပြန်သည်..။
လက်ထုတ်ပြီး တားနေတော့ ခဏ အကြာမှာ ကားတစ်စီင်္း ထိုးရပ်လာသည်..။
“ဒိုးပြီ...”
“ဟ...မင်းနောင်....ဟေ့ကောင်...နောင်....”
ကားထွက်သွားတော့ နားမလည်နိုင် ဖြစ်ကျန်ခဲ့ရပေမဲ့ ကားလမ်းကူးခါ မလတ်ဆီ ရောက်အောင် သွားလိုက်ရသည်.။
“ဟိုကောင်လေး မလား..”
မလတ် က လက်ညိုးညွန်ရင်း မေးတော့ နိုင်ထူး ခေါင်းညိတ်ပြီး ကားကို လိုက်ကြည့်နေလိုက်သည်..။
ဘာတွေ သွားရှာဦးမှာလည်း မသိဘူး..သူ့ အိမ်ဖုန်းဆက်ပေးဖို့ ဖုန်းနံပါတ် မသိတော့ စိတ်ရှုပ်ရသည်.။
“သွားမယ်လေ..”
“အင်း..”
“နင် ကလည်း နောက်ကျလိုက်တာ...”
“ဟိုကောင်လေ...အိမ်က လာမခေါ်သေးလို့ စောင့်နေတာ..”
“အခုကျတော့ တက္ကစီ နဲ့ တက်သွားတယ်..”
“ဟုတ်တယ်..”
လတ် အပြန်လမ်းမှာ အတွေးတွေနဲ့ အတူ သက်ပြင်းမောတွေ ပါလာပြန်ပြီ..။
တမင်တခါ ရှောင်နေရအောင် လတ်ကို ဘယ်လို မိန်းမ ထင်သွားလို့လည်း..။
အိုး...ကိုယ့်မောင်လေးအရွယ် က အစ အထင်သေးနေပြီ ထင်ပါရဲ့..။
.
“နိုင်ထူးရေ..”
“ဟင်..”
လတ် အ၀တ်တွေ မီးပူထိုးနေချိန် အိမ်ရှေ့က ခေါ်သံကြောင့် ခေါင်းထောင်ကြည့်လိုက်သည်..။ဟိုကောင်လေးကို လာပို့ဖူးတဲ့ အဖြူရောင် ခပ်မြင့်မြင့် ကား...။
“နိုင်ထူးရေ....ဒီမှာ..”
“လာပြီ...”
“ဘာလည်း မလတ်...”
အခန်းထဲကနေ ခေါင်းကုတ်ရင်း ထွက်လာပြီး မေးပင့်မေး တော့ အိမ်ရှေ့ကို မေးငေါ့ ပြလိုက်ရသည်..။
“ကိုမင်းအောင် ....ကိုမင်းခေါင် လည်း ပါတာပဲ..လာလေ..”
“ဟအေး..ငနောင် ..ဒီမှာ မရှိဘူးမလား..”
“ဟင်....”
နိုင်ထူး ရင်ထဲ ထိတ်ခနဲ ဖြစ်သွားခါ တစ်ခု ကို သတိရမိသည်..။
“သူ ပြန်သွားတာ ကြာပြီလေ အကို..”
“ဘာ နဲ့ ပြန်တာလည်း..”
“တက္ကစီ နဲ့ပဲ ခြောက်ခွဲကျော်လောက် ကတည်းက ပြန်သွားတာပါ...”
“ကျစ်...ထင်တဲ့ အတိုင်းပဲ….. ကိုအောင် ဘယ်လို လုပ်ကြမလည်း..”
“ဘာ..ဘာဖြစ်လို့လည်း ဟင်..”
နိုင်ထူး ကားအနား တိုးသွားပြီး သိချင်တာကို အထစ်အငေါ့ မေးလိုက်တော့ ကိုမင်းခေါင်က သက်ပြင်းအရင်ချသည်..။
“ဒီကောင်...စာလုပ်စရာ များလို့ ကိုးနာရီမှ လာခေါ်ဖို့ ဖုန်းဆက်တယ်...စောစောက မင်းတို့ ဆရာ့ ဆီ ဖုန်းဆက်တော့မှ သိလိုက်တာ...ဒီကောင်ကလေ..နည်းနည်းမှ ေ×ာက်ချိုးမပြေဘူး..စိတ်ရှိတိုင်းလုပ်ရင် မသာပေါ်တော့မယ်...တောက်...”
