🌸Unicode🌸
မှောင်မိုက်သည့်ညယံတွင် တလက်လက်တဖျတ်ဖျတ်ဖြင့် ရောင်သွေးခြယ်သည့် ကြယ်ပွင့်လေးများကို အခန်း၀ရံတာမှတဆင့် ငေးမော့ကြည့်မိတော့ မြင်တွေ့ရသည့်ရှုခင်းမှာ ရင်သပ်ရှုမောဖွယ်ရာပင်။ ထိုအလှတရားတို့နှင့် လိုက်ဖက်ညီစွာပင် မနီးမဝေးက ပင်လယ်လှိုင်းတို့ရိုက်ခတ်နေသံကိုပါ တစ်ချက်တစ်ချက် ကြားနေရသေးသည်။
ညဉ့်နက်လာသည်နှင့်အမျှ တဖြည်းဖြည်းနှင့်တိုး၀င်လာသည် အအေးဓာတ်တို့ကြောင့် ထယ်ဟျောင်း အခန်းအတွင်းသို့သာ ပြန်၀င်လိုက်ရင်း မှန်တံခါးများကို အသေအချာလိုက်ပိတ်ရတော့၏။
"ဟေ့ ဘယ်အချိန်ရှိနေပြီလဲ အိပ်သင့်ပြီနော်"
ဟိုတယ်ခန်းထဲရှိ ဖြူစွတ်စွတ်ကုတင်ကြီးပေါ်တွင် ကိုယ်ကိုဆန့်ကားရင်း လှဲနေသည့် ငဆိုးလေးက သူ့လက်တစ်ဖက်ကို လေပေါ်မြှောက်ကာမြှောက်ကာကြည့်ရင်းပင် တခစ်ခစ်ရယ်နေသေးသည်။
"အဲ့ဒီလက်ကြီးကို ကြည့်လို့မ၀သေးဘူးလား"
တန်ဖိုးကြီးသည့်အရာမဟုတ်ဘဲ သာမန်ပစ္စည်းလေးတစ်ခုပင်ဖြစ်သော်ငြား ထိုကလေးက အမှန်ကိုပင် သဘောကျနှစ်သက်နေပုံရသည်ကို မြင်ရတော့ ထယ်ဟျောင်း ကျေနပ်ရပါသည်။ ထိုကဲ့သို့သာမန်ပစ္စည်းလေးတစ်ခုကို ထိုကလေးက တန်ဖိုးထားတတ်လိမ့်မည်ဟုတော့ သူတွေးမထင်ထားခဲ့မိတာ အမှန်ပင်။
"ဒါက ဦးဘက်က ကျွန်တော့်ကို၀ယ်ပေးတဲ့ ပထမဆုံးပစ္စည်းလေးမို့လို့လေ"
ထိုကလေး၏စကားကြောင့်ပင် ထယ်ဟျောင်း ထိုကလေးအပေါ် အားနာစိတ်နှင့်အတူ တာ၀န်မကျေခဲ့သည့် မိမိကိုယ်ကိုယ်အပြစ်တင်စိတ်တို့ကိုပါ တစ်ပြိုင်နက်ခံစားလိုက်ရပေသည်။ တစ်ဦးနှင့်တစ်ဦး သက်ဆိုင်သူတွေ ဖြစ်လာခဲ့ရသည့် နေ့ကစလို့ အိမ်ထောင်ဦးစီးတစ်ယောက်အနေဖြင့်ပင် သူ့ဘက်က လစ်ဟင်းခဲ့မိသည့် တာ၀န်၀တ္တရားတွေ အများကြီးရှိခဲ့သည်ကို သူကိုယ်တိုင်လဲလက်ခံမိပါသည်။သို့သော် ထိုအရာများကို သူကိုယ်တိုင်ကပင် ခပ်ပေါ့ပေါ့တွေးထင်ကာ လစ်လျူရှုထားခဲ့မိပြီး ထိုကလေးဘက်ကို ထည့်မတွေးခဲ့သလို ထိုကလေး၏ ခံစားချက်တို့ကိုပါ ဂရုမစိုက်ခဲ့ခြင်းတို့က သူ့အမှားများပင်ဖြစ်လေသည်။
ထိုကဲ့သို့ သူ့ဘက်က လျစ်လျူရှူကာ ဂရုမစိုက်ပေးခဲ့မိသည့်အချိန်များတွင် ထိုကလေးများ ၀မ်းနည်းအားငယ်နေခဲ့မည်လားဟု တွေးမိပြန်တော့ ထယ်ဟျောင်း မိမိကိုယ်ကိုယ်အပြစ်တင်စိတ်တို့ကသာ ပိုမိုကြီးမားလာခဲ့ရပေသည်။