"မေမေ ကြီးနွယ်တို့က ဘာလို့ အိမ်ရောင်းမှာလဲဟင်"
"အော် သမီးရယ် ကြီးနွယ်ရဲ့ယောကျာ်းက အသည်းကင်ဆာ ဖြစ်တာတဲ့။ဆေးကုဖို့ ပိုက်ဆံမလောက်တော့လို့
ဒီအိမ်ကို ရောင်းပြီး ရွာပြန်နေကြတော့မှာ""ဟင် သူတို့သားသမီးတွေ ရှိရဲ့သားနဲ့ကို မထောက်ပံ့ကြဘူးလား"
"သမီးရဲ့ သူ့သားကလည်း မိန်းမရသွားပြီလေ။သူတတ်နိုင်သလောက် ထောက်ပံ့ပေမယ့် လခစား၀န်ထမ်းဆိုတော့ အများကြီးတော့ ဘယ်တတ်နိုင်မှာတုန်း ။သမီးအပျိုကြီးကလည်း ဘာမှမလုပ်တတ်မကိုင်တတ်ဆိုတော့ ရှိတာလေးဘဲ ရောင်းချရတော့တာပေါ့။ ဆေးကုတယ်ဆိုတာ လွယ်တာမဟုတ်ဘူး သမီးရဲ့။ ဒါကြောင့် ဒီအရွယ်ကတည်းက စာကြိုးစားထားမှ ကြီးရင် အိုစာမင်းစာကိုသက်သက်သာသာနဲ့ ရှာနိုင်ဖွေနိုင်မှာ"
"မေမေကလည်း...."
စပ်စပ်စုစုမေးမိရာက ဆုံးမစကားအဖြစ် သူ့ဘက်ကို မြှားဦးလှည့်လာတော့ ရိုးရာမွန်တစ်ယောက် မိခင်ဖြစ်သူနား ကြာကြာမနေတော့ဘဲ ထပြေးတော့သည်။
ကြီးနွယ်တို့ ရွာပြန်နေတော့မည်ကို သိရ၍ ရိုးရာမွန် စိတ်မကောင်းဖြစ်နေမိသည်။ ငယ်ငယ်လေးကတည်းက ကြီးနွယ်တို့ ခြံ၀န်းထဲကို အားတိုင်းသွားလည်လေ့ရှိသည်။
ခြံေရှ့ထောင့်က ခရေပင်ကြီးပွင့်တိုင်းလည်း ရိုးရာတစ်ယောက် ပျော်မဆုံးဖြစ်ရသည်။ ကြီးနွယ်က ကလေးချစ်တတ်သူဖြစ်၍ ရိုးရာကောက်ပေးသော ခရေပွင့်တွေကို အပ်ချည်နဲ့သီကာ ရိုးရာပန်ဖို့ လုပ်ပေးလေ့ရှိသည်။ယခုမူ ရိုးရာပင် ရှစ်တန်းရောက်လေပြီ။ကျောင်းတက်ရ၊ကျူရှင်တက်ရ နှင့်မို့ ငယ်ငယ်ကလို မအားလပ်တော့။ မိဘကလည်း ပံ့ပိုးနိုင်၊ ကိုယ်တိုင်ကလည်း ကြိုးစားတဲ့သူတစ်ယောက်မို့ ပညာရည်ချွန်များလည်း ဖြေဆိုရသေးသည်။
ရိုးရာတို့အိမ်မှာ ရပ်ကွက်ထဲတွင် စတိုးဆိုင် အကြီးကြီးဖွင့်ထားသောကြောင့် BBC ထက်ပင် သတင်းစုံလင်သည်။လင်မယားရန်ဖြစ်တာမှအစ ဘယ်အိမ်က ခွေးမကြီးကလေးမွေးတာအဆုံး ဈေး၀ယ်တွေက ဖောက်သည်ချကြ၍ အကုန်မကြားချင်အဆုံး ကြားနေရသော်လည်း ရိုးရာအတွက် အတန်းစာမှာ အရေးကြီးသောအချိန်ဖြစ်၍ အရင်လို သူများစကားလာပြောလျှင် စပ်စုချိန်မရှိတော့ပေ။ထို့ကြောင့် ရပ်ကွက်ထဲက ကိစ္စများနှင့် အဆက်အသွယ်ပြတ်နေလေသည်။
YOU ARE READING
ရိုးရာမာန်
General Fictionသူ ဘာကြီးဘဲဖြစ်နေနေ၊ သူ သမီးကိုလိုအပ်နေတဲ့အချိန်မှာ သူ့ဘေးကနေ သမီးထွက်မသွားနိုင်ဘူး မေမေ။ လူတိုင်းအပေါ်မှာ မေတ္တာဂရုဏာထားဖို့ပြောခဲ့တဲ့မေမေက အခုလိုတော့ သမီးကို တကိုယ်ကောင်းမဆန်ခိုင်းလိုက်ပါနဲ့ မေမေရယ်။ #ရိုးရာမွန် လူတစ်ယောက် ရင့်ကျက်တယ် ဆိုတာ အသက...