ကိုမင်းခေါင်က သူရဲ့ ပခုံးပေါ်ကျော်ကျလာတဲ့ ဆံပင်ရှည်တွေကို စိတ်မရှည်သလို ဆုပ်ကိုင်ပြီး နောက်ကို ပို့ပစ်သည်..။
ညီ အစ်ကို နှစ်ယောက်စလုံး မျက်နှာတွေ တည်တင်းနေတော့ နိုင်ထူးလည်း နည်းနည်း လန့်လာသည်..။
“အကုန်လုံးအေးဆေးပါကွာ…ကိုအောင်က အဆဲသန်ပေမဲ့ လက်မပါဘူး..ကိုခေါင် က ပိုတောင် အေးတယ်…ငါ့လိုချင်တာဆို နှစ်ခါ မပြောရဘူး..ကိုမောင် က ထိုင်းရောက်နေပေမဲ့ ဘာလိုချင်လည်း အကုန်ပို့ပေးတယ်…အေး…တစ်ယောက်တည်း ပဲ ကိုဆောင် က တော့ ငါ့ အဖေ့ထက်ကို ပိုကြောက်ရတယ်ကွာ…အကြီးဆုံးဖြစ်နေတော့ လက်သံကလည်း ဘာကောင်းသလည်းမပေးနဲ့…မနှစ်က ရန်ဖြစ်ပြီး ကောင်မလေး တစ်ယောက်ကို ထိုးမိသွားတာကို သူ အသားကုန်စိတ်ဆိုးတာကွ…ငါ့ကို လက်ပြန် တစ်ချက်ပဲကျွေးတာ နှစ်ခမ်းကွဲပြီး မူးနောက်သွားတာပဲ….ဝူး…ပြောရင်း ကြောက်ဖို့ကောင်းလာပြီ…”
သူတို့ အိမ်ကို လိုက်သွားတိုင်း ညီအစ်ကိုတွေအကြောင်း မိသားစုအကြောင်းတွေ ပြောပြတက်သည်..။
နိုင်ထူးမှာ သူ့စကားတွေကို နားထောင်ပြီး ကိုမင်းဆောင်ကို မျက်နှာချင်းဆိုင်တွေ့မှာတောင် ကြောက်မိသည်..။
သူ့အကိုအကြီးဆုံးသာ သိရင်တော့ မင်းနောင်တော့ တကယ်သေပြီပဲ…။
စိတ်ညစ်စရာလျော့သွားအောင် ရှာကြံတွေးရင်း….။
“ဟို...ဖုန်းခေါ်ကြည့်ပါလား အကို..”
“ခေါ်ပြီးပြီ...မကိုင်ဘူး..မင်း ကို ဘယ်သွားမယ် ပြောလည်း..”
“အိမ်ကိုပြန်မယ် ပြောသွားတာပါ..”
“သူ သွားတက်တဲ့ နေရာတွေ ရှာကြည့်ရမှာပဲ မင်းခေါင်..”
ကိုမင်းအောင် ပြောတာ ကို ကိုမင်းခေါင်းက ခေါင်းညိတ်ပြီး မျက်မှန် ကောက်တပ်ခါ နိုင်ထူးကို တစ်ချက် ကြည့်သည်..။
“ဘကျော် ဆိုတဲ့ ကွမ်းယာဆိုင်ကို မင်းသိလား.”
“သြော်..သိတယ်..ကွမ်းယာဆိုင် မဟုတ်ဘူး အကို..လက်ဖက်ရည်ဆိုင်ပါ....နှစ်လမ်း ကျော်မှာ ရှိတယ်...”
“အေး..အဲဒီ့ကို တစ်ချက်လိုက်ပို့ပေးပါလားကွာ......မင်းလိုက်လို့ ဖြစ်လား..”
နိုင်ထူး အိမ်ပေါ် ကို လှမ်းကြည့်တော့ မလတ်က နှုတ်ခမ်းစေ့ ခါ ခေါင်းညိတ်ပြီး လိုက်သွားဖို့ တိုက်တွန်းနေသည်..။
နာရီ ကြည့်လိုက်တော့ ကိုးနာရီ ထိုးတော့မည်..။
ဒေါ်လေး ပြန်လာတော့မှာပါ.... ဟိုလူကလည်း ည နက်မှ ပြန်လာတာ...။
ကားပေါ် ရောက်ပြန်တော့ မလတ် အတွက် စိတ်မချ ဖြစ်ရသလို မင်းနောင် အတွက်လည်း စိတ်ပူ နေရသည်..။
“ဟင်း..”
ကား အဖြူလေး အိမ်ရှေ့က လှိမ့်ထွက်သွားတော့မှ လတ် အိမ်တံခါး ဂျက်ထိုးရင်း သက်ပြင်းရှည် ချမိသည်..။
တော်ပါသေးရဲ့ ..နိုင်ထူး..ဒီလောက် မဆိုးတက်လို့...။
လူကြည့်တော့ ပိုးဖလံလို ပိန်ပိန်ပါးပါး...မျက်နှာလုံးလုံး မျက်ခုံးထင်းထင်းလေး နဲ့ လိမ်မာတဲ့ ကလေးတစ်ယောက်လိုပါပဲ…မျက်လုံး တစ်ခုတည်း အနက်ရောင်စူးရှရှ  ရှိပေမဲ့ အခုတော့ မထင်ထားလောက်အောင် ဆိုးသွမ်းတဲ့ ကောင်လေးပဲ..။
စာကြည့်ဝိုင်းသာ မရှိရင် ဒီလို လူမိုက်ပေါက်ကလေး နဲ့ မပေါင်းဖို့ နိုင်ထူးကို တားမိမှာ...။
စာမေးပွဲ ကပ်နေခါ မှ ပြသာနာ ဖြစ်ရတယ်လို့...နိုင်ထူး လည်း ၀င်ပါနေရင် ဒုက္ခပါပဲ...။
လတ် တစ်ယောက်တည်း အတွေးတွေ ဖြင့် နိုင်ထူးကို လွတ်မိတာတောင် နောင်တရချင်လာသည်..။
“ဒုန်း..”
“အမလေး..”
မီးဖိုချောင် ရေကပျဉ်က တံခါးကို တစ်ခုခု နဲ့ ထုရိုက်သံ ကြားတော့ လတ် လန့်ပြီး တုန်တက်သွားရသည်..။
သူခိုး လား ဓားပြလား...။
“ဂျောက်...”
တံခါးဂျက် ဖြုတ်သံ ကြောင့် လတ် အသက်တောင် သိပ်မရှုဝံ့...။
“အဟွတ်....အဟမ်း....အေ့...”
