[ Zawgyi ]
မြူခိုးများဖြင့်ဝေဝါးနေပြီး သွေးညှီနံ့များထောင်းထောင်းထနေသည့် မြေကြီးပေါ်၌ ပင်းဝမ် ဒူးထောက်လျက်သားအနေအထားဖြင့် ဇာမဏီဓားကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထား၏။ နဖူးထက်တွင်လည်း သွေးများဒလဟောစီးကျနေပြီး သူတစ်ကိုယ်လုံးမှာလည်း လှုပ်လို့မရအောင် အားအင်ချိနဲ့နေသည်။
ခြေသံကြား၍ ခေါင်းမော့ကြည့်လိုက်တော့ အဝါရောင်သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်ကို သူတွေ့လိုက်ရသည်။ သပ်ရပ်စွာထုံးထားဟန်ရှိသည့် ဆံနွယ်များမှာလည်း ဝဲကျနေပြီး ညာဘက်လက်၌ အသွားနှစ်ဖက်ပါသည့် ရွှေရောင်ဓားရှည်ကိုကိုင်ဆောင်ထား၏။
"" ရှဲ……""
စကားမဆုံးခင်မှာပဲ ထိုအမျိုးသားကနေ သူ့ရဲ့ရင်ဘတ်တည့်တည့်ကို ဓားဖြင့် ထိုးစိုက်လိုက်သည်။ ချွန်ထက်လှသည့်ဓားသွားမှာ သူ့ရဲ့ရင်ဘတ်ကနေတဆင့် နှလုံးအိမ်ကို ဖောက်ကာ ကျောရဲ့အပြင်ဘက်သို့ ထုတ်ချင်းပေါက်သွားခဲ့သည်။
ဖော်ပြရခက်လှသည့်နာကျင်မှုနှင့်အတူ ဝေဝါးလာသည့်အမြင်အာရုံဖြင့် နောက်တစ်ကြမ်မော့ကြည့်လိုက်တော့ အလှဆုံးပြုံးပြနေသည့် အမျိုးသားရဲ့မျက်နှာကို သူမြင်လိုက်ရသည်။
အပြုံးတစ်ပွင့်…။သူတွေ့ဖူးသမျှထဲမှာ အလှဆုံးဖြစ်သလို အနာကျင်ရဆုံးလည်းဖြစ်သည်။
"" နှုတ်ဆက်ခဲ့ပါတယ်…။ ""
"" မဟုတ်ဘူး!!!""
.
.
အလန့်တကြားဖြင့် ပင်းဝမ်အော်ဟစ်လိုက်ရင်း အိပ်ရာထက်ကနေ ပြုတ်ကျမလိုတောင်ဖြစ်သွားသည်။ အိပ်ရာထက်တွင် ထိုင်ရင်း နဖူးထက်က ချွေးတွေကို လက်ဖမိုးဖြင့် သုတ်ချလိုက်သည်။ တထိတ်ထိတ်နှင့် ခုန်နေသည့် ဘယ်ဘက်ရင်အုံကို လက်ဖြင့် ဖိရင်း အသက်ကို ဖြည်းဖြည်းချင်းရှုလိုက်သည်။ထိုအိမ်မက်မှာ သူ့အတွက် ရှေ့ပြေးနိမိတ်ဆိုးတစ်ခုဆိုတာ သူရဲ့စိတ်ထဲတွင် အလိုလိုသိနေသည်။ ငယ်စဉ်ကတည်းက အိမ်မက်တွေ သိပ်မက်လေ့မက်ထမရှိပေမယ့် တစ်ခါမက်လိုက်ရင်လည်း ထိုအိမ်မက်အတိုင်း တကယ်ဖြစ်လာတတ်သည်။ ထိုကဲ့သို့ စိတ်အစွဲကြောင့် သူ့ရဲ့ရင်တွေတစ်ခုလုံး တုန်လှုပ်ခြောက်ခြားနေသည်။
YOU ARE READING
The Loyal Male Lover
Historical Fiction#Not Translation Both Zawgyi and Unicode are available!