[Unicode]
ခပ်ငြိမ့်ငြိမ့်နှင့်နောက်ခံတေးဂီတက ခန်းမအတွင်းရှိခမ်းနားနေသည့်ပွဲတစ်ခုကို ပိုလို့ပင်ကြွရွကာအသက်၀င်သွားစေသည်။ ခန်းမအတွင်း ငြိမ့်ညောင်းသည့်ဂီတတေးသွား၏စည်းချက်အတိုင်း လှုပ်ရှားနေကြသူများကလည်း အများအပြားပင်။
သို့သော် ခမ်းနားကြီးကျယ်လွန်းလှသည့် ထိုကျယ်၀န်းလှသောခန်းမကြီးအလယ်တွင် အများနှင့်မတူ တစ်ကိုယ်တည်းကျောက်ရုပ်ကြီးပမာရပ်နေမိသည့် ဂျောင်ဂုအတွက်တော့ ကိုယ့်ကိုယ်ကိုယ်တောင်သေးငယ်သွားသလိုပင်ခံစားရစေသည်။
သူနဲ့မသက်ဆိုင်သည့်ဂီတ... ။
သူနဲ့မသက်ဆိုင်သည့် လူတွေ...။
သူရောက်ရှိနေသည့်ပတ်၀န်းကျင်က အရာအားလုံးက သူနဲ့ဘာမှသက်ဆိုင်မနေသည့် အစိမ်းသက်သက်ကြီးသာ။ထို့အပြင် တီရှပ်တစ်ထည်နှင့်အဆင်ပြေသလို၀တ်ဆင်နေကြဖြစ်သည့် ဂျောင်ဂုအတွက် ယခုကဲ့သို့၀တ်စုံအပြည့်၀တ်လျက် နာရီပေါင်းများစွာကြာအောင် နေ,နေရသည်ကလည်း သူ့ကိုပိုလို့ပင်စိတ်ကျဉ်းကြပ်စေသေးသည်။
ဒီထပ်...ဒီထပ်ပိုပြီးတော့...သူသည်းမခံနိုင်တော့ပေ...။
ထိုအချိန် စကားဝိုင်းထဲကထွက်လာသည့် ထယ်ဟျောင်းက ဂျောင်ဂုအနားသို့ ပြန်ရောက်လို့လာသည်။ ထယ်ဟျောင်းကိုမြင်သည်နှင့် ဂျောင်ဂုမှာ အနည်းငယ်တော့စိတ်သက်သာရာရသွားသလိုပင်။
"ဦး....ပြန်ချင်နေပြီလို့"
လက်တစ်ဖက်ကိုဆွဲလားရမ်းလားနှင့် ဂျစ်တိုက်ကာဆိုနေသည့်ကောင်ငယ်လေးမှာ မိမိတို့နှစ်ဦးသားလုံးက လူအုပ်ကြီးကြားထဲတွင်ရောက်နေသည်ကိုလည်း ဂရုစိုက်သည့်ဟန်မပေါ်။
"ဂျောင်ဂု ဘယ်လိုဖြစ်နေရတာလဲ ဧည့်သည်တွေရှိနေတယ်လေ ကိုယ့်ကိုမျက်နှာပျက်ရအောင်မလုပ်နဲ့"
"ဂုဂီ ပျင်းနေပါပြီဆို!!"
"ဂျောင်ဂု မရစ်နဲ့ကွာ...အပြန်ကျမှ မင်းစားချင်တာလိုက်၀ယ်ပေးမယ် ခဏလေးပဲစောင့်ပေး ဟုတ်ပြီလား"
စားချင်တာ၀ယ်ပေးမည်ဟုဆိုကာ ထိုနေရာမှာပင် မိမိအား ထားခဲ့ကာထွက်သွားပြီဖြစ်သော ထိုလူကြီး၏ကျောပြင်ကျယ်အား ဂျောင်ဂု မီး၀င်း၀င်းတောက်နေသည့်မျက်၀န်းတို့ဖြင့် စူးစိုက်ကြည့်နေပစ်လိုက်သည်။
မိမိအား လူပုံအလည်တွင် ကလေးတစ်ယောက်ကဲ့သို့ဆက်ဆံသွားသေးသည့်အပြင် အစားမြင်ရင်ငမ်းငမ်းတက်နေသည့်လူတစ်ယောက်အဖြစ်ကိုပါ သွင်းသွားသေးသည့် အကျင့်မကောင်းသည့်လူကြီး။