“ဟင်...”
လတ် မျက်လုံးအစုံ ပြူးထွက်ရင်း ရင်တွေ တဒိန်းဒိန်း ဆောင့်ခုန် ကုန်ရသည်..။
အိမ်ရှေ့တံခါးက ဆင်းပြေးရ ကောင်းမလား..။
“သမီး...လတ်လတ်....ဦးလေးကို ကူညီပါဦး...”
လတ် ဘာမှ မစီစဉ်နိုင်ခင် အနားကို ရောက်လာပြီမို့ ခြေလှမ်းတွေကို နောက်ဆုတ်ပစ်လိုက်မိသည်..။
“သွေး...သွေး....သွေးတွေ...”
အင်္ကျီ  ညစ်ထပ်ထပ် မှာ သွေးရောင်တွေက လတ်ဆတ်ပြီး နီစွေးနေတော့ လတ် လက်ညိုးထိုးရင်း မျက်လုံးပြူးနေမိသည်..။
“ဟုတ်တယ်...ဟုတ်တယ်...တိတ်တိတ်နေနော်...ဦးလေးကို ကူညီပါ...ဦးလေး လူသတ်မိလို့...”
‘ရှင်...”
လတ် လက်ညိုးတွေပါတုန်ယင်လာပြီး ဒူးခွေကျမတက် ဖြစ်နေပေမဲ့ ထိုလူက အိမ်တံခါး ကို ပြေးသွားခါ အပြင်ကို ချောင်းကြည့်နေသည်..။
“တိတ်တိတ်နေ...လူတွေ လိုက်လာပြီထင်တယ်..”
“ဟင်...”
လူတွေ...ဒီလူကြီး လူသတ်ပြီး ပြေးနေတာလား.....လူသတ်တရားခံကြီး...အခုပဲ လူသတ်လာတာဆိုတော့...လတ်ကိုလည်း တစ်ခုခု လုပ်သွားရင်...
“လာကြပါဦးရှင်...ကယ်ကြပါဦး....ဒီမှာ လူသတ်သမား......ကယ်ကြပါဦး...”
လတ် လည်ချောင်း တစ်လျှောက် နာကျင်သွားအောင် အသံကုန်အော် လိုက်တော့ အိမ်တံခါးကနေ ပြန်ပြေးတက်လာပြီး ဘာ လုပ်ရမှန်း မသိဖြစ်နေသည်..။
“မသာမ..”
လတ် ဆီ ကို လက်ရွယ်ပြီး ပြေးလာရင်းက နောက်ကို လှည့်ကြည့်ပြီး အိမ်တံခါးကို ဆွဲ ဖွင့်ခါ ဆင်းပြေးတော့သည်..။
“ဟင်း...”
အသက်ရှု ဖို့ မေ့နေတဲ့ လတ် မှာ သက်ပြင်းရှည် တစ်ချက်ရှိုက်ပြီး ရပ်နေတဲ့ နေရာမှာ ခွေကျသွားရသည်..။
“လတ်လတ်...ဟေ့...ဘာဖြစ်တာလည်း..”
“ဟို...ဟို...ဦး....ဦး...၀င်းနိုင်...လူသတ်လာတာ..”
“ဟမ်..ဘယ်မှာလည်း...”
“မသိဘူး...သူ့ တစ်ကိုယ်လုံးသွေးတွေ...”
“ဟာ..ဘယ်ရောက်သွားလည်း...ရပ်ကွက် ဥက္ကဌ သွားပြော ရမယ်..”
ရှေ့ အိမ်က လူ နှစ်ယောက်က အိမ်ရှေ့က ခပ်မြန်မြန် ထွက်သွားတော့ သွေးတွေကို မြင်ယောင်ပြီး လတ် ကြောက်လာရပြန်သည်..။
“သမီး...လတ်လတ်...”
“ဒေါ်လေး....ဒေါ်လေး...ဟီး...”
“ဟဲ့...အို...ဘယ်လိုဖြစ်တာလည်း...ကျော်မိုး တို့ အပြေးအလွှားနဲ့ ဘာတွေ ဖြစ်ကြတာလည်း မသိဘူး..ငါ့ကို လည်း အိမ်အမြန်ပြန်တဲ့...”
“ဦး၀င်းနိုင်ရယ်...လူသတ်လာတယ်...”
“ဟေ...”
ဒေါ်လေးက ထိုင်လျက် ပြုတ်ကျတော့ လတ် ဒေါ်လေး လက်မောင်းကို ဖမ်းကိုင်ခါ ထိန်းလိုက်ရသည်..။
“ဒေါ်လေး...သတိထားပါ..ဒေါ်လေးရယ်...ဒေါ်လေး....အိုး...”
လတ် ရင်ခွင်ထဲက ဒေါ်လေးကို ကိုင်လှုပ်ပြီး ခေါ်နေရင်း စိုးရိမ်စိတ်က ငယ်ထိပ် တက်ဆောင့်တော့သည်..။
ဒေါ်လေးသာ တစ်ခုခု ဖြစ်သွားရင်တော့  လတ်တို့ မောင် နှမ နှစ်ယောက်စလုံး ဒုက္ခရောက်ရပါတော့မည်..။
“မလတ်...ဘာဖြစ်တာလည်း..”
“သွား..သွား...လမ်းထိပ်က ဆရာ၀န် သွားခေါ်စမ်း နိုင်ထူး...မြန်မြန်သွား...”
