[Unicode]
"သတို့သားနှစ်ယောက်အနမ်းပေးလို့ရပါပြီ"
ဖာသာ၏စကားအဆုံး မျက်နှာချင်းဆိုင်ရပ်နေသော သတို့သားနှစ်ဦးမှာငြိမ်သက်တောင့်ခဲလို့နေ၏။ တစ်ယောက်ကမလှုပ်ရှားသလို နောက်တစ်ယောက်ကလည်းရပ်တန့်လျက်။
အတွေ့မကြုံမရှိတဲ့ ချာတိတ်ငယ်လေးကတော့ ခေါင်းကလေးငုံ့ကာရှက်သွေးဖြာနေသည်မို့ လူကြီးဖြစ်တဲ့သူကပဲ ထိုကလေးရဲ့မျက်နှာပြင်လေးအားဆွဲယူကာ ပါးပြင်ထက်ခပ်ဖွဖွထွေးပွေ့ရင်း ပန်းနုရောင်နှုတ်ခမ်းပါးလေးဆီသို့ဦးတည်လျက် သူ၏နှုတ်ခမ်းအစုံတို့နှင့်အလျင်အမြန်ပင်ထိကပ်လိုက်မိသည်။
တကယ့်ကိုထိတယ်ဆိုရုံလေးပါပဲ.....သူတို့နှစ်ဦးသားလုံး၏ခံစားချက်မှာတော့ ချစ်ခြင်း၊မုန်းခြင်းမပါ၀င်သည့်အဖြူရောင်သက်သက်သာ။
လူကြီးပီပီ ထယ်ဟျောင်းအတွက်ဘယ်လိုခံစားနေရမလဲမသိနိုင်ပေမယ့် ချာတိတ်ငယ်လေးမှာတော့သူ၏ပထမဆုံးအနမ်းဖြစ်သည်ကြောင့်ရော ရင်ခုန်တာကြောင့်ပါရောပြီး ရှက်ရွံ့နေမိပါသည်။ ပွဲပရိတ်သတ်လူအများ၏ရှေ့တွင်ယခုကဲ့သို့အနမ်းခံရသည်ကအမှန်ပင်ရှက်စရာကောင်းသည်မဟုတ်ပါလား။
သူတို့ရင်းနှီးသည်လည်းမဟုတ်သည့် ဆရာတပည့်ဆက်ဆံရေးမျိုးသာ။ ဘာသံယောဇဉ်မှမရှိပါဘဲ ရုတ်တရက်ကြီးပေါင်းဖက်ကြရသည့်သူစိမ်းနှစ်ဦးပင်မို့ ချစ်ခင်နှစ်သက်သည့် ခံစားချက်တွေရှိမနေသလို ပျော်ရွှင်ခြင်း၊၀မ်းနည်းခြင်းတို့ကလည်းရှိမနေပြန်ဘူး။
အစကတော့ လက်ထပ်ဖို့ကိုခါးခါးသီးသီးငြင်းဆန်နေခဲ့သည့်ကောင်လေးက နောက်ဆုံးတွင်တော့လည်း လိမ္မာသိတတ်သည့်ကလေးငယ်မို့ မိဘများ၏သဘောဆန္ဒကိုမလွန်ဆန်နိုင်ခဲ့ပြန်ပါဘူး။
ဒီလိုနဲ့ချစ်ခြင်းမေတ္တာမပါ၀င်တဲ့ သူတို့နှစ်ဦးရဲ့လက်ထပ်ပွဲလေးဟာ အလျင်အမြန်ပင်ပြီးဆုံးလို့သွားခဲ့လေပြီ။ နှစ်ဦးနှစ်ဖက်သဘောတူညီမှုဖြင့် ပွဲကိုလည်း အကြီးအကျယ်မလုပ်ဘဲ ဧည့်သည်အနည်းငယ်ဖြင့်ဘုရားကျောင်းတွင် အကျဉ်းချုံးမြန်မြန်ဆန်ဆန် လုပ်ဖြစ်ခဲ့သည်။