Called me Villin
အပိုင်း ( ၆ )လူတစ်ဦးနှင့်တစ်ဦး ရင်းနှီးကြွမ်းဝင်ရခြင်း၌ ကောင်းသောတွေ့ဆုံရခြင်းမျိုးသာ ဖြစ်ချင်ခဲ့ပါသည်။ သဇင်ဦးနှင့်တွေ့ဆုံခွင့်ရခဲ့ခြင်းသည် သူ့အတွက် ကောင်းသောတွေ့ဆုံခြင်းဟုသာ ထင်ခဲ့သည့်အချိန်တွေရှိခဲ့သည်။ သင်တန်းဆင်း၍ သုံးမိနစ်စာမျှ လမ်းအတူလျှောက်ရပေမယ့် တစ်ရက်တစ်ထက်အချိန်တွေကုန်သွားရင် သူတို့အကြောင်းအရာတော်တော်များများပြောဖြစ်ကြသည်။
' နွေဦးတို့ အောင်စာရင်းထွက်တော့မယ်နော်။ ဘာဆက်တက်မှာလဲ'
' ကျွန်တော်မစဥ်းစားရသေးဘူးဗျာ့။ အဝေးသင်ပဲတတ်ချင်တယ် ဒါပေမယ့် ကျွန်တော့် အမေနဲ့အစ်မ တက်စေချင်တာတက်ရမယ်ထင်တယ်'
လမ်းမ၌ ကားများရှုပ်လာ၍ နွေဦးအားအတွင်းဘက်တွင်ထား၍ လျှောက်ခဲ့လ်ိုက်သည်။ နွေဦးခေါင်းပေါ်သို့ ထီးအရိပ်မရောက်မည်ဆိုးသောကြောင့် ထီးကို ပုံမှန်ထက်ပို၍ခပ်မြင့်မြင့်ဆောင်းရသည်။
' နွေဦး အမေက ဘာတက်စေချင်တာလဲ'
'သူတို့ကတော့ လူကြီးတွေလေ။ အင်ဂျင်နီယာတို့ ဆရာဝန်တို့ဖြစ်စေချင်တာပေါ့။ ဒါပေမယ့် ကျွန်တော် အဲ့အမှတ်မမှီလောက်ဖူး'
' ဆရာဝန်အလုပ်တော့ ကိုယ်သိပ်မသိဘူး။ ဒါပေမယ့် အင်ဂျင်နီယာအလုပ်ကတော့ ထင်သလောက် မလွယ်ဘူး။ ကိုယ့်ကိုပဲကြည့်လေ ကျောင်းပြီးတာပဲ တစ်နှစ်ပြည့်တော့မယ် ကုမ္မဏီတွေက လုပ်ငန်းအတွေ့အကြုံရှိမှဆိုလို့ ကွန်ပျူတာသင်တန်းမှာ နည်းပြလာလုပ်နေရတယ်'
' အစ်မက အင်ဂျင်နီယာပေါ့'
'အင်ဂျင်နီယာကျောင်းဆင်းရုံတင်ပါ '
'ဘာမေဂျါနဲ့ပြီးခဲ့တာလဲ'
' လျှပ်စစ်ဆက်သွယ်ရေး အင်္ဂလိပ်လိုဆို electronic communication လို့ခေါ်တယ်'
'သြော်...။ ကျွန်တော် မသိဘူး'
မသိဘူးဟုပြောကာ ရှက်ရယ်ရယ်လိုက်သည်။ ရှေ့၌ ဘပ်စ်ကားမှတ်တိုင်သို့ရောက်တော့မည်ဖြစ်၏။
' ဒါနဲ့ အစ်မက ဘယ်ကိုပြန်ရတာလဲ'
' မပြန်ရသေးဘူး။ လှည်းတန်းကို စာသင်သွားရတာ။ ကိုယ်အိမ်ပြန်ရောက်ရင် အစောဆုံး ညကိုးနာရီပဲ..ဟော...ဟိုမှာ ကားလာနေပြီ ။ ကိုယ်သွားတော့မယ်နော်'