လတ် အော်လိုက်တော့မှ အိမ်ပေါ်တက်လက်စ နိုင်ထူးက သတိ၀င်ပြီး အိမ်ပေါ်က ဆင်းပြေးသည်..။
“ရှော့ခ်ရသွားတာပါ...ဆီးချိုလည်း တက်နေတယ်...”
“ဟုတ်ကဲ့...”
“ဆီးချို ရှိတော့ နည်းနည်း သတိထားစေချင်တယ်...တက်နိုင်ရင် ဆီးချိုတိုင်းတဲ့ စက်လေး၀ယ်ထားပြီး ပုံမှန်တိုင်းပေး နည်းနည်း တက်နေရင် ဆေးလေးသောက်ဆိုရင် ..ပိုကောင်းတာပေါ့....”
“ဟုတ်....”
ဆရာ၀န်က သောက်ဆေးတွေပါ ပေးခဲ့ပြီး နိုင်ထူးက ဆရာ၀န်ကို ပြန်ပို့ပေးရသည်..။
ဒေါ်လေး ဘာမှ မဖြစ်လို့...တော်ပါသေးရဲ့ ။
.
“ဒေါ်လေး ရယ် စျေးတော့ မထွက်ပါနဲ့ ဦး..”
“နေကောင်းနေပြီပဲ သမီးရယ်...စျေးထွက်တော့ ၀င်ငွေ ရှိတာပေါ့လေ..”
လတ် တားနေပေမဲ့ ဒေါ်လေးကတော့ မုန့်ဟင်းရည် ချက်ဖို့ အတွက် စပြီး စီစဉ်နေပြီ..။
ဘယ်လို တားတား မရဘူးဆိုတာ သိလို့ လတ်လည်း အလုပ်မသွားတော့ပဲ ကူဖို့ ဆုံးဖြတ်လိုက်ရသည်.။
အိမ်မှာ ဦး၀င်းနိုင် မရှိတော့ ဒေါ်လေး နေကောင်းသွားချိန် လတ် အပျော်ဆုံး ဖြစ်နေသည်..။
ဦးကျော် လာပြောတာတော့  အရက်ဆိုင် အထွက်မှာ ရန်ဖြစ်ပေမဲ့ ဘယ်သူမှ မသေပါဘူးတဲ့
ဦး၀င်းနိုင်  ဒဏ်ရာက ထွက်တဲ့ သွေးလောက်ကို  အမြင်မှားပြီး အိမ်က ထွက်ပြေးတာ ဘယ်မှာ မှ စုံစမ်းလို့မရတော့ပါ..။
ဒေါ်လေးကလည်း ပါးစပ်ထဲတောင် ထည့်မပြောတော့ လတ် လည်း စကားစ ပြန်မဖော်တော့ပါဘူး..။
အခုဆို အိမ်မှာ ငြိမ်းချမ်းနေတာ ဆယ်ရက်တောင် ကျော်လာပြီ မလား..။
“နိုင်ထူးကော သမီး..”
“မသိဘူးဒေါ်လေး..စာမေးပွဲ နီးနေတာ ဘယ်တွေ သဝေတိုးနေပြန်ပြီလည်း မသိဘူး..”
လတ် စိတ်ထဲ နိုင်ထူး စာမေးပွဲ ၀င်လာတော့ စိတ်တိုရပြန်ပြီ..။
သူများတွေ စာမေးပွဲနီးလို့ အသေအကြေ ကြိုးစားနေချိန် ဒင်းကတော့ ပေတစ်ရာမှာ ခြေဆန့်နေနိုင်လိုက်တာ....။
ပြောလိုက်ရင် မျက်လုံး မှိတ်ဖြေတောင် အောင်ပါသတဲ့လေ...
ရှုံးလို့ကတော့လေ..။
“သြော်...မနေ့က နောင်လေး အိမ်ကို လိုက်သွားမယ်တဲ့...”
“ဘယ်က နောင်လေး လည်း ဒေါ်လေး..”
ကြက်သွန် အခွံတွေ စုသိမ်းရင်း မေးလိုက်တော့ ဒေါ်လေးက မျက်စောင်း အရင် ခဲသည်..။
ဘာလုပ်လို့ပါလိမ့်..။
“ကျူရှင် လာသင်နေတဲ့ ကောင်လေး လေ..သူ့ဆရာက အဲ့ကောင်လေးကို နောင်လေး လို့ ခေါ်တယ်လေဟဲ့...”
“သြော်..ဟိုကောင်စုတ်ကလေးလား..အချိုးကို မပြေပါဘူး..”
လတ် အမြင်ကပ်ကပ် ဖြင့်ပင် နှာခေါင်းရှုံ့ခါ ဝေဖန် လိုက်မိသည်..။
“ဟဲ့...သူတို့ ဒီမှာ စာလာသင်နေလို့ ညည်း မောင်လည်း စာ လုပ်လို့ရနေတာမလား..ကျေးဇူးတင်စမ်းပါ သမီးရယ်..”
“အိုး..စာလာသင်တာလည်း ဆယ်တန်းကျောင်းသားကို ကားက မြောင်းပေါက်အောင် ကြိုပို့ လုပ်နေရလား..ဒီလောက် စောင့်ကြပ်နေတဲ့ ကြားက ရန်ဖြစ်တာ တစ်မျိုး လက်ဖက်ရည်ဆိုင်ထိုင်တာ တစ်မျိုး...
