Part 31

7.1K 275 1
                                    

စွဲနေပြီ
အပိုင်း (၃၁)
#စွဲနေပြီ

“ဟင်း…”
လတ် သက်ပြင်းချပြီး မီးဖိုခန်းကနေ တစ်ချက် လှမ်းကြည့်မိပြန်သည်။
ပြန်ရောက်ကတည်းက ဂိမ်းဆော့နေတာ တစ်ချက်မှ မထသေး..။
အိမ်ထဲကလည်း အပြင်မထွက်ရလို့ ဖုန်းဆက်ဖို့ အကြံထုတ်နေမိသည်။
ဒင်းဖုန်းကို တီဗွီ နဲ့ ချိတ်ပြီး ဂိမ်းဆော့နေတာမို့ ဖုန်းချခဲ့ရင် ကောက်ယူပြီး နိုင်ထူးဆီ ဖုန်းဆက်ဖို့ စီစဉ်ထားသည်။
အခုတော့ ညဆယ်နာရီထိ ဂိမ်းဆော့နေတာ မထနိုင်သေး...။
ဒင်းကို စောင့်ချောင်းနေရတာ မျက်လုံးတောင် စပ်ချင်လာပြီ..။
လတ် လက်လျော့လိုက်ပြီး နှုတ်ခမ်းကိုက်ခါ မီးဖိုခန်းထဲက ထွက်လာခဲ့လိုက်သည်။
“ဟုတ်တယ်…အသည်း…ကိုယ်အိမ်မှာလေ…သူ့လို ဝက်ကို ဘာလို့ချစ်မှာလည်း…အမ်းပါ…ခုချိန်ထိတော့ ထွက်မသွားသေးဘူး…အဲဒါ ကြောင့်
သည်းမလာနဲ့ ဦးနော်…စိတ်မပူပါနဲ့…”
လတ်ထွက်လာတော့မှ ဂိမ်းဆော့နေတဲ့ ဖုန်းကို နားအနား ကပ်ပြီး ပြောနေတော့ ကြောင်ပြီး ကြည့်နေရသည်။
ဘာဖြစ်တာပါလိမ့်.. ။
တီဗွီ မှာ ဂိမ်းဆော့နေတဲ့ ပုံတွေပြေးလွှားနေပြီး ဖုန်းသံလည်းမကြား.. ဆော့နေရင်းက နားကိုကပ်လိုက်ပြီး တစ်ဝက်တစ်ပျက် စကားလုံးတွေနဲ့ ဖုန်းပြောနေတာ ဆိုတော့ ရူးများနေတာလား..။
လတ်ကို တမင်တကာ စိတ်ညစ်အောင် လုပ်နေတာမှန်း သိလိုက်တော့ နှုတ်ခမ်းမဲ့မိသည်။
လက်စသပ်တော့ လူကိုတွေ့တိုင်း ဖုန်းပြောချင်ယောင်ဆောင်ပြီး ဒေါသထွက် ခံစားရအောင် လုပ်နေတာကိုး...။
ဝေးသေး...မြူနှင်းလတ်မှာ ချစ်တဲ့စိတ် ဘိန်းစေ့ လောက်တောင် မကျန်တော့ဘူး..။
လတ် ခုံတွေအနားကို ရောက်တော့ တစ်ယောက်တည်း ဖုန်းပြောရင်း တစ်သည်းသည်း လုပ်နေတာ ရယ်ချင်စရာ...။
“ဟား..ဟား..သောက်ရူး…”
လတ် မကြားတကြားပြောပြီး အပေါ်တက်လာခါ ကိုယ့်အခန်းကိုယ်ဝင်ပြီး အိပ်လိုက်တော့သည်။
.
“ဟင်…”
နောင် မနက်စောစော ရေချိုးပြီး ထွက်လာတော့ မျက်နှာချင်းဆိုင် အခန်းတံခါး ပွင့်နေပြီး ခြံတံခါးသော့လည်း ပျောက်နေသည်..။
“တောက်..”
တစ်ချက်ကလေး သတိမေ့တာနဲ့ ထွက်ပြေးရအောင် ကိုယ်နဲ့ သူက ဘာတွေလည်း..။
နောင် လှေကားတွေကို ပြေးဆင်းလာပြီး အိမ်ရှေ့တံခါးကို ရောက်တော့ ခြံတံခါးနား ရောက်နေပြီ..။
“ဟေ့..”
“ဟင်..”
ခြံတံခါး ဖွင့်နေတဲ့ လက်က နောင့် အော်သံကြောင့် ရုတ်တရက်  ရပ်တန့်သွားသည်..။
“ဘာလုပ်တာလည်း..”
‘စျေးသွားမလို့ စားဖို့ မရှိတော့ဘူး.”
ထွက်ပြေးဖို့ ကြံစည်နေတယ် မှတ်ပြီး ပြေးလိုက်မိတဲ့ ကိုယ့်ကိုယ်ကို ဒေါသထွက်မိသည်..။
နောင် ကားပေါ် တက်ခါ ရှေ့တိုးလိုက်တော့ နောက်ဆုတ်ရှောင်၍  မျက်နှာပြောင်ပြောင် ဖြင့်ပင်  နှုတ်ခမ်းမဲ့ရင်း  ကားပေါ်ရောက်လာသည်..။
မခံချင်အောင် ဟန်ဆောင်ဖုန်းပြောပြတဲ့  နောင့်ရဲ့ စီမံချက် အသစ်က ထိရောက်သွားလို့ အိမ်က နေ ထွက်သွားဖို့ အကြံအစည်တွေ ပျောက်သွားတာလေ..။
ကားကို အရှိန်တင်မောင်းရင်း စျေးရှေ့ အထိ ပို့ခါ ပါကင်ထိုးပြီး ထိုင်စောင့်နေလိုက်သည်..။
နည်းနည်းကြာလာရင်တော့ လိုက်သွားဖို့ လမ်းကြောင်း ကြည့်ထားပြီးသား..။
“ဒုန်း..”
လတ် ကားတံခါးကိုအားဖြင့် ဆောင့်ပိတ်လိုက်လို့ အနားက ထိုင်နေတဲ့ လူတွေတောင် လှည့်ကြည့်ကြသည်..။
လူ မမြင်ရလို့ ကားကို မျက်စောင်းထိုးပြီး စျေးထဲကို ခပ်သွက်သွက် ၀င်လာခဲ့လိုက်သည်..။
ခုနေ ဘယ်သူ့ဆီက ဖုန်းငှားပြီး ဆက်ရပါ့မလည်း..။
အရင်တုန်းကတော့ ဖုန်း ဆိုင်လေးတွေ ပေါသည်..။
“ဟေ့…မိလတ် မလား..အမလေး အသက်ရှည်ဦးမယ်ဟေ့..ငါ နင့်ကိုမနက်ကတည်းက မျှော်နေတာ..”
“ဟင်..ဦးမိုးကျော်….အို..အတော်ပဲ…ဒါ မဖြူတို့ ဆိုင်လား..”
‘အေး..နင့် အစ်မကတော့ ဘယ်ထွက်သွားလည်း မသိဘူး..လာဦး..”
ကြက်သွန်ခြင်းတွေ စီထားတဲ့ ဆိုင်လေး အရိပ်အောက်ကို ၀င်ပြီး ခုံပုလေး တစ်လုံး ချပေးတော့ လတ် ထိုင်ချလိုက်သည်..။
“ဦးလေး..လတ် ကို ဖုန်းခဏ ငှားပါလား..”
“ဟေ…အေး…မြေးရေ….နင့်အမေ ဖုန်းခဏပေးစမ်းကွယ်…”
အရုပ်နဲ့ ထိုင်ဆော့နေတဲ့ ကလေးလေး က ခြင်းထောင်းထဲက ဖုန်းကို ထုတ်ပြီး လှမ်းပေးသည်..။
လတ် အလွတ်ရနေတဲ့ နိုင်ထူး ဖုန်းနံပါတ်ကို ခေါ်လိုက်ချိန် ဖုန်းက တတူတူ ဖြစ်နေဆဲပါပဲ..။
“ဟလို..”
“ဟလို..နိုင်ထူးလား.."
"ဟင်..မလတ်လား.."
"…နင်…နင့်ဘာလို့ ဖုန်းမကိုင်တာလည်း..”
“ငါ ဖုန်းပြန်ခေါ်တော့ မလတ် ဖုန်းက ပိတ်ထားတယ်လေ….မလတ် ခေါ်တုန်းက ငါ လမ်းရောက်နေလို့ဟ…ဘာတွေဖြစ်လို့ ဒီလောက်အများကြီး ဖုန်းခေါ်ထားတာလည်း..ငါတောင် စိတ်ပူလို့ ယောက်ဖ ဆီ ဖုန်းဆက်သေးတယ်…”
နိုင်ထူး ပါးစပ်က ထွက်လာတဲ့ ယောက်ဖဆိုတဲ့ စကားကြောင့် လတ် နှုတ်ခမ်းဖိကိုက်လိုက်မိသည်..။
“မပြောနဲ့…သတိုးမင်းနောင် ဆိုတာ..လူလိမ်…လူယုတ်မာ…ငါ့ကို အခု အိမ်ထဲမှာ လှောင်ပိတ်ထားတယ်..ဟင့်.."
