1. အမိမြေသို့ ပြန်လည်ခြေချချိန် (အမိမွသေို့ ပြန်လည်ခြေချချိန် )

3.5K 167 0
                                    

Zawgyi

@ Chongqing Jiangbei International Airport

မွေးရပ်မြေ၏ အငွေ့အသက် တနည်းအားဖြင့်ဆိုသော် ၅နှစ်တာခွဲခွာခဲ့ရသော ဇာတိမြေ၏ လတ်ဆတ်အေးမြသော လေနုအေးအေးတချို့

ဒီအရပ်ဒေသကို ပြန်လာခဲ့မည်ဟု စိတ်ထဲမစဉ်းစားထားသော်လည်း အပြီးထာဝရစွန့်ခွာဖို့လည်း သူ မတွေးထားခဲ့။ တချိန်က မိမိ၏ဆန္ဒကို အကောင်အထည်ဖော်ရန်အတွက် စွန့်ခွာခဲ့သောမြေ၊ မိဘဆွေမျိုးများ၏ ကန့်ကွက်မှုများကို လျစ်လျူရှုလျက် မိမိ၏ဝါသနာကို ဦးစားပေးရန်အတွက် ခြေစုံကန်ခဲ့သောမြေ၊ ယခုတော့ ဒီမြေပေါ်သို့ တဖန်ပြန်လည် ရောက်ရှိခဲ့ပြီ။ လာရောက်ကြိုဆိုမည့်သူမရှိသော ဤနေရာမှာ သူ့အတွက် နောင်တဆိုသောအရာက စောင့်စားနေလင့်မလား သူမတွေးတတ်တော့။

ရှေးရိုးအစဉ်လာတို့၌ မွေ့လျော်သောမိဘနှစ်ဦးက သူတို့၏ဘိုးဘွားအစဉ်ဆက် လက်ဆင့်ကမ်းခဲ့သော တောင်ပေါ်စိုက်ခင်းကိုသာ ဆက်လက်ဦးဆောင်စေချင်ခဲ့သော်လည်း ခေါင်းမာလွန်းသော Xiao Zhan တစ်ယောက် သူဝါသနာပါရာ ဒီဇိုင်းပညာကိုသာ လေ့လာချင်ပါသည်ဟုဆိုကာ ဒီမြေကိုစွန့်ခွာခဲ့သည်။ ဒီမြေကိုသာမက သူ၏ချစ်လှစွာသော မိဘနှစ်ပါးကိုပါ မရှေးမနှောင်းစွန့်လွှတ်ရမည်ဟု ထိုအချိန်က သူမတွေးထင်ထားခဲ့မိပေ။

ဒေါသကြီးလှသော ဖခင်နှင့် စိတ်မာလွန်းသော မိခင်တို့က သူတို့လူ့လောကမှ ထွက်ခွာသွားကြောင်းကို Xiao Zhanထံ အသိပေးစရာမလိုဟု ဆွေမျိုးများအား မှာကြားထားသည်ကို မိဘနှစ်ပါးလုံးကွယ်လွန်ပြီး ၂နှစ်ကြာမှသာ Xiao Zhan တစ်ယောက် သိခဲ့ရသည်။ ထိုအချိန်မှ သူနားလည်လိုက်ရသည်က သူ၏ခေါင်းမာမှုကြောင့် မိဘများ၏ဆန္ဒကို မျက်ကွယ်ပြုခဲ့ခြင်းကပင် သူ့အတွက်တန်ဖိုးအရှိဆုံးအရာကို ဆုံးရှုံးခဲ့စေခြင်းပင်။

ယခုတော့ သူ့အမှားများကို ပြန်လည်ပြင်ဆင်ခွင့်ပေးမည့် မိဘ၂ပါးလည်း မရှိတော့ချေ။ သို့သော် မိဘ၂ပါး၏နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးခွင့်တော့ ကျန်နေသေးကြောင်း Xiao Zhanတယောက် နားလည်မိသည်။ ထို့ကြောင့်ပင် မိဘများသတင်းကို ကြားပြီးချက်ချင်း သူ၏ဝါသနာပါရာ ဒီဇိုင်းပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုနေရာ Londonမှ မွေးရပ်မြေ ချုံးချင့်သို့ ချက်ချင်းပြန်လာခဲ့ခြင်းပင် ဖြစ်သည်။ ဒီမြေမှာမွေးသောသူ့အတွက် မိဘတို့၏ဆန္ဒကို ဖြည့်ဆည်းနိုင်ရန် ဒီမြေမှတဖဝါးမခွာတော့ဟူသော ဆုံးဖြတ်ချက်နှင့်အတူ ချုံးချင့်မြေပေါ် ပြန်လည်ခြေချခဲ့ပြီဖြစ်သည်။ ဆုံးဖြတ်ချက်ချချိန် နောက်ကျခဲ့သော်လည်း ထိုဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်စရာအကြောင်း မရှိတော့သည်မှာတော့ သူ၏နှလုံးသားတွင် ခိုင်ခံ့စွာဆန္ဒပြုပြီးဖြစ်သည်။

ဇာတိမြေမှ ချစ်ဖူးစာ (ဇာတိမြေမှ ချစ်ဖူးစာ)Where stories live. Discover now