အိမ်ကလည်း မနိုင်ပါဘူး....ဟို တစ်ခါလည်း အကိုတွေ ရှာမရလို့ နိုင်ထူးကိုတောင် စစ်ကူ ခေါ်သွားရသေးတယ်..”
“ကျေးဇူးရှင်လေးပါ လတ်ရယ်...ကျူရှင် ဒါမျိုး အနီးကပ် စျေးဘယ်လောက်လည်း နင်သိတယ်မလား..”
“ဟင်း..”
လတ် သက်ပြင်းချပြီး ကြက်သွန်ဖြူကို ခပ်သွက်သွက် အခွံနွှာနေလိုက်သည်..။
ကျေးဇူးရှင်လေးတဲ့လေ...
အမလေး...ဦး၀င်းနိုင်လက်ထဲက ဒင်း ကယ်တင်ထားတာ သိရင် ဒေါ်လေးတို့ စင်ထိုး တင်ထားမလားပဲ...။
ဟိုရက်ကတွေ့တော့ မျက်နှာချင်းဆိုင် လမ်းကနေ ကားတားပြီး ထွက်သွားတာလေ...။
သူ့ အိမ်ကများ ငါ့ ကို ရပ်ကွက်က ပြောနေတဲ့ အကြောင်းတွေ သိသွာလို့လား..။
ကျူရှင်သာ လာ မသင်ကြတော့ရင် နိုင်ထူး အပေကောင်တော့ ဒုက္ခပါပဲ...။
အခုတောင်ကျူရှင်ဆရာ မလာတာ ဆယ်ရက်ကျော်နေပြီ..
ကျူရှင် ပြန်ထားဖို့ ငွေလည်း လတ် နဲ့ ဒေါ်လေး နှစ်ယောက် ပိုက်ဆံ ပေါင်းရင်တောင် ငါးထောင်ကျော်သာ ရှိတာ..ကျူရှင်လခက သုံးသောင်း...။
“ဟူး...”
.
“ ဘယ်လိုနေသေးလည်း..”
“အသေးစားပါ..”
“အသေးစားက ဆယ်ရက်ကျော်နေပြီ..”
နိုင်ထူးက ကုတင်ပေါ်မှာ ထိုင်လိုက်တော့ နောင် ပခုံးတွန့်ပြလိုက်သည်။
ဟူး...မာမီ နဲ့ အကိုတွေကလည်း ဆူ..အခုလည်း ဒီကောင်လိုက်လာပြီ ဆူဖို့ပဲ နေမှာပေါ့...။
ကျစ်..စိတ်ရှုပ်လိုက်တာ....။
နောင် ရန်ဖြစ်လို့ ခါးဒဏ်ရာ နာတာ နှစ်ရက်တည်း ဖျားလို့ အိပ်ရာထဲ လဲသွားတာ တစ်ပတ် ကျော်လာပြီ...။
အဖျား မရှိတော့ပေမဲ့ လူက နုံးကျန်နေခဲ့လို့ နေရ ထိုင်ရတာ လေးတွဲပြီး အဆင်မပြေသေး..။
“မင်းက ခေါင်းစားဖို့ လာတာလား နိုင်ထူး..”
“မဟုတ်ပါဘူးကွာ..စာတွေ ဘာတွေကျက်ဖို့ လာသတိပေးတာ..”
“မင်းကျတော့ စာကျက်တာ သု၀ဏ္ဏ အထိ ရောက်လာတယ်နော်..”
“ငါက ပိုင်တယ်..”
“သုညလား..”
“ခွေးကောင်..”
နိုင်ထူး  ခုံပေါ်တင်ထားတဲ့ ဆေးလိပ်ဘူးဆီ လက်လှမ်းတော့ နောက်ကို ရွေ့လိုက်ပြန်သည်..။
ဒီကောင်က ကျန်တာ အားလုံးပေးကျွေးပေမဲ့ ဆေးလိပ်ဆိုရင် သေအောင် ကပ်စေးနဲတဲ့ကောင်...။
“မလတ် နဲ့ ဒေါ်လေး နေကောင်းလား ”
“အမလေးကွာ....ရပ်ကွက်ထဲ မလတ် အသံချည်းပဲ..သူသောက်ရမ်းပျော်နေတယ်...”
“ဘာဖြစ်လို့လည်းကွ...ယောင်္ကျားရတော့မှာမို့လို့လား..”
“ဒီလောက် သတင်းတွေထွက်တဲ့ သူ့ကို ယူမဲ့ ယောင်္ကျားတော့ ဒီတစ်သက်မရှိတော့ဘူး...”
“ဒါဆို မလတ် က ထီပေါက်လို့ ပျော်နေတာလား..”
“ မဟုတ်ဘူးကွ...
အခု ဦးဝင်းနိုင် အိမ်မှာမနေတော့ဘူး...လူသတ်မှုနဲ့ ထွက်ပြေးနေတယ်လေ...”
“သြော်..ဒါကြောင့်လား...”
“အေး...မင်း နေကောင်းပြီလား လာကြည့်တာ...ငါပြန်တော့မယ်..”
“နေဦး...ငါလည်း လိုက်မယ်..”
“ဟာ..မင်း နေမကောင်းဘူးလေ..”
“ရတယ်...အဆင်ပြေရင် ဆရာ့ကို ဖုန်းဆက်ပြီး ခေါ်လိုက်မယ်...ငါတို့ အရင်ဒိုးမယ်လေ..လာထ..”