"ဟမ်…ဘာဖြစ်လို့လှောင်ပိတ်ထားတာလည်း…ဟား..ဟား..စိတ်မချလို့ဖြစ်မယ်.."
"ငါ..တကယ်ပြောနေတာ…နင်သိလား.. သူလေ..ငါတို့ကို ရဲအတုတွေနဲ့ လိမ်ပြီး ဒုက္ခပေးထားတာ သိလား…”
“သိတယ်လေ…”
“ဟမ်…”
တစ်ဖက်ကို အားကိုးတကြီး ပြောလိုက်ပေမဲ့ မထင်ထားတဲ့ အဖြေတစ်ခုကြောင့် ပြောစရာ စကားတွေ အားလုံး ရပ်တန့်သွားခဲ့ရသည်..။
“ဟုတ်တယ်…ငါ ဆေးဖြတ်ဖို့ မလတ် တစ်ယောက်တည်းကျန်ခဲ့ရမှာစိုးရိမ်ပြီး အခုလို စီစဉ်လိုက်ရတာပါ..”
“နင်သိတယ်…ဒါဆို နင့်ကို ရဲဖမ်းလို့ ပြေးနေတာ မဟုတ်ဘူးလား..”
လတ် သိခဲ့တာ နိုင်ထူးက ဆေးမှုနဲ့ ရဲဖမ်းလို့ ပြေးရင်း လွှားရင်း ၀ရမ်းပြေး ဖြစ်နေရသူ..။
ဆေးဖြတ်ပြီး အလုပ်ကိုပဲ ကြိုးစားလုပ်ကိုင်ရင်း ဘ၀သစ် လမ်းသစ် ဖောက်နေသူ…။
နိုင်ထူးက ၀ရမ်းပြေးဖြစ်သလို လတ်ကလည်း ကြံရာပါ ဖြစ်နေလို့ အိုးပစ် အိမ်ပစ် ပစ္စည်းပစ်ပြီး အ၀တ်တထည် ကိုယ်တစ်ခုနဲ့ တစ်ခါမှ မသိခဲ့တဲ့ သူကို ကြောက်စိတ်ကြောင့် လက်ထပ်ဖို့ ခေါင်းညိတ်ခဲ့ရတာလေ…။
ဒါတွေကို သူ့အစီအစဉ်ကြောင့် အလိမ်ခံရတာဆိုတာ သိလိုက်ချိန် ခံပြင်း ဒေါသထွက်လွန်းလို့ သူ့ကို သတ်ပစ်ချင်လောက်အောင် မုန်းနေမိတာပါ….။
"ဟဲ့…ငါမေးတာဖြေလေ…"
"ဟို…အဟဲ…ရဲမဖမ်းတာမဟုတ်ဘူး..ငနောင်တို့ အဖေရဲ့ ဆေးဖြတ်ပေးတဲ့ ပြုပြင်ရေးစခန်းမှာ ရောက်နေတာပါ…ပိုက်ဆံလည်း မယူဘူး အားလုံးတာ၀န်ယူထားတယ်…ဒါ ယောက်ဖကျေးဇူးတွေနဲ့လေ…မဟုတ်ရင် ငါလည်း ရာမရဲ့ ရွှေသမင် ဖြစ်နေလောက်ပြီ…”
“ဒါဆို…ဒါဆို…အခုကော…ပြတ်ပြီမလား.. ဘာဖြစ်လို့ ပြန်မလာသေးတာလည်း..ငါ့ကို လာခေါ်တော့လေ..ငါ..ငါသူနဲ့ မနေနိုင်ဘူးဟာ..မုန်းတယ်..”
“ဟော..ဘာဖြစ်ကြပြန်ပြီလည်းဟ..အခု ငါ အလုပ်လုပ်နေပြီလို့ မလတ်ကို ပြောထားတယ်လေဟာ…မန္တလေးမှာ မီနီမားကပ်တစ်ခု ထပ်ဖွင့်ဖို့ ငါ တာ၀န်ယူထားရတယ်….”
“ဒါ…ဒါဆို…သူတို့ လိမ်ထားတာ နင်ဘယ်တုန်းကသိတာလည်း..”
“အိုး…အဲဒီ့ အချိန် ကတည်းက သိတယ်…ငါ့ နဲ့ ငနောင် တိုင်ပင် ပြီးမှ ဒီလို လုပ်ရတာလေ..မလတ် လက်ထပ်စာချုပ် ကိစ္စတွေ မေးတုန်းက ငနောင့် ဖုန်းလည်းကိုင်ထားရတယ်..နင့်ဖုန်းလည်း ကိုင်ထားရတယ်..ငါ့မှာ ဖုန်း နှစ်လုံးနဲ့ အရူးကျနေတာပဲ…အဲတုန်းက ဒီကောင်ပြောတော့ မင်းအစ်မက ထားရာမှာ နေမှာမဟုတ်ဘူး.ကြောက်နေအောင်... စာချုပ်တစ်ခုတော့ လိုလို့ပါတဲ့လေ… ခွေးကောင်.. အခုကျတော့ ငါ့ အစ်မကို အပိုင်သိမ်းသွားပြီ…သကောင်းစား..”(အပိုင်း ၇)
“နင်..နင်တို့..နှစ်ယောက်ပေါင်းပြီး…ငါ့ကို လိမ်တာ…အဟင့်..”
လတ် ဖုန်းကို ဆုပ်ကိုင်ထားရင်း ၀မ်းနည်းစိတ်က လှိုက်တက်လာတော့ ခေါင်းငုံ့ခါ ငိုလိုက်မိသည်..။
“မလိမ်လို့ မဖြစ်လို့ပါဟာ…မလတ်…မလတ်…ရေ…နားထောင်နေလား…မလတ် နဖူးပေါက်သွားတဲ့ အချိန်တုန်းက ငါ အရမ်းနောင်တရတယ်..အဲဒါကြောင့် နောင် နဲ့ တွေ့ပြီး ဆေးဖြတ်ချင်တဲ့ အကြောင်းပြောလိုက်တာ…သူ အစအဆုံး ကူညီ နိုင်ပေမဲ့ နင့်ကို သုံးလလောက်တစ်ယောက်တည်း ပစ်ထားခဲ့ရမှာ စိတ်မချဘူး..ငါရှိနေရဲ့သားတောင် အရက်သမား တိုးတိုးက နှောင့်ယှက် ချင်နေတာလေ…ရပ်ကွက်ထဲက ကောင်တွေကလည်း တစ်မျိုး..စိတ်မချတဲ့ အဆုံး ငနောင် စီစဉ်ပေးသမျှ ခေါင်းညိတ်ပေးလိုက်ရတာပါ… မလတ်နဲ့ ငါ နည်းနည်းပင်ပန်းပေမဲ့ အခု အဆင်ပြေသွားပြီလေ…မလတ် ဖြစ်စေချင်တဲ့ အတိုင်း နင့်မောင်လေး ဆေးပြတ်ပြီး လူကောင်းလုံးလုံး ဖြစ်သွားပြီလေ…ငါတို့ ပြန်တွေ့ရင် ပြောစရာတွေ အများကြီးရှိတယ်..ရှေ့ နှစ်ပတ်ထဲ ငါ ရန်ကုန်ပြန်လာရမယ်လေ…အဲတော့မှ  ငါ့ကို တွေ့ရင် အံသြသွားအောင် မပြောသေးတာပါ…မလတ်…ငါ့အစ်မကြီးကို ငါ ဘယ်လောက်ချစ်လည်း ဆိုတာ နင်သိပါတယ်…ငါလိမ်ခဲ့တာ ငါတို့ အနာဂတ် အတွက်ပါ မလတ်ရယ်…ဒါပဲနော်…ဘယ်သူဖုန်းလည်း မသိဘူး..ဖုန်းဘေလ်တော့ ပြောင်တော့မှာပဲ…” (အပိုင်း ၇)
နိုင်ထူးကြောင့် နောင်က ကူညီရင်း နှစ်ယောက်ပေါင်း လိမ်ခဲ့တာ ဆိုတော့ လတ် ခါးသီးမုန်းတီးနေတဲ့ ခံစားမှုတွေ လျော့ကျ လာရသည်။
"ငါ့မှာ နင်နဲ့ ကြံရာပါ ၀ရမ်းပြေး ဖြစ်ခဲ့ရတယ် ထင်ပြီး….အဟင့်…"
"ထင်ပြီး…ယောင်္ကျား တစ်ယောက် အဖက်တင်သွားတယ်လေ…ဟိဟိ…ဒါပဲ…ညကျရင် ဟိုကောင်ဆီ ဖုန်းဆက်လိုက်ဦးမယ်..မလတ်...ဟဲ့ တစ်ခုခု ပြန်ပြောဦး..နောင့်ကို အသေလုပ်လိုက်ပြီလား.."
