[Unicode]
" အာဂျီးမား ဒါက ဘယ်လိုလုပ်ရမှာလဲ.. "
တရုတ်စာတန်းတွေ အပြည့်နဲ့ မာလာရှမ်းကော အနှစ်ထုတ်လေးကို ကိုင်ပြီး မေးနေတဲ့ အိမ်တော် သခင်လေးကြောင့် မီးဖိုချောင် တာဝန်ခံ အာဂျီးမား Kim တစ်ယောက် ဘုရားတနေရတယ်။
" အကိုလေး အဲ့ဒါက နောက်ဆုံးမှ ထည့်ရမှာပါ ခေါက်ဆွဲကို အရင်ပြုတ်ပြီး အအေးခံရပါသေးတယ်.. "
" သား လုပ်ကြည့်မယ်နော်.. "
" ဟုတ်ကဲ့.. လက်ကိုတော့ သတိထားပါနော်.. ခေါက်ဆွဲက အငွေ့သိပ်မထွက်ပေမယ့် အရမ်းပူပါတယ်.. "
ခေါင်းတချက်ပဲ ငြိမ့်ပြပီး မျက်မှောင်လေးကုတ်ကာ အာရုံစူးစိုက်နေတဲ့ ကလေး..။ ဘယ်ကဘယ်လို စိတ်ဝင်စားလာလဲ မသိပေမယ့် ရုတ်တရုတ်ကြီး ဟင်းချက်နည်းသင်မယ်ဆိုကာ ညနေ အပြင်က ပြန်လာပြီးထဲက မီးဖိုထဲမှာ သောင်းကျန်းနေတာ ဖြစ်သည်။
ပထမတော့ ဒီတိုင်း အပျော်ဆော့ချင်တာလို့ ထင်မိပေမယ့် ဒီနေ့ မာလာရှမ်းကော လုပ်နည်းသင်ချင်တယ်ဆိုတဲ့ အချိန်ကစလို့ တစ်ဆင့်ချင်း သင်ပြပေးသမျှကို တစ်ခုချင်း တကယ် ကြိုးစားလုပ်နေတာကြောင့် Arjima Kim မှာ မအံ့သြပဲ မနေနိုင်တော့။
" ဒါ မှန်လား.. အာဂျီးမား.. "
" ဟုတ်ကဲ့ အကိုလေး.. "
" ပြီးရင် ဘာလုပ်ရမလဲ.. "
" အသီးအရွက်တွေ လှီးပြီး ရေဆေးရပါ့မယ်.. အသီးအရွက်တွေ လှီးတဲ့အခါ.. "
Arjima Kim လှီးတဲ့အတိုင်း ဓားအသေးလေးကိုင်ကာ လိုက်လှီးကြည့်နေတဲ့ Chanyeol လေး..။
" နောက်လုပ်နေကြသွားရင်တော့ အဆင်ပြေသွားမှာပါ.. အခုကတော့ အကုန်သတိလေးထားပါနော် အကိုလေး.. "
" ဟုတ်ကဲ့.. "
Arjima Kim ဆိုတာ Chanyeol မမွေးခင်ထဲက Park အိမ်တော်မှာ နေလာတာဖြစ်ပြီး Chanyeol လေးဟာလည်း Arjima Kim လက်ထဲမှာပဲ ကြီးလာတဲ့ ကလေးမို့ အတွင်းသိ အဆင်းသိတွေဖြစ်သည်။
Chanyeol လေးက အဂ်လန်မှာထဲက သူငယ်ချင်းအများကြီးထားပြီး ရောနှောတာမျိုးမရှိသလို မိန်းကလေးသူငယ်ချင်းများဆို တွေ့တောင်မတွေ့ဖူးဘူး။ ငယ်ပေမယ့် တည်တည်တံ့တံ့လေးရှိကာ ကြီးရင်လည်း အဖိုးခြေရာနင်းပြီး လိမ္မာထက်မြက်မယ့်ကလေးလို့ ချီးမွန်းခံနေကျလေ။ သူစိတ်မဝင်စားရင် ဘာမှ မလုပ်တတ်သလို တစ်ခုခုကို လုပ်ပြီဆိုရင်လည်း စနစ်တကျ ပြီးဆုံးအောင် လုပ်တတ်တဲ့ကလေးပါ။