[ Zawgyi ]
ထိုနေ့ညတွင် လပြည့်ဝန်းမှာ ကောင်းကင်ထက်တွင်ထိန်ထိန်သာနေခဲ့ပြီး တောတောင်ပတ်ဝန်းကျင်တခွင်မှာ အလွန်ဆိတ်ငြိမ်နေခဲ့ရာ ညဥ့်ငှက်တို့ရဲ့အော်သံကိုတောင် မကြားရ။ လရောင်ဖြာကျနေသည့် တောင်ကုန်းပေါ်တွင်တော့ လူနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် စူးစိုက်ကြည့်နေကြ၏။
"" လတ်စသတ်တော့ ဆရာတူညီလေးချီပင်းဝမ်ပါလား ""
လီရှောင်းကနေ အရင်စပြီး တိတ်ဆိတ်နေသည့်လေထုကိုဖြိုခွင်းလိုက်သည်။ ထိုအဝါရောင်ဝတ်ရုံနှင့်လူမှာ ကျန်းရှဲလီမဟုတ်။ သေရာကနေပြန်ထလာတဲ့ ချီပင်းဝမ်ပင်။ သို့ပေမယ့် ချီပင်းဝမ်ကို ပြန်ခေါ်လာခဲ့သူမှာ သေချာပေါက် ကျန်းရှဲလီပဲဖြစ်ပေလိမ့်မည်။ အမှန်အတိုင်းဝန်ခံရလျှင် သူ နောင်တရမိသည်။ ကျန်းရှဲလီကို သူအခွင့်အရေးမပေးခဲ့သင့်သလို ယုံလည်းမယုံခဲ့သင့်ပေ။
သို့ပေတည်း အရာအားလုံးမှာ အဆိုးကြီးရယ်တော့မဟုတ်သေး။ ယခုဆိုလျှင် ချီပင်းဝမ်ကို သူ့ရဲ့လက်နှင့် ကိုယ်တိုင်ကိုယ်ကျသတ်ခွင့်ရပြီဖြစ်၏။ ကျန်ရှဲလီရဲ့ဓားချက်ကြောင့် အသက်မသေခဲ့သော်လည်း ချီပင်းဝမ်တွင် ဒဏ်ရာအပြင်းအထန်ရနေလိမ့်မည်ဆိုတာ သူကောင်းကောင်းရိပ်မိသည်။
ချီပင်းဝမ်ရဲ့မျက်နှာအသားရေမှာ သူထင်ထားသလို ဖြူရော်နေဆဲဖြစ်၏။ သို့သော် ခန္ဓာကိုယ်ကတော့ အကောင်းပတိအတိုင်း မားမားမတ်မတ်ရပ်နေပြီး မျက်ဝန်းနက်နက်တို့မှာ အလွန်စူးရဲနေခဲ့ရာ မသိလျှင် ဘာအားနည်းချက်မှမရှိသည့်လူလိုပင်။
"" ကြည့်ရတာ ကျန်းရှဲလီက သင့်ကိုအသက်ချမ်းသာပေးလိုက်တာများလား။ ကျစ်...ကျစ် ဘယ်လောက်တောင်မိုက်မဲလိုက်တဲ့ ကျန်းရှဲလီလဲ။ တိုင်းပြည်တစ်ခုလုံးဖျက်ဆီးခံရမှာကို သိသိကြီးနဲ့ ကျားတစ်ကောင်ကို လွှတ်ပေးလိုက်တယ်ဆိုတော့...။ ""
လှောင်ရိပ်သန်းနေသည့်အသံဖြင့် လီရှောင်း စကားဆက်ပြောလိုက်သည်။ သို့သော် ပင်းဝမ်ကတော့ ကန်ရေပြင်ပမာ အလွန်တည်ငြိမ်လွန်းနေ၏။ ဒေါသထွက်ခြင်းမရှိ ရယ်မောခြင်းမရှိ မျက်နှာအမူအယာမှာ ဗလာနတ္ထိဖြစ်နေ၏။
BINABASA MO ANG
The Loyal Male Lover
Historical Fiction#Not Translation Both Zawgyi and Unicode are available!