“မလုပ်ပါဘူး…နေကောင်းအောင်နေနော်..”
“အင်း..…”
လတ် ဖုန်းချလိုက်ပြီး ဦးမိုးကျော်ကို လှမ်းပေးလိုက်တော့ သူက လည်း ပါးစပ်ပြင်ပြီး စောင့်နေပြန်သည်..။
“ဦးလေး..ဘာလို့ တွေ့ချင်တာလည်း..”
“သြေ်ာ…အေး..နင့် ဦးလေး၀င်းနိုင် တော်တော် နေမကောင်းဘူး သမီးရယ်..သခမျာ စကား ကောင်းကောင်း မပြောနိုင်ပေမဲ့ နင့်ကိုချည်း တွေ့ချင်တယ်ပြောနေတယ်…ငါတို့လည်း ကြည့်ရမြင်ရတာ စိတ်မကောင်းလို့ပါ…ခဏဖြစ်ဖြစ် သွားတွေ့လိုက်ပါလား..”
“လတ် မတွေ့ချင်ဘူး…မျက်နှာချင်းလည်း မဆိုင်ချင်ဘူး..”
လတ် ခါးခါးသီးသီး ငြင်းရင်း မျက်ရည်စီးကျလာတော့ လက်ခုံဖြင့် ဖယ် သုတ်ပစ်လိုက်သည်..။
အတိတ်သမိုင်း အတိတ်ရိုင်းတွေကို မြေမြုပ်ထားတာ ကြာခဲ့ပါပြီ..။
ကိုယ့်ဘ၀ကယ်သူရှိလို့ မပျက်စီးခဲ့ပေမဲ့ ပျက်စီးလုလု ဖြစ်ခဲ့ရသည်..။
ကိုယ်ခန္ဓာအစော်ကားမခံရပေမဲ့ လူတကာ ပါးစပ်ထဲမှာ ဘ၀ပျက် အစော်ကားခံခဲ့ရတာ ဒီလူကြီးကြောင့်…။
“ဟင်း…ဟိုနေ့က သူ့ဆီကို သမီးယောင်္ကျားလာတော့ ပြောလိုက်ပါသေးတယ်…ကောင်လေးက အားလုံး ကူညီနိုင်ပေမဲ့ ဒါတော့ မကူညီနိုင်ဘူး..ဦးလေးတို့ ကိုယ်တိုင်ပြောပါတဲ့လေ…”
“ဟင်…နောင် လာတယ်..ဟုတ်လား..”
“ဟုတ်တယ်…ခဏခဏ လာပါတယ်..”
လတ် မျက်လုံးပြူးရင်း လည်ချောင်းတွေ ခြောက်သွေ့လာတော့ တံတွေးတစ်ချက်မြိုချလိုက်သည်..။
ဘယ်လိုလည်း နောင်ရယ်..နင်နဲ့ ပတ်သက်တဲ့ အမှန်တရားက ဘာများလည်း..။
အလိမ်အညာတွေ တစ်ခုပြီး တစ်ခုပါပဲလား…တစ်ခုရှင်းပြီးရုံမို့ စိတ်မကောင်းဖြစ်နေတုန်း…နင့်အလိမ်အညာ တစ်ခု ထပ်တိုးလာပြန်ပြီ..ဘယ်လိုများ နားလည်ပေးရမလည်း နောင်ရယ်…။
“သူ..ဘာဖြစ်လို့ ဦး ၀င်းနိုင် နဲ့ သိသွားတာလည်း ဟင်..”
“ဟ..၀င်းနိုင်နဲ့ သိတာ ဟိုး အစကတည်းကလေ…၀င်းနိုင် ၀ရမ်းပြေးဘ၀ ရောက်ရတာလည်း ဒီကောင်လေး ဂြိုလ်မွေလို့ပဲ..သူကလည်း တောင်းပန်ပြီးပါပြီလေ…၀င်းနိုင်ကိုလည်း အများကြီး ထောက်ပံ့ထားပါတယ်..”
“ဘယ်လို..ဦး၀င်းနိုင် ထွက်ပြေးရတာ နောင့်ကြောင့် …ဟုတ်လား..ဦးလေး..”
‘အေးလေ..နင် မသိဘူးလား..”
လတ် မျက်လုံးပြူးဖြင့် ရေငုံ့နှုတ်ပိတ်ခါ ခေါင်းကိုသာ ခပ်သွက်သွက် ရမ်းပြလိုက်မိသည်..။
ဦးမိုးကျော်က သက်ပြင်းတစ်ချက်ချပြီး ခုံမှာ ပြင်ထိုင်သည်..။
“ဒီလို…၀င်းနိုင်နဲ့ငါ အမြဲလိုလို အတူတူ အရက်သောက်တာ နင် သိတယ်မလား..”
လတ် ခေါင်းညိတ်ပြလိုက်တော့ ဦးမိုးကျော်က ခပ်ငေးငေးကြည့်ရင်း…တစ်ခုခု ကိုတွေးနေသေးသည်..။
“မင်း အိမ်မပြန်သေးဘူးလား..”
“ဟအေး…ငါကြောက်လို့..”
“အေ့…ဟား…မင်းက သူရဲကြောက်လို့လား..”
“မဟုတ်ဘူး ..မိုးကျော်…ငါကွာ…ငါလေ…မနေ့က နေ့ခင်း အိမ်ပြန်တော့ မိလတ်က ရေချိုးနေတယ်…အဲဒါ ငါလည်း ခပ်ထွေထွေ ဖြစ်ပြီး စိတ်မထိန်းနိုင်တာနဲ့ ဆွဲလားရမ်းလား လုပ်မိတယ်..”
“မင်း..လူယုတ်မာပဲ..၀င်းနိုင်..”
“အေး…ဒါပေမဲ့ မထူးဆန်းပါဘူးကွာ…တကယ်ဖြစ်သွားတာမှ မဟုတ်တာပဲ…မနေ့ညက ငါပြန်တော့ ငါ့ကို ဆိုင်ကယ်တစ်စီး ဖြတ်တိုက်မလို့ လုပ်ပြီးမှ ရှောင်သွားတယ်…ပြီးတော့ ပြန်ကွေ့လာပြီး..မြူနှင်းလတ် နဲ့ ဝေးဝေးနေပါလို့ ခြိမ်းခြောက်သွားတယ်ကွ…”
“ဟေ..ဒါဆို…မင်းလုပ်တာကို တစ်ယောက်ယောက် သိလို့လား..”
“မိလတ် နဲ့ ကြိုက်နေတဲ့ ကောင်ဖြစ်မှာပေါ့…မနက်ကလည်း ကားတစ်စီး တိုက်မလို့ ဖြစ်ပြီး ဒီလိုပဲ ထပ်ပြောသွားတယ်…ငါကြောက်လာပြီ…ညနက် ထိ စောင့်ကြည့်ပြီး ပြန်မယ်…မနက်ကျ စောစော ပြန်ထွက်လာခဲ့မယ်…ငါ့အိမ်ကို ပြန်ဖို့တောင် ကြောက်နေပြီ မိုးကျော်ရေ…ငါ မသေချင်သေးဘူးကွ..”
ဦးမိုးကျော်က ခပ်တွေးတွေး ပြန်ပြောပြချိန် လတ်မှာတော့ ရင်တွေ တဒိတ်ဒိတ် ဖြစ်နေသည်.။
ဆိုင်ကယ်တွေ ကားတွေ နဲ့ သတိပေးရအောင် အဲဒီ့ အချိန်တုန်းက လတ်နဲ့ နောင် သိတောင် မသိသေးပါဘူး..။
ဒါပေမဲ့ ကျောင်းသားလေး တစ်ယောက် စာအုပ်ကို အကြောင်းပြပြီး လတ်ဘ၀ကို ကယ်တင်ခဲ့တာတော့ တစ်သက်မေ့မယ် မထင်..။(အပိုင်း ၂)
“အဲ့ဒီ့ကစပြီး ၀င်းနိုင်က မိုးလင်းတာနဲ့ အရက်ဆိုင်ကိုရောက်လာတယ်…တစ်နေ့ကုန်နေတယ်..တစ်ခါတလေ ငါ့အိမ်လိုက်နေတယ်…မိုးချုပ်ညနက်မှ ပြန်တယ်…ဒါပေမဲ့ ဆယ့်ငါးရက်လောက်ကြာတော့ ၀င်းနိုင်က အရက်ဆိုင်ကနေ ငါတို့အိမ်ကို ပြန်ဖို့ အပြင်ထွက်လာတယ်…အဲ့ဒီ့ အချိန်မှာ ဆိုင်ကယ်ဟမ်းမက်ဆောင်းထားတဲ့ လူ တစ်ယောက် ဆိုင်ကယ်ကို ကပ်မောင်းသွားတယ်..နောက် တစ်ခါ ပြန်လှည့်လာပြီး ဆိုင်ကယ်ဖြည်းဖြည်းမောင်းရင်း လက်ထဲက မောင်းချဓားတိုလေး နဲ့ ၀င်းနိုင် မျက်နှာနားကို ခြောက်လိုက်တယ်..ဟိုကောင်က လန့်ပြီးတော့ လှမ်းဆွဲလိုက်တာ ကောင်လေးက ပြုတ်ကျသွားချင်း လက်ထဲက မောင်းချဓားကိုလုပြီး ထိုးလိုက်တယ်လေ…”
“ရှင်…”
လတ် ရင်တွေဆောင့်ခုန်တက်သွားခါ မျက်လုံးပြူးရင်း မျက်ရည်တွေပါ ချက်ချင်း ပြည့်အိုင်လာတော့ ဦးမိုးကျော်က ခေါင်းညိတ်ပြပြီး..