နေမကောင်းဘူးဆိုတဲ့ ကောင်က အခုကျပြန်တော့ အ၀တ်အစားတောင် လဲနေတာ အကျအန..။
ဖုန်းဆက်တော့...ဖျားလို့ သေတော့မယ် ဆိုပဲ..
“မင်းပြောတော့ သေတော့မယ်ဆို..”
“ဟဲ..ဟဲ...ရှင့်ကို လွမ်းလို့ပါ ထူးရယ်..အဟိ..”
“အား..မသာ.....မင်း ငါ့ အနားမလာနဲ့..”
“ဟား..ဟား...”
နိုင်ထူး ကြောက်သလို ခုန်ဆွဆွ လုပ်ရင်း အခန်းပြင်ရောက်အောင် ပြေးထွက်ခဲ့လိုက်သည်...။
သူတို့ အိမ်ကို ခဏခဏ ရောက်ထားတော့  ဘယ်နေရာမှာ ဘာဆိုတာလည်း သိနေပြီ..။
အိမ်မှာ အချိန်တော်တော် များများကို ၀န်ထမ်းတွေပဲ တွေ့ရသည်..။
သူ့ အမေ က စိန်တိုက် တစ်ခု ပိုင်ပြီး သူ့ အကိုတွေကလည်း သူ့ အဖေရဲ့ လုပ်ငန်းကို ခွဲဝေ တာ၀န်ယူရတော့...ကျောင်းတက်နေသေးတဲ့ သူ တစ်ကောင်ပဲ အိမ်မှာ နေတာ များသည်..။
ဒီကောင်ကတော့ နန်းတော်နဲ့ တူတဲ့ အိမ်ကြီးမှာ မပျော်နိုင်တဲ့ ကောင်…
တစ်ခါတလေ...ကျူရှင်လာရင်း နိုင်ထူးတို့ အိမ်မှာ တစ်နေ့ကုန် နေတက်သည်..။
“တက္ကစီ နဲ့ ဒိုးမယ်..”
“ကောင်းတယ်..”
“နိုင်ထူး..ငါ့ကို ကြည့်စမ်း လူမမာ ပုံ ပေါက်နေလား.”
“ဟအေး..ဘိန်းစားရုပ်ပဲ ပေါက်တယ်..”
“အေး..ကောင်းတယ်....တော်ကြာ စော်လေးတွေ လိုက်ဆွဲမှာ စိုးလို့..”
“မသာလေး...လာ..သွားမယ်..”
နိုင်ထူး ပခုံးကို ဖက်ပြီး လှေကားဆီ လျှောက်သွားရင်း သူ့ အခန်းပြန်ပြေးခါ ဆေးလိပ်ဘူး ယူသေးသည်..။
သူ့ အတွက်သာ သူယူတာ နိုင်ထူး ဆိုရင်တော့ တစ်လိပ်တောင် တိုက်တဲ့ ကောင်မဟုတ်ဘူး..။
.
“ဒေါ်လေး ဆီမသပ်နဲ့နော် လတ်လုပ်မယ်....”
“အေးပါ..”
အ၀တ်တွေ လျှော်နေရပေမဲ့ လတ် မှာ စိတ်မဖြောင့် နိုင်ပဲ လှမ်းအော် သတိပေးနေရသည်..။
သွားနှုတ်ထားရတဲ့ အနာက ဆီးချို အရှိန်ကြောင့် တော်တော် ဖြင့် မပျောက်နိုင်သေး..။
ဒေါ်လေးကလည်း ဖြစ်ပြီဆိုမှ သာ အသည်းအသန် နည်းနည်း နာရုံလုပ်ကတော့ ပေတေ ပြီးကို လုပ်တက်တာ...။
“လတ်ရေ များသေးလား..ထမင်းအရင်စားကြမယ်လေ..”
“ပြီးပြီ ဒေါ်လေး..လတ် အ၀တ်လှန်းနေပြီ...”
အိမ်နောက်ဖေး နဲ့ ခြံ စည်းရိုး ကြား က တစ်ပေအကွာ နေရာလေးကို ကြိုးတန်း လုပ်၍ လှန်းရတာမို့လို့ အသံလုံ ပြီး မနည်းအော်နေရသည်..။
အ၀တ်တွေ လှန်းပြီးတော့ မီးဖိုချောင်က ထမင်း ဟင်း ပန်းကန်တွေ တစ်ခုချင်းဆီ အိမ်ရှေ့ကို သယ်ရပြန်သည်...။
“ဟော..ပြန်ကြွလာပြီလား..”
“နိုင်ထူး..ကောင်စုတ်..စာမေးပွဲနီးနေတာတောင် နင် ဘယ်တွေကို သဝေထိုးနေတာလည်း..ဟမ်..သူဌေးသားနဲ့ ပေါင်းပြီး လတ်လျားလတ်လျား လုပ်မနေနဲ့ သူတို့ က အချိန်တန် ငွေထိုးပြီး အောင်တယ်....နင်သာ ခွေးကျ ....အဲ.....ဟိုဟာ....”
နိုင်ထူး အနောက်က ခေါင်း တစ်လုံး ထွက်လာပြီး မျက်လုံး နက်နက်တွေကို တွေ့တော့ လတ် စကားတွေ လမ်းမှာတင် ရပ်တန့် ကုန်တော့သည်..။
“အတော်ပဲ လာ..နိုင်ထူး..ထမင်း တစ်ခါတည်း စား..”
“ဟုတ်..”
