[Unicode]
ဒီနေ့နဲ့ဆို ဦးနှင့်စာသင်နေတာ တစ်ပတ်ရှိပြီဖြစ်သည်။ ထိုလူကြီးသည် သူ၏ချောမောခန့်ညားလွန်းသည့် ရုပ်ကလေးနဲ့မှမလိုက်ဖက်စွာ အေးစက်စက်ဖြင့် အလွန်ကြောက်စရာကောင်းသည်။ လက်သံပြောင်ချက်ကလည်း သူနဲ့စာသင်ချိန်များတွင် သံဖြင့်ပြုလုပ်ထားသည့် ဦးထုပ်တစ်လုံးလောက်သာ ဆောင်ထားမှ တော်ကာကျမည်ဖြစ်သည်။
ထိုလူကြီးသည် သန်သန်မာမာရှိသည့် သူ့လက်ကြီးမှအားမနာလှစွာ မညှာမတာဖြင့် ခေါင်းကို ထုလိုက်တာခေါက်လိုက်တာများ တဂွက်ဂွက်မြည်သည့်အသံများပင် ထွက်သည်အထိ....။
''ဂျောင်ဂု မနေ့ကပေးထားတဲ့အိမ်စာတွေပြီးပြီလား''
''ဟို....အဲ...အဲ့ဒါကလေ....မနေ့ကကျောင်းကပေးတဲ့အိမ်စာတွေလည်းလုပ်ရသေးတယ်လေဗျာ။ အဲ့တာကြောင့် ဦးရဲ့အိမ်စာတွေလုပ်ဖို့အချိန်ကမရတော့ဘူးဖြစ်သွားတာပါနော်''
"ပြောလိုက်ရင်ဆင်ခြေ၊ ဆင်လက်၊ ဆင်ခြေထောက် ဘာမှကိုမကျန်အောင်ပဲ''
''တကယ်ပြောတာပါဦးရယ် စာတွေကအရမ်းများလွန်းနေတာကိုး ဟင့်''
မကျတဲ့မျက်ရည်ကို အတင်းညှစ်ချ၍ မျက်နှာငယ်လေးနှင့် ငိုမဲ့မဲ့ဖြစ်နေသည့် ထိုကလေး၏ပုံစံမှာ အမှန်တကယ်ကို အူယားပြီးဖျစ်ညှစ်ပစ်လိုက်ချင်သည်အထိ ချစ်ဖို့ကောင်းလွန်းသလို သနားစရာကောင်းနေပါသော်လည်း ထယ်ဟျောင်း ကဲ့သို့ ရင့်ကျက်တည်ငြိမ်သော သူစိမ်းလူကြီးလူကောင်းတစ်ယောက်၏အမြင်တွင်တော့ လိုချင်တာမရ၍ မိဘကိုဂျစ်တိုက်နေတတ်သည့် ဆိုးသွမ်းတဲ့ကလေးတစ်ယောက်ထက်ပင် မပိုပါချေ။
'' ငါလည်းမင်းအရွယ်ကနေ တက်လာတာပါပဲ...ဟင်း...အခုလိုပျင်းနေပုံမျိုးနဲ့တော့ အောင်ဦးမယ်ကွာ ကျောင်းနောက်ဆုံးနှစ်ရောက်နေမှပဲ စာမေးပွဲကို အကျခံတော့မလို့လား''
'' ဦးကလည်း....အ..အားးးး နာတယ်ဗျ သေပါပြီ''
လျှာရိုးမရှိတိုင်းလျှောက်ပြောနေသည့် ထိုကလေး၏ဆင်ခြေတွေ နောက်တစ်ကျော့ပြန်မလာခင်မှာပင် သူ့ထက်ဦးအောင် ထယ်ဟျောင်းဘက်မှအရင် ထိုကလေး၏ နီနီရဲရဲနားရွက်လေးတွေကို သူ့လက်ဖြင့်ဆွဲလိမ်ပစ်လိုက်တော့ အသံပြဲပြဲနှင့်အော်ကာ နာတတ်သေးသည်။