“ဟုတ်တယ်…အဲလိုဖြစ်သွားတာပါ..၀င်းနိုင်ကလည်း သူ့ကို ခြိမ်းခြောက်နေတဲ့သူကို မကျေနပ်ဘူး..အခုလို ဓားနဲ့ပါခြိမ်းခြောက်တော့ ကြောက်လန့်သွားတာပေါ့ဟာ…ဘယ်သူမှန်း မသိပေမဲ့ သွေးတွေက ခါးနေရာက အများကြီး ထွက်နေတော့ ဟိုကောင်က အစကတော့ ကောက်ပွေ့သေးတယ်…ငါက သေပြီလား မသိဘူးလို့ ပြောလိုက်မှ သွေးရူးသွေးတန်းနဲ့ထပြေးတာပဲ…”
“ဒါ…ဒါဆို…ဦး၀င်းနိုင် လူသတ်တယ်လို့ ပြောတာ ဒါလား..”
“အေး..ဟုတ်တယ်..ပြီးတော့ ကြောက်အားလန့်အားနဲ့ ညတွင်းချင်း ပြေးတာပဲလေ… …ထားပါတော့လေ…ငါနဲ့ ကောင်လေး လဲကျနေတဲ့ နေရာကို ကျော်မိုးနဲ့ လူသုံးလေးယောက်ရောက်လာတော့ ဆေးရုံကားခေါ်ပြီး ဆေးရုံတင်လိုက်ရတယ်…ဒဏ်ရာက စောင်းနေလို့ ဘာမှမဖြစ်တာ နက်တော့နက်တယ်...ဆေးရုံမှာ…ရပ်ကွက်လူကြီးတို့ ဆရာ၀န်တို့ ရှုပ်နေတာပဲ ဓားထိုးမှုဆိုတော့ ရဲတွေလည်း ပါလာတာပေါ့…ဒီတော့မှ သူက ကြေအေးပါတယ်ပြောတာ…နာမည်က သတိုးမင်းနောင်…နိုင်ထူး သူငယ်ချင်း နင်တို့အိမ်မှာ ကျုရှင်တက်နေတဲ့ ကောင်လေးမှန်း ရဲမေးတော့မှ ပြောတာလေ…”
“ရှင်…”
လတ် စျေးထဲမှာ ထိုင်နေတယ် ဆိုတဲ့ အသိမရှိတော့ပဲ အဖြစ်အပျက်တွေထဲ ကိုယ်တိုင် ရောက်နေရသလို ကတုန်ကယင် ဖြစ်နေရသည်။
“ဟင်း…ဒီကောင်လေးက ငယ်ငယ်ကတည်းက နင့်ကို သံယောဇဉ်ရှိနေတာ သိသာပါတယ်…မိုက်ရူးရဲဆန်သလို ရှိပေမဲ့ သူစဉ်းစားမိသလို ကာကွယ်ပေးတာပဲမလား…၀င်းနိုင်ကိုလည်း သူပဲပြန်ရှာပြီး အခု နင်တို့ နေခဲ့တဲ့ အိမ်မှာ ပြန်တင်ထားတယ်…”
“ဒါ..ဒါဆို…သူ့ကို ဦး၀င်းနိုင်သိပြီလား..”
“သိတယ်..သူကပဲ ဖွင့်ပြောထားတာပါ…၀င်းနိုင်ကို အများကြီး ကူညီထားလို့ ဟိုကောင်တောင် ပြန်ကျေးဇူးတွေ တင်နေတာလေ….ဟိုတစ်ခါ နင်နဲ့တွဲ တွေ့တုန်းက နှုတ်ဆက်မလို့ သူက သိပ်မလိုလားတာနဲ့ ငါလည်း မသိချင်ယောင်ပဲ ဆောင်နေလိုက်တာပါ…”
လတ် မျက်နှာကို လက်ဝါးဖြင့် အုပ်ရင်း တွေးမိတဲ့ အတွေးပေါင်းစုံထဲမှာ သူက လတ် မသိခဲ့တဲ့ ကယ်တင်ရှင်တဲ့လေ…။
အသံမထွက်အောင် ရှိုက်နေရင်း လတ်ရင်ထဲမှာ မောတောတော ကြီး ဖြစ်လာတော့သည်..။
နောင် နဲ့ ပတ်သက်တိုင်း လတ် ဘက်က အထင်လွဲခဲ့တာတွေ တစ်ခုမက တော့ပါလား…နောင်ရယ်..။
လတ် မှားခဲ့ပြန်ပြီလား…။
ပလပ်ဖောင်းပေါ်မှာရပ်နေတဲ့ လတ်ရဲ့ပုံတူ့ ခဲပန်းချီလေး…။
အဲ့ညက သူနဲ့ နိုင်ထူးကို နှစ်ယောက်တွေ့ပေမဲ့ တက္ကစီ ငှားပြီး ပြန်သွားခဲ့တာတွေ…။
သူ့အိမ်က သူပျောက်လို့ လိုက်ရှာဖို့ နိုင်ထူးကို ခေါ်သွားတာ…။
အိမ်နောက်တံခါးက ကောက်ရခဲ့တဲ့သူ့လက်စွပ်လေး ကို ပြန်မြင်ယောင်မိသလို…။
ဦး၀င်းနိုင် အင်္ကျီပေါ်က သွေးကွက် ရဲရဲတွေ..။
ကလေးသာသာ အရွယ်လေးမှာ သွေးတွေနဲ့ လဲကျနေတဲ့ သူ့မျက်နှာကို တွေးမြင်ရင်း ရင်ဘတ်ထဲမှာ တဆစ်ဆစ် နာကျင်ရသည်..။ (အပိုင်း ၄)
“အင့်..”
“ကောင်လေး က နင်နဲ့ လက်ထပ်ထားတာ မပြောပါဘူး..ဟိုတလောက ဇာဇာ လူမမာ လာကြည့်ရင်းနဲ့ တွေ့တော့ သူလည်း အိမ်မှာရောက်နေလို့ သိရတာ…ငါတို့ က ခေါ်လာဖို့ ပြောတော့ နင် စိတ်ဆိုးမှာ စိုးလို့ ကိုယ်တိုင်ပဲ ပြောပါတဲ့…”
“လတ်….လတ် တကယ်မသိပါဘူး..သူ့ရဲ့ အရင်တုန်းက အကြောင်းတွေလည်း မသိပါဘူး..”
“အေးလေ….ဒီပုံစံဆို..နင့်ဘ၀ကို သူ အကြိမ်ကြိမ် ကယ်တင်ခဲ့တာပဲ မိလတ်ရယ်…ငယ်ငယ်ကလည်း သူ့နည်း သူ့ဟန် နဲ့ ကယ်တင်ပေးသလို…အခုလည်း…ဇနီးမယား တစ်ယောက်အနေနဲ့ တာ၀န်ယူထားသေးတယ်…တော်ရုံ မေတ္တာမျိုးတော့ မဟုတ်ဘူး…တော်တော် အစွဲအလမ်းကြီးတဲ့ ကောင်လေးပဲ…”
“ဟုတ်ပါတယ်..”
လတ် ရင်ထဲ စိတ်မကောင်း ၀မ်းနည်းခြင်းက လှိုက်တက်လာတော့ လတ် မျက်ရည် တစ်စက်ချင်းစီ လွင့် ကျရင်း ခေါင်းကို ခပ်သွက်သွက် ညိတ့်ပြလိုက်သည်..။
နောင်ရယ်…လတ့်ဘ၀ ကို ဘာလို့ ဒီလောက် သိတက်ခဲ့ရတာလည်း..။
လတ်…က…နောင့် အချစ်တွေကို တန်ဖိုး မထားခဲ့သူပါ…နောင်ရယ်..။
“ဟော…ဟိုမှာ…လိုက်လာပြီ..”