နိုင်ထူးက သူ့သူငယ်ချင်းကို ပြောလို့ မျက်နှာ စူပုတ်ပုတ် ဖြင့်  လက်ဆေးခါ ထမင်း ဝိုင်းမှာ ၀င်ထိုင်သည်..။
“သား...နောင်လေး လည်းလာလေ....ကလေးရဲ့...ဟင်းတော့ သိပ်မကောင်းဘူးပေါ့ကွယ်...”
“ရပါတယ်..ဒေါ်လေး...”
“ခေါ်မနေနဲ့ဒေါ်လေး..ဒီကောင် နေကောင်းခါစမို့  ထမင်း မစားနိုင်ဘူး..”
“ဟုတ်လား...အေးပေါ့လေ...ပါးစပ်ပျက်နေမှာပေါ့..စာမေးပွဲလည်း နီးပြီနော် သတိထားဦး..”
“ဟုတ်...”
နောင် တစ်ယောက်တည်း ထမင်း ဝိုင်းရှေ့မှာ ထိုင်နေရတာ အဆင်လည်း မပြေသလို ထသွားဖို့ ကျပြန်တော့လည်း မသင့်တော်ပြန်ဘူး..
နိုင်ထူးရဲ့ မြန်မာကဗျာ စာအုပ်ကိုသာ ကောက်ပြီး ဖတ်နေလိုက်ရသည်..။
“ရှီး..စပ်လိုက်တာ..”
“ဟုတ်တယ်...ဒေါ်လေး ခပ်စပ်စပ်လေး စားချင်လို့.. ..သံပုရာသီးလေး ညှစ်စားချေ...”
သူ့ဒေါ်လေးက သံပုရာသီး အခြမ်းလေး လှမ်းပေးတော့ နိုင်ထူး ပန်းကန်ထဲက အနီရောင် ထမင်းတွေ အပေါ် သံပုရာခြမ်းကို ညှစ်ချနေသည်..။
သံပုရာသီး အနံ့ မွှေးမွှေး လေး နဲ့ တရှီးရှီး ဖြစ်နေတဲ့ သူတို့ ထမင်း ဝိုင်း အသံတွေက နောင့် ကို ကောင်းကောင်း မြူစွယ်နေပြန်သည်..။
ကျစ်....အိမ်မှာ ကြက်သားဆန်ပြုတ်စားခဲ့ရင် အကောင်းသား...
အခုကျမှ ဗိုက်က လည်း အရှက်မရှိ  စကား နားမထောင်ပဲ ..ဆာလိုက်တာ ....
မြန်မာကဗျာ စာအုပ်ကို ပြူးကြည့်နေရင်းက သံပုရာသီးကို မြင်ယောင်တော့ ခံတွင်း တစ်ခုလုံး ချဉ်လာသလိုလို...။
“ဟေ့ကောင်..မျှော်မနေနဲ့ လာစား..”
“ဟမ်...ငါမမျှော်ပါဘူးကွာ...”
“လာစမ်းပါကွာ...”
နိုင်ထူးက ထမင်းဝိုင်းက ထလာပြီး လက်ဆွဲခေါ်တော့ ပျော်လိုက်တာ.. နှစ်ခါတောင် မခေါ်လိုက်ရ..။
ဒီကောင် အဲ့လို အလိုက်သိနေတာတွေကြောင့် ချစ်ဖို့ တအား ကောင်းနေတာလေ..။
“ထိုင်..သား..ဒီမှာ လက်ဆေး..”
“ဟုတ်ကဲ့...”
မစားနိုင်ပါဘူးလို့ ငြင်းခဲ့ပေမဲ့ အားနာသလိုလို ပုံစံဖြင့်…
လက်ဆေးရေ ဇလုံထဲ လက်နှိုက် ဆေးပြီး တစ်ခါမှ မမြင်ဘူးသည့် ဟင်းတွေကို လိုက်ကြည့်နေမိသည်..။
မဲမဲ အနစ်တွေက ဘာပါလိမ့်...။
နိုင်ထူး ပန်းကန်ထဲ ကျတော့ နီရဲနေတာပဲ ဒီကောင် ဘာတွေ ထည့်စားတာလည်း မသိဘူး..။
“ဟင်းထည့်စား..သား..”
“ဟုတ်ကဲ့...”
ထမင်း ပန်းကန် ရှေ့ရောက်လာတော့ ဘာဟင်း ထည့်ရမယ် ရွေးမရသေး...။
“ထည့်လေကွာ...ငါးဟင်း”
“အင်း...မဟုတ်ဘူး..မင်းစားတာ ဘာလည်း...စပ်တယ်ဆိုတာလေ..”
“ဟား..ဟား....ဒေါ်လေး ငံပြာရည်ကြော် စပ်တဲ့ အသံကြားလို့ ဒီကောင် သွားရည်ယိုသွားတာ...”
“အမ်း..”
နောင် ရှက်ရှက် ဖြင့်ပင် ခေါင်းညိတ် ၀န်ခံလိုက်တော့ နိုင်ထူး က ပန်းကန် ထဲကို ငံပြာရည်ကြော် ခပ်ထည့်ပေးသည်..။
သူ နယ်ထားတဲ့ အတိုင်း ထမင်းကို ရောနယ်ခါ သံပုရာသီးကို ခွင့် မတောင်းပဲ လက်လှမ်းယူပြီး ညှစ်လိုက်သည်..။
အနံ့ နဲ့ကတော့ သွားကြားက သွားရည်တွေတောင် စိမ့်ကုန်ပြီ...။
“သားလေး...အစပ်တွေချည်း မစားနဲ့..ငါးလည်းစားပါ...ဒေါ်လေးတို့ ကစျေးပေါတဲ့ ငါးပဲ ချက်နိုင်လို့...သား စားတယ်မလား..”
