[Unicode]
ညအိပ်ချိန်ရောက်နေပေမယ့် အတွေးပေါင်းသောင်းခြောက်ထောင်တို့နှင့် အိပ်မပျော်နိုင်သေးသည်က ဂျောင်ဂုပင်ဖြစ်သည်။ အကြောင်းမှာ ထိုလူကြီးထံသို့ခွင့်ပြုချက်တစ်ခုတောင်းဆိုချင်မိ၍သာ။
ဂျောင်ဂု အသေအချာကို ကြိုသိနေမိသည်တစ်ခုမှာ ထိုလူကြီးကလုံး၀ခွင့်ပြုမည်မဟုတ်ပေ။ဆယ်ကျော်သက်အပိုင်းအခြားသာ ရှိသေးသည့်လူငယ်တစ်ယောက်က လွတ်လွတ်လပ်လပ်မနေရတဲ့အပြင် သူ့အဖြစ်က၀က်တစ်ကောင်လိုခြံထဲထည့်ခတ်ခံထားရသည့်အဖြစ်။ သူတွေးလေလေ ဒေါသတွေအလိပ်လိုက်ထွက်လာလေပင်။ အရာရာတိုင်းကိုခွင့်ပြုချက်လိုက်တောင်းနေရအောင် သူကအရွယ်မရောက်သေးတဲ့ကလေးလည်းမဟုတ်ပါဘဲနဲ့ ဒီလူကြီးနဲ့ကျမှခြေချုပ်မိနေရသည်က သူ့အတွက်တော့သိပ်ကိုခံပြင်းလွန်းလှသည်။
သိပ်စိတ်တိုစရာကောင်းတယ်!!
ထယ်ဟျောင်း ကုတင်ကိုမှီကာ မပြီးပြတ်သေးတဲ့အလုပ်တွေကိုလက်စသတ်ရင်းနဲ့ သတိထားမိသည်ကဘေးကကောင်လေး၏ထူးဆန်းနေမှု။
ပုံမှန်အတိုင်းသာဆို အိပ်ယာပေါ်လှဲလိုက်တာနဲ့အငြိမ်သားနှင့်တန်းပြီးအိပ်ပျော်တတ်တဲ့ကောင်လေးက ယခုတွင်တော့လှုပ်စိလှုပ်စိနှင့်မငြိမ်မသက်ဖြစ်လို့နေသည်က သူ့အတွက်တော့မျက်စိနောက်စရာကောင်းလွန်းလှသည်။
သူ့ကိုကျောခိုင်းထားလျက်သားနှင့် နှုတ်မှခပ်တိုးတိုးရေရွတ်သံတို့ကလည်း တစ်စတစ်စထွက်ပေါ်လာသေးသည်မို့ ထယ်ဟျောင်းရဲ့စိတ်အာရုံတို့ကထိုကောင်လေးဆီကိုမကျရောက်ပဲမနေနိုင်။နံရံပေါ်ကနာရီကိုအကြည့်ပို့မိတော့ မကြာခင်မှာပင်ညသန်းခေါင်ကျော်တော့မည်ပင်။ ဒီအချိန်ကြီးထိ ဒီကလေးအိပ်မပျော်တာများလားဟုတွေးမိပြန်တော့ အိပ်ရေးပျက်မှာစိုးရိမ်မိသည့်စိတ်က မနေတတ်စွာနှင့်မေးမိတော့သည်။
"ဂျောင်ဂု မအိပ်သေးဘူးလား?"
ထိုကလေးဘက်သို့လှည့်မကြည့်ပါဘဲ အကြည့်တို့ကလက်ထဲရှိစာရင်းဇယားများတွင်သာတည်မြဲနေလျက်ဖြင့်ထိုကလေးအားဆိုမိတော့ မျက်လုံးပြူးမျက်စံပြူးကာသူခိုးလူမိသလိုရုပ်ကလေးနှင့် မိမိဘက်သို့လှည့်ကြည့်လာသည်က ဆွဲညှစ်ပစ်လိုက်ချင်မိလောက်သည်အထိအသည်းယားစရာကောင်းလှသည်။