ဦင်္းမိုးကျော် စကားကြောင့် လတ် မျက်ရည်ကို ကပျာကယာ သုတ်ပြီး လှည့်ကြည့်လိုက်တာ တစ်ဖက် ကစျေးတန်းမှာ ပုံပန်းသဏ္ဍန် လုပ်ပြပြီး စျေးသည်တွေကို လိုက်မေးနေသည်..။
“လတ် သွားတော့မယ်…ဦးမိုး..”
“အေး…သမီး…..နင့်…ဦးလေးဆီကို တစ်ချက်သွားကြည့်ပါဟာ…နင့်ကို တွေ့ရင် သူ ဝေဒနာ သက်သာလာမှာပါ….ယုတ်မာသူဆိုပြီး ဒီဘ၀
မမြင်မတွေ့အောင် နေလည်း ရပါတယ်..ဒါပေမဲ့…လူတိုင်း မလုပ်နိုင်တဲ့ ခွင့်လွှတ်မှု ပြုနိုင်တဲ့ သူက ပိုမြင့်မြတ်ပါတယ်ဟာ…”
“ဟုတ်…လတ်…သွားလိုက်ပါ့မယ်…”
လတ် ခေါင်းညိတ်ပြီး ပြောလိုက်တော့မှ ဦးမိုးကျော် က မျက်နှာ ကြည်လင်စွာဖြင့် အေး တစ်လုံးကို၀မ်းသာအားရ ပြန်ပြောသည်…။
“ဒီလောက် ၀တယ်လေ…ဆံပင်ချည်ထားတယ်…အင်္ကျီ  င်္အဝါ ၀မ်းစက်နဲ့လေ….”
“နောက်မှာမလား..”
ပန်းသည် အဒေါ်ကြီးက မေးငေါ့တော့ နောင် အနောက်ကို ၀မ်းသာ အားရ လှည့်ကြည့်လိုက်တာ…အိတ် တစ်လုံးဖြင့် ရပ်နေသည်..။
ကျစ်…ဒီလောက် အကြာကြီး ပျောက်သွားပြီး ဒီ အိတ်တစ်လုံးပဲလား..။
မျက်နှာထားကို ခပ်တည်တည် ပြင်ခါ စျေးထဲက ပြန်ထွက်လာတော့ အနောက်က ခြေလှမ်း လေးလေး ဖြင့် ပါလာတော့သည်..။
ကားပေါ်မှာ ထိုင်စောင့်နေတာ နာရီ၀က် ကျော်လာတော့ လူက ကနာမငြိမ် ဖြစ်ရသည်..။
စျေးထဲ ခြေတိုအောင် လိုက်ရှာပေမဲ့ သူ့လို ဂေါ်ဇီလာ ကစျေးထဲရောက်တာနဲ့ Y2K အတိုင်း လှစ်ခနဲ ဆိုပြီး ပျောက်နေကျပဲလေ…။
စျေးဆိုင်တွေကို ပုံသဏ္ဍန်ပြောပြပြီး မေးတော့ ကိုယ့် သမီး ပဲ ပျောက်နေသလိုလို…။
“ကလေးက ဘယ်အရွယ်လည်း တဲ့လေ…”
“ကလေး..မဟုတ်ဘူး…ကျွန်တော့် မိန်းမပါဆိုတော့ မျက်လုံးကြီး ပြူးပြီး ဟေ တစ်လုံးသာ အဖြေရသည်..။
ပိုတာ မဟုတ်ရပါဘူး…ဒင်း အကြောင်း ကောင်းကောင်း သိလို့ လိုက်ရှာနေရတာ…။
အိမ်က ထွက်ပြေးဖို့ ကြံစည်နေတဲ့ အသည်းနှလုံး မရှိတဲ့ မိန်းမကြီး…။
"အင့်.."
လတ် လမ်းဘက်ကို ငေးနေရင်း ငိုချင်လာလို့ မသိမသာ ခိုးရှိုက်လိုက်မိသည်..။
ခေါင်းရေသုတ်ခိုင်းရင်း ပေါင်ပေါ် လှဲအိပ်တဲ့ အချိန် သူ့ခါးကို အမှတ်တမဲ့ တွေ့ခဲ့ဖူးပါသည်..။
"ဟယ်…ခါးမှာဒဏ်ရာ ရဖူးတာလား…"
လတ် မြင်လိုက်ရတဲ့ ခါးစောင်းက အမာရွက်လေးပေါ် ဖွဖွ ကိုင်ကြည့်ရင်း မေးတော့ ပြုံးပြီး ခေါင်းညိတ်ပြသည်..။
"ဘာဖြစ်တာလည်း.."
"ချစ်သူအတွက် ပျော်ရွှင်မှု  လက်ဆောင်.."
"ဟင်..ဘယ်ကောင်မလေးကို ရည်းစားစကားသွားပြောလို့ ရိုက်လွတ်ခံလိုက်ရတာလည်း.."
"မဟုတ်ပါဘူး..ဓားနဲ့ ထိုးတာပါ…မောင်းချဓား အနီလေး နဲ့ အထိုးခံရတာ.."
"အိုး…ကြည့်စမ်း..ဆိုးလိုက်တာ…နောင်ရယ်…နောက်ဆို အဲလိုတွေ မလုပ်စမ်းပါနဲ့…."
"မလုပ်တော့ပါဘူး..မလတ်က အနားရောက်နေပြီပဲလေ…မလိုတော့ဘူး.."
"အိုး..မသိရင် ငါ့ကြောင့်ပဲ အထိုးခံရသလိုလို….နောင်ကလေ…တကယ့်လူဆိုးလေးပဲ သိလား..အဲဒါကြောင့်..အစ်မက ပြောတာ..နောင့်ကိုယ်မှာ ဒဏ်ရာမရဖူးတဲ့ နေရာမရှိဘူးတဲ့..တကယ်ပဲ…ဟွင့်.."
"ဒီဒဏ်ရာက အပြင်းဆုံးပဲ….ဒါပေမဲ့ မနာဘူး..ချိုတယ်.."
"မပြောနဲ့…မကြားချင်ဘူး..ကိုယ့်ဟာကိုယ် သုတ်တော့…မဟုတ်လည်း…ဓားထိုးတဲ့ ကောင်မလေးကို သွားသုတ်ခိုင်းလိုက်…ဒါပဲ…"
"ဟား..ဟား…သ၀န်တိုတာ..အူယားဖို့ကောင်းလိုက်တာ…"
"အို.."
လတ် မျက်လုံးစုံမှိတ်ပြီး ပြန်ဖွင့်လိုက်တော့ ကျလုကျခင် မျက်ရည်တွေက လွင့်စင်သွားပြီး ပါးပေါ်ကို ရောက်မလာတော့ပါ..။
လမ်းမ  တစ်ဖက်ကိုပဲ ငေးနေရင်း အတွေးတွေက နာကျင်မှုဆီကိုသာ ခေါ်ဆောင်သွားသည်..။
နောင် လတ်ကို တကယ်ချစ်တယ် ဆိုတာ အကြွင်းမဲ့ ယုံပါပြီ။
နောင့်ကို လတ် အရမ်းချစ်တယ် နောင်ရယ်….ဒါပေမဲ့လေ…လတ်ဘ၀ရဲ့ ပထမဦးဆုံး ချစ်ရသူကို လတ် အရာအားလုံး ပုံအောပြီး အပိုင်ချစ်ချင်တယ်…။
နောင့်မှာ သက်ဆိုင်သူနဲ့ သမီးလေး တစ်ယောက်ရှိနေရင်တောင် နောင့်ကို ချစ်ချင်နေတုန်းပဲ..။
ဒါပေမဲ့ နောင် စိတ်မချမ်းသာမှာ စိုးရိမ်မိတယ်..။
ဘာဖြစ်လို့လည်း ဆိုတော့ လတ်ရဲ့ အချစ်တွေက နောင့် အချစ်လိုမျိုး ထုထည် ကြီးမားပြီး နက်ရှိုင်းမှု မရှိသလို ခံစားရလို့ပါ နောင်ရယ်…။
.
"တီ.."
ခြံရှေ့မှာ ကားရပ်လိုက်တာ ကြာလှပြီ…မဆင်းသေးတော့ ဟွန်းတီးလိုက်တာ လူကို လှည့်ကြည့်နေပြန်ပြီ..။
သိတယ်…သတိုးမင်းနောင်တို့က စိတ်ဆိုးလေ ကိုယ်ရောင်ကိုယ်ဝါ ထွက်လေပဲလေ…။
“သော့မပိတ်ပါနဲ့….ငါ သွားစရာ ရှိတယ်…”
ဘယ်ကိုသွားမှာလည်း…ဘယ်သူနဲ့ တွေ့ဖို့လည်း…ဘယ်လောက်ကြာပြီး…ဘာတွေပြောမလို့လည်း…ယောင်္ကျားလေးနဲ့ သွားတွေ့မှာလား..