နောင် နှုတ်ခမ်း နှစ်လွှာ ပွင့်ဟဟ ဖြစ်နေရင်း ကခေါင်း ညိတ်ပြလိုက်ရသည်..။
မာမီ မွေးကတည်းက ဒီလောက် စပ်တဲ့ ဟင်း တစ်ခါမှ မစားခဲ့ပါဘူး...။
ချဉ်စပ်ဆိုတာ ဒါမျိုးကို ပြောတာနေမှာ...။
စပ်လွန်းလို့ ဆိုပြီး မစားပဲလည်း မနေနိုင်တော့ လျှာ ပြူတစ်တစ် ဖြင့် ပင် အရသာတွေ့နေရသည်..။
“ဒီမှာ..ထည့်စား သား..”
“ငါး မယူဘူး ဒေါ်လေး”
“သူမှ အရိုးမနွှင်တက်တာ..”
“သြော်..ဒါဆို မိလတ် နွှင်ပေးလိမ့်မယ်...”
“ဟုတ်..”
နိုင်ထူးက ရှေ့နေလိုက်ပေးတော့ ကောင်လေးဘေးမှာ ကပ်ထိုင်နေရတဲ့ လတ်ပန်းကန်ထဲကို ငါးဟင်း တစ်တုံး ရောက်လာတော့သည်..။
အနွေးထည် ဘေးအိတ်ထဲမှာ ဆေးလိပ်ဘူးကို တွေ့ကတည်းက လတ် စိတ်ထဲမှာ အမြင်ကပ်နေရတာလေ...။
လူလေး ကြည့်တော့ ဖြူစုပ်စုပ် ခပ်နွဲ့နွဲ့ လုပ်လိုက်သမျှက လူကောင်းပုံစံ ကို မရှိဘူး..။
ဒီကောင်လေး ကြီးလာရင် ပျက်စီးမှာ အသေအချာပါပဲ...နိုင်ထူး ကို ကိုယ်ပေါင်း စိတ်ခွာနေဖို့ မှာရဦးမယ်...။
“ထည့်ပေးလိုက်လေ မလတ်ရဲ့..”
“ဟမ်..အမ်း..”
လတ် အမြင်ကပ်သော်လည်း ပန်းကန်ထဲက ငါးကြင်းသားကို အရိုးကြီးတွေ ဖယ်ပြီးတာတောင် လက်နဲ့ ထပ်လုံး၍ အရိုး ရှာကြည့်ပေးရသည်..။
မဟုတ်ရင် ဒေါ်လေး နဲ့ နိုင်ထူး တို့ အသံထွက်လာကြမှာလေ...။
သူဌေးလေးများ မတော်မဆ အရိုးစူးသွားရင် လုပ်ကြံမှုတောင် မြောက်မလား မသိ...။
“ဟမ်..ဘာဖြစ်လို့လည်း....”
နောင် ထမင်းစားနေရင်း ပန်းကန်ထဲ ရောက်လာတဲ့ ငါး အလုံးလေးတွေ ခြောက်လုံး ကျော်လာတော့ လက်ပြ ထားလိုက်ရသည်..။
ချဉ်စပ် ထမင်းလုပ် ပါးစပ်ထဲက ဝါး မကုန်ခင် အမြန်မြိုချလိုက်ရပြီး....
“တော်ပြီ...မလတ်...ကျွန်တော်  ထမင်း ကုန်တော့မယ်..”
“ထမင်းယူလေကွာ..”
“ဟအေး...ဟို မဲမဲတွေက ဘာဟင်းလည်း..”
“အဲဒါ ပုန်းရည်ကြီး သုပ်လေ သားရဲ့..မစားဖူးဘူးလား..”
“ဟုတ်ကဲ့...”
“ထည့်စားကြည့်လေ ကောင်းတယ်...”
“တော်ပြီ...ငါ တော်တော် စားလိုက်တာ...အစာမကြေ ပြန်ဖြစ်ရင် မင်းကြောင့် ပဲ နိုင်ထူး..”
“ဟောတော့..ကျွေးလည်းကျွေးရသေး..”
“အဲ...ဟို...မလတ်ကို ပြောတာမဟုတ်ပါဘူး..ကျွန်တော်...နိုင်ထူးကို စလိုက်တာပါ...အရိုးနွှင်ပေးတာလည်း ကျေးဇူးတင်ပါတယ်...”
လူရိုး လိုလို လူကောင်းလိုလို နဲ့ ခပ်ကျုံ့ကျုံ့ လေးထိုင်ပြီး ရိုသေပြနေတာ ..
မသိတဲ့ ဒေါ်လေးကတော့ အထင်တွေကြီးလို့ပေါ့...လတ်ကတော့ နှုတ်ခမ်းမဲ့ပြီး ထမင်းကိုသာ အာရုံမှတ်နေလိုက်သည်..။

*✭˚・゚✧*・゚*✭˚・゚✧*

စာရှည်လည်းဖြစ်တယ်ဆိုလို့နော်❤
တအားရှည်လို့
မဖတ်ပဲနဲ့ ကျော်ပစ်ရင် ရင်ကျိုးပြီ 😁
.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ

Group မှာ 
share ပေးလို့
အသည်းလေးတွေ အားလုံး
ကျေးဇူးအထူးထူးပါနော် ❤

စွဲနေပြီWhere stories live. Discover now