၀တုတ်နေပါတယ် ဆိုလည်း စိတ်ချစရာလား..အကိတ်ဆိုပြီး လိုက်ငမ်းနေတဲ့ ကောင်တွေ တောင် ရှိသေးတာပဲ…
မသွားနဲ့လို့ အမိန့်ပေးပြီး သော့ခတ်ခဲ့တာပဲ ကောင်းပါတယ်လေ…။
“ဇာဇာ့ ဆီ သွားမလို့..တစ်နာရီလောက်ပဲ ..စကားပြောပြီး ပြန်လာခဲ့မယ်…ငါ ဒီအိမ်ကနေ ဘယ်တော့မှ ထွက်မသွားပါဘူး..”
နောင့်ရင်ထဲ က အတွေးဝေဒနာသက်သာသွားတော့ မေ့ပြီး တစ်ချက် ပြုံးမိပြီးမှ ချက်ချင်း ပြန်တည်ခါ သော့ ကို ပေါင်ပေါ် ပစ်တင်ပေးလိုက်သည်..။
သော့ယူပြီး ဆင်းသွားတော့မှ ကားကို အရှိန်တင် မောင်းထွက်လာခဲ့သည်..။
မလတ် ကို စိတ်ဆိုးတယ်….အရမ်းစိတ်ဆိုးတယ်….ဒါပေမဲ့…ချစ်တယ်…။
.
“ဒီမှာ..ရပ်ပါ..”
လတ် ရဲ့ စကားကြောင့် ကားက တုန့်ခနဲ ရပ်သွားတော့ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားရပြန်သည်..။
တက္ကစီ ကားခ ကို ငါးထောင်ပေးပြီး ပြန်အမ်းငွေတောင် မယူဖြစ်တော့ပဲ ကားပေါ်က ကတုန်ကယင် ဆင်းခဲ့ရသည်..။
အကြိမ်ကြိမ် တက်ခဲ့တဲ့ အုတ်လှေကားတွေကို လှမ်းတက်ဖို့ ခြေလှမ်းတွေက လေးကန်နေသည်..။
ခြောက်သွေ့နေတဲ့ နှုတ်ခမ်းကို ဖိကိုက်မိခါ လှေကားတွေကို တက်လိုက်ပြီး သံဇကာ ကွက်မှ အိမ်ထဲ ကို ကြည့်မိသည်..။
ကလေးမလေး တစ်ယောက် အိုးပုတ်တွေ ဖြင့် ထိုင်ဆော့နေတာ တွေ့တော့ လူကြီး တစ်ယောက်ယောက်ကို ဝေ့၀ဲ ရှာပေမဲ့…ဘယ်သူမှ မရှိ….။
“က…ကလေး….”
ကောင်မလေး က မျက်လုံးလေးပြူးပြီး မော့ကြည့်ခါ အိမ်နောက်ဖေး ဘက်ကို ၀င်ပြေးတော့သည်..။
ရေကပျဉ် အထိ မြင်နေရတာမို့ အမျိုးသမီး တစ်ယောက် တက်လာပြီး အိမ်ရှေ့ကို ထွက်လာတာ အတိုင်းသားတွေ့နေရသည်..။
“ဘယ်သူနဲ့ တွေ့ချင်လို့လည်း ရှင်..”
အမျိုးသမီးက တွန့်ဆုတ် အားနာသလို မေးတော့ လတ် တံတွေး တစ်ချက် မြိုချလိုက်ခါ
“ဟို..ဦး ၀င်းနိုင် နဲ့ တွေ့ချင်လို့ပါ…”
“….”
“နေမကောင်းဘူးဆိုလို့ပါ…”
“ဟုတ်…ဟုတ်..ပါတယ်….ကြွပါရှင်..”
အိမ်တံခါးကို ဂျက်ပြေးဖွင့်ပြီး လိုလို လားလား ခေါ်တော့ လတ် သက်ပြင်းတစ်ချက် ခိုးရှိုက်၍ အိမ်ထဲ ၀င်ခဲ့ရသည်..။
အိမ်ရှေ့ခန်းမှာ အိုးပုတ်ကလေးတွေက လွဲလို့ ဘယ်သူမှ ရှိမနေ…
အမျိုးသမီး က အရင် က နိုင်ထူး နေခဲ့တဲ့ အခန်းတံခါးကို တွန်းဖွင့်ပြီး လတ်ကို ရပ်စောင့်နေတော့ ဆက်လျှောက်သွားရသည်..။
အခန်းနား ရောက်ခါနီးလေ ကြောက်စိတ်လိုလို ဘာလိုလို ဖြစ်ပြီး ရင်တွေက အခုန်မြန်လာလေ…။
လက်ထဲက ပိုက်ဆံအိတ်အပြားလေးကို လက်ဖြင့် တင်းနေအောင် ဆုတ်ကိုင်ပြီး အခန်း တံခါးကို ဖြတ်၀င်လိုက်သည်..။
“ကို၀င်းနိုင်…ဧည့်သည်လာတယ်…”
ဖျာပေါ်မှာ လှဲလျောင်းနေပေမဲ့ လေဖြတ်ထားသူမို့ ကြည့်ရတာ စိတ်မသက်သာ ဖြစ်မိသည်..။
လတ် သိခဲ့တဲ့ ဦး၀င်းနိုင် လူယုတ်မာ ဆိုသူ ကို ဒီလို ပိန်ချုံးနေတဲ့ ရောဂါသည် အဖြစ် ပြန်တွေ့တော့ ရင်ထဲ ဘယ်လို ဖြစ်သွားရမှန်း မပြောတက်အောင်ပင်..။
အရုပ်ကြိုးပျက် အခန်းတံခါး အနားမှာ ထိုင်ချလိုက်ချိန် သူ့အမျိုးသမီး က ကိုယ်ကို စောင်းပေးသည်..။
အကြည့်သေလို ရီဝေ၀ မျက်လုံးတို့ဖြင့် ကြည့်နေရင်း နှုတ်ခမ်းက လှုပ်လှုပ်ရွရွ ဖြစ်လာသည်..။
လက်တစ်ဖက်ကို အားယူပြီး ရုန်းထဖို့ ကြိုးစားတော့ ဘေးက အမျိုးသမီးက ဖိထားရသည်…။
“မထ…မထပါနဲ့…ဦးလေးရယ်…”
“သ…မီ……ခွင့်….လွှတ်…”
လက်အုပ်ချီဖို့ကြိုးစားရင်း ဘယ်ဘက်မျက်လုံးက နီစပ်စပ် ဖြစ်ခါ မျက်ရည်ကျပြီး ပလုံးပထွေးပြောတော့ လတ် လည်းမျက်ရည်တွေ တာကျိုးသလို ပြိုကျလာသည်..။
“အင့်…လတ်…ခွင့်လွှတ်ပါတယ်….ဦးလေးက လတ် ရဲ့ ဦးလေးပါ….လတ် ခွင့်လွှတ်ပါတယ်….ဟီး…”
“အမလေး…..ဖြူနှင်းလတ်ဆိုတာ ညီမလား..အမလေး…ဟီး…အဟင့်…ညီမရယ်…အစ်မယောင်္ကျား…လူယုတ်မာကြီးကို ခွင့်လွှတ်လိုက်ပါတော့ ညီမရယ်…”
ဘေးက အမျိုးသမီးကပါ လက်အုပ်ချီပြီး ရှိုက်ကြီးတငင်ပြောတော့  လတ် ခေါင်းကို သာ ခပ်သွက်သွက် ညိတ်ပြီး လက်ကို ဖမ်းကိုင်ခါ ငိုမိသည်..။
“ကို၀င်းနိုင်…ရှင် ကြားရဲ့လား…ခွင့်လွှတ်တယ်တဲ့……ဒီက ညီမ က ရှင့်ကို ခွင့်လွှတ်လိုက်ပြီတဲ့….ရှင့် သမီးလေး….၀ဋ်ကြေပါပြီရှင်…ဆပ်စရာ ၀ဋ်ကြွေးလည်း မကျန်တော့ပါဘူး..ရှင်ကြီးရယ်…..စိတ်မပူပါနဲ့တော့….ကို၀င်းနိုင်ရယ်….”
အခန်းထဲမှာ ငိုရှိုက်သံတွေ ဦး၀င်းနိုင်ရဲ့ ပလုံးပထွေးသံတွေ ကြောင့် လတ် အရင် အငိုတိတ်အောင် ကြိုးစားရသည်..။
အတိတ်ဟောင်း..အတိတ်ဆိုးက..ဒဏ်ရာဆိုရင် အနာဖေးကို ပြန်ဆွပြီး ဒဏ်ရာသစ် မဖြစ်လိုတော့ပါဘူး..။
“ဦးလေး….ဘာစားချင်လည်း….ဆရာ၀န်က ဘာပြောလည်းဟင်..”
“ဆရာ၀န်ကိုတော့ ညီမ ယောင်္ကျား လွှတ်ပေးပါတယ်….သူက စိတ်ကြောင့် ပိုခံစားနေရတာဆိုတော့ ဆရာ၀န် ကြိုးစားပေမဲ့ ထင်သလောက် မတိုးတက်ဘူး ညီမရယ်…”
“ဦးလေးရယ်….ကုလို့ရတဲ့ ဝေဒနာကို မမွေးထားပါနဲ့…ဦးလေးရဲ့ အရက်တွေက အခုလို ဒုက္ခပေးပြီမလား…လတ် အချိန်ရရင် ခဏခဏ လာခဲ့ပါမယ်…နေကောင်းအောင် နေပါနေ်ာ…”
“နော….နေ့…လာ….ပါ…”
“ဟုတ်…လာမှာပေါ့….အခုတောင် ဦးမိုး ပြောလို့ သိရတာပါ…နိုင်ထူးက မန္တလေးကို ရောက်နေတယ် ဦးလေးရဲ့…သူ ပြန်လာရင် ..ခေါ်ခဲ့မယ်နော်…”
လတ် ဟန်ဆောင် အပြုံးတွေဖြင့် လူနာ စိတ်သက်သာအောင်ပြောနေရတာ ဝေဒနာရှင်က ခေါင်းလှုပ်ရုံမျှသာ အဖြေပေးနိုင်လို့ လတ် အပြုံးများကြားမှာ မောနေရသည်..။
"လွန်ခဲ့တဲ့ လေးလက ညီမတို့ အမေ ဆုံးတော့  အိမ်မှာလာ အသိပေးတယ်.. ဘယ်ကို အကြောင်းကြားရမှန်း မသိလို့ မပြောရဘူး…"
လတ် တစ်ချက်ရှိုက်လိုက်ပြီး ခေါင်းကိုခပ်လေးလေး ညိတ်ပြလိုက်မိသည်…။
အမေတဲ့…အမေဆိုတာ လတ်တို့အတွက် မရှိတော့တာ…လတ်တို့ မိတဆိုးဘဝရောက်ခဲ့တာ ၈တန်းကျောင်းသူ ဘ၀ကတည်းပါလေ..။
ဒါပေမဲ့ လောကမှာ မရှိတော့ဘူးဆိုတဲ့ အသိက ရင်ဘတ်ထဲ ထိုးအောင့်စေသည်..။
လောကကြီးမှာ မတည်မြဲခြင်း သဘောက အမေ ဆုံးသွားပြီ ဆိုတဲ့ စကားနဲ့ ရှေ့က ဦး၀င်းနိုင်ကို ကြည့်ရင်း အိုခြင်း နာခြင်း သေခြင်းကို တစ်ပြိုင်တည်း ကြားသိတွေ့ရတော့ တုန့်လှုပ်ခြောက်ခြားရသည်.။
အသက်ရှင်တုန်း ခွင့်လွှတ်သင့်တာ ခွင့်လွှတ် ပေးဆပ်သင့်တာ ပေးဆပ်ပြီး ဘ၀ကို ငြိမ်းချမ်းစွာ လျှောက်လှမ်းသင့်တယ် ဆိုတာသိလိုက်ရသည်..။
လတ်စိတ်ထဲမှ ဦး၀င်းနိုင်နဲ့ အတိတ်ဆိုးတွေကို မြေမြုပ်လိုက်ဖို့ ဆုံးဖြတ်ပြီး ပြုံးပြလိုက်သည်..။
"အဟွင်း…ဦးလေးက မှတ်မိတယ်..လတ်ကို ၀လာလို့ တော်ရုံလူတွေ မမှတ်မိဘူး..တော်တော် ဝလာတယ် မလား.."
ဦး၀င်းနိုင်က ခေါင်းကို လေးလေး ညိတ်ပြီး အဖြေပေးတော့ ဘေးက အမျိုးသမီးကလည်း ပြုံးသည်.။
“ညနေ စောင်းနေပြီဆိုတော့ လတ် ပြန်တော့မယ်နော်…နောက်နေ့လည်း လာပါမယ်…ဦးလေး စားချင်တာ လုပ်ချင်တာ ရှိရင် ဒီအစ်မကို ပြောနော်..လတ် တို့ဆီ ဖုန်းဆက်ပြောလိမ့်မယ်..သိလား…နေကောင်းအောင် နေနော် …”
လတ် နှုတ်ဆက်ပြီး အခန်းထဲက ထွက်လာတော့ ဦးလေး မိန်းမကလည်း လိုက်လာသည်..။
“ပြန်တော့မလို့လား..ညီမရယ်…”
“လတ်…လတ်…စိတ်မကောင်းလို့ပါ…”
စိတ်ထဲချုပ်တီး ထားသမျှတွေကို အိမ်ရှေ့ခန်းရောက်တော့ အသံတိုးတိုး ဖြင့် ငိုရှိုက်မိတော့သည်..။
ကိုယ့်ဘ၀မှာ ဘယ်လို မှ ကြီးကြီးမားမား မဖြစ်ခဲ့သလို…အခုလို ခွင့်လွှတ်ပါတယ်ဆို ိုတဲ့ စကား တစ်လုံးက ဘာမှ မထိခိုက်တော့ပါဘူး…။
“ညီမရယ်….သူ အခုလို ဖြစ်တာ…သမီးလေး ကြောင့်ပါ….အခုလို ဖြစ်စကတည်းက…သူ …ညီမကို အရမ်းတွေ့ချင်.. တောင်းပန်ချင်နေတာပါ…”
“လတ် လည်း…သာမန် ဖျားနာတာလောက် ထင်ခဲ့တာပါ……”
“ဟုတ်ပါတယ်….အဖြစ်က ဒီလိုပါ ညီမရယ်…အစ်မတို့ အရင်က မောင်လေး မင်းနောင်…အဲ..ညီမ ယောင်္ကျားလေ…လှိုင်သာယာမှာ  အိမ်၀ယ်ပေးထားပါတယ်.. ကို၀င်းနိုင်ကတော့ ဆိုက်ကားနင်းလိုက်… အရက်သောက်လိုက်ပါပဲ…အဲဒါ အစ်မ က ပျံကျစျေးရောင်းပါတယ်…ကလေးကိုလည်း စျေးရောင်းရင် ခေါ်သွားရပါတယ်…အစ်မဆိုင်ရဲ့ သုံးဆိုင်ကျော်က လူယုတ်မာက..သုံးနှစ်မပြည့်သေးတဲ့ သမီးလေးကို…ဟီး….စော်…စော်ကားဖို့ ကြိုးစားတယ်..ညီမရယ်…”
လတ်ရင်ထဲ ဒိန်းခနဲ ဖြစ်ခါ ခေါင်းတွေတောင် ချာချာ လည်ထွက်သွားသလို ခံစားလိုက်ရသည်..။
လက်ဖျားတွေ အေးစက်လာခါ စိတ်ခံစားမှု အတိုင်း နှလုံးခုန် နှုန်းမြန်လာတော့သည်..။
ရှေ့မှာ ထိုင်နေတဲ့ အမျိုးသမီး လက်ကို စိုး၇ိမ်တကြီး ဖျစ်ညစ် ကိုင်လိုက်မိသည်..။
“စျေး၀ယ်သူ တစ်ယောက်က သိသွားလို့ သမီးလေး ဘ၀ ကံကောင်း သွားရတာပါ..ညီမရယ်…ဒီလူက သမီးလေးကို မုန့်၀ယ်ပေး..အရုပ်၀ယ်ပေးနေကျမို့ အစ်မ စိတ်ချထားမိတာပါ….အခုတော့…သမီးလေး…ကို….ဟင့်…တော်သေးတာပေါ့…ဘာမှ မဖြစ်သွားလို့…အခုတော့ လူယုတ်မာလည်း ထောင်ကျသွားပါပြီ…အဲနေ့ကပေါ့..ကို၀င်းနိုင်က အရက်မူးမူး နဲ့ သတ်မယ် ဆို လိုက်သွားတာ… ဒေါသကြောင့် လဲကျ သတိလစ်သွားပြီး..ဆေးရုံရောက်တော့ ဒီအခြေအနေ ဖြစ်သွားတာပါပဲ ညီမရယ်…”
“ကလေး…ကော…ကလေး…ဘာဖြစ်သွားသေးလည်း..”
လတ် စိုးရိမ်စိတ်ဖြင့် အလန့်တကြား မေးမိတော့ ရှေ့က ကလေးအမေ က ခေါင်းရမ်းပြပြီး..တစ်ချက်ရှိုက်ခါ…
“ကလေးက တော့ ဘာမှ မသိရှာပါဘူး..ဦးဦးက အင်္ကျီ သစ်ဝတ် ပေးတာပါတဲ့လေ….ဟီး…”
“အို..”
“တကယ်တော့…ညီမရယ်…၀ဋ်လည်တာပါ….ကို၀င်းနိုင် က ဆေးရုံမှာသတိရကတည်းက ညီမ ကို သူ တွေ့ပြီး တောင်းပန်ချင်နေတာလေ….သူ့ကြောင့် သမီးလေးက ၀ဋ်ကြွေးဆပ်ရတာတဲ့….ဟီး…ညီမရယ်…ခွင့်လွှတ်လိုက်ပါတော့နော်….၀ဋ်ကြွေး ရှိသမျှ ဒီ ဘဝကျေပါစေတော့…”
“အို..မဟုတ်ပါဘူး…လတ်..ဒီလို သဘောမထား ခဲ့ပါဘူး…အစ်မရယ်…”
“သမီးလေးကို သိပ်ချစ်ရှာတာ…ညီမ..အဒေါ်နဲ့လည်း ကလေး မရခဲ့ဘူးလေ…အသက်ကြီးမှ ရတဲ့ သမီးမို့ သူက သမီးလေး အတွက် သိပ်စိတ်ပူနေတာပါ…အခုလို လူမမာ ဖြစ်နေတော့ ပိုဆိုးတယ်…မကာကွယ် မစောင့်ရှောက် နိုင်တော့ …တစ်ချိန်က မိဘမဲ့ ညီမတို့ မောင်နှမ အပေါ် အနိုင်ကျင့်ခဲ့တာလည်း ကောင်းကောင်းနောင်တ ရနေတယ်လေ…သူ့ကြောင့် သူ့သမီး ဝဋ်ကြွေးဆပ်ရမှာကိုပဲ စိုးရိမ်နေတာ...အစ်မလည်း တရားကျတယ်..အခုဝဋ်က ဘဝမကူးဘူးတဲ့...တကယ်..တကယ် ..ဟီး...”
“မဟုတ်တာ..လတ် တို့ ဦးလေး ကို ခွင့်လွှတ်ပါတယ်…ဦးလေး အိမ်မှာ နေလို့ အရိပ် တစ်ခုအောက်မှာ ခိုလှုံခွင့် ရလို့ လတ်တို့က ကျေးဇူးတောင် တင်ရမှာပါ…၀ဋ်လည်ပါစေဆိုတဲ့ စိတ်မျိုးလည်း မထားခဲ့ပါဘူး…အစ်မရယ်…”
“အခုလို လာတွေ့ ပေးတာကျေးဇူးတင်ပါတယ်…ဟိုတလောက ညီမတို့ ဦးလေး အရမ်းတောင်းဆိုလို့ မင်းနောင် ကို ပြောကြည့်တော့ တခြားအရာ အားလုံး ကူညီမယ်…ဒါတော့ မတက်နိုင်ဘူးတဲ့လေ…သြော်…ဟိုနေ့ က သမီးလေး ဆေးရုံတက်ရတုန်းကလည်း လိုက်ပို့ ပေးတာ အမြန်မို့ မပြောလိုက်မိဘူး..ကျေးဇူးတင်တဲ့ အကြောင်းလေး ပြန်ပြောပေးပါနော်..”
လတ် မျက်ရည်တွေကို သုတ်လိုက်ချိန် ကလေး က သူ့ အမေ အနားကို ရောက်လာသည်..။
အပြုံးလေးဖြင့် သူ့ အမေ လည်ပင်းကို သိုင်းဖက်လိုက်တာ တကယ့်ကို ဖြူဖြူစင်စင် နုနုနယ်နယ် နဲ့ ချစ်စရာ ကလေးလေး တစ်ယောက်ပါ…။
ဒီလို ကလေးကို…အို…လတ် မျက်လုံးတွေ ဖျတ်ခနဲ တောင် ယောင်ပြီး ပိတ်ချမိသည်..။
“သမီးလေး..နေကောင်းသွားပြီလား..”
“ဟုတ်..”
လတ် ပြုံးရင်း မေးလိုက်တော့ ကလေးက ခေါင်းလေး ညိတ်ပြီး ပြုံးပြသေးသည်..။
“သွေးလွန်တုတ်ကွေး ဖြစ်တာလေ…ဆေးရုံဆင်းတော့ သူ့ ဦးလေး မင်းနောင် က ဧည့်ခံပွဲက လာခေါ်ပေးရတာတဲ့…အားနာလိုက်တာ ညီမရယ်…ဆေးရုံက ပိုက်ဆံရှင်းခိုင်းတော့ အစ်မမှာလည်း အခက်အခဲ ဖြစ်နေလို့ပါ…”
“ရှင်…ဧည့်ခံပွဲက…သွေးလွန်တုတ်ကွေး…ဖြစ်တဲ့…ကလေး…”
လတ် စဉ်းစားရင်း သူ ဖုန်းပြောနေတာ သတိရတော့ နှုတ်က ယောင်ပြီး ထွက်သွားတဲ့ စကားကို ကလေး အမေ က ခေါင်းညိတ်ထောက်ခံပေးသည်..။
“သူ..သူ..ဘာ၀တ်စုံနဲ့လည်း ဟင်..”
“ဟယ်..”
“မယုံလို့ မဟုတ်ပါဘူး…ညီမ သူ့ကို ဒီကိစ္စ နဲ့ ပတ်သက်ပြီး အထင်လွဲမိလို့ပါ…”
“အဲနေ့က...နက်ပြာ ၀မ်းစက်လေ…ပွဲတက်သလိုမျိုး လည်စည်းလည်း ပါတယ်…ဟုတ်လားဟင်..”
“ဟုတ်…ဟုတ်ပါတယ်…”
“အထင်မလွဲပါနဲ့ ညီမရယ်…မင်းနောင်က ညီမ ကို တော်တော် ချစ်ရှာတာပါ…ဟိုးငယ်ငယ်ကတည်းက ညီမကို ကာကွယ်ချင်တဲ့ စိတ်နဲ့ ကို၀င်းနိုင်ကိုတောင် ခြိမ်းခြောက်ခဲ့တာတဲ့လေ… နောက်တစ်ခါလာရင် နှစ်ယောက် တူတူလာပေါ့…သမီးလေးက သူ့ဦးဦးနောင်ကို သိပ်ချစ်တာ…”
"ဦးဥနာင်လာပီ.."
ကလေးက တံခါး၀ကို ကြည့်ပြီး ပြောတော့ လတ် ပြုံးပြလိုက်၍ လက်ကလေးကို လှမ်းကိုင်ခါ
"မပါဘူး သမီးရဲ့…ဦးဦးက အလုပ်သွားတယ်..နောက်တစ်ခါဆို ခေါ်လာမယ်နော်.."
ကလေးက ခေါင်းညိတ်ပြပြီး လက်ကို အတင်းရုန်းခါ သူ့အမေကို ပြန်ဖက် ထားတော့သည်..။
"ပြဿနာဖြစ်ပြီးကတည်းက ခြောက်ထားရတယ်..ညီမရယ်…ဒါကြောင့် လူစိမ်းဆို ကြောက်နေတာပါ.."
“ကြောက်စိတ်စွဲသွားပါဦးမယ် ..အို..မိုးချုပ်မှာစိုးလို့…ပြန်လိုက်ဦးမယ်နော်…အစ်မ..”
“.အင်း…မကြာမကြာ လာလည်ပါနော်..ညီမကို တွေ့ရင် သူလည်း အပြစ်ရှိတယ် ခံစားနေရတာတွေ လျော့သွားမှာပါ..”
“ဟုတ်ကဲ့…သမီးရေ…အန်တီပြန်ပြီ… တာ့တာ…”
သူ့အမေ ဘေးမှာ ရပ်ပြီး လက်သေးသေး လေးတွေ လှုပ်၍ တာ့တာ ပြတော့ လတ်ရင်ထဲ ဆို့ရပြန်သည်..။
ကိုယ်မသိတဲ့ အဖြစ်အပျက် တသီတတန်း ကြီး သိလိုက်ရပေမဲ့ ရင်မော စရာတွေချည်းပဲမို့ သက်ပြင်းရှည် သာ ချလိုက်ရသည်..။

*✭˚・゚✧*・゚*✭˚・゚✧*
မနက်က အပိုင်းတိုလို့ ပါ
ညပိုင်း ထပ်တင်တော့ စိတ်ဆိုးမှာလား 😁
မထင်ပေါင် 😁
ဒီအပိုင်းက ရေးသာရေးရတာ စပိုက်ကါ ကိုယ်တိုင်တောင် ရှုပ်ခတ်နေတာပဲ အဲဒါကြောင့် ကျော်ဖတ်ကြပါလို့ 😁
Comment အကြွေးတွေများနေပြီ ဆောရီး 🙏

.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ

Group မှာ 
share ပေးတဲ့
ကိုယ့်အသည်း တွေ
ကျေးဇူးအထူးထူးပါနော် ❤

စွဲနေပြီWhere stories live. Discover now