(12)

16.7K 2.6K 173
                                    

အရာအားလုံးက ဒီနေရာက စတင်တယ်။

နာကျင်မှုတွေ...။
ပြီးတော့ မောဟိုက်မှုကြောင့် ထွက်ပေါ်လာတဲ့ အသက်ရှူသံ ပြင်းပြင်း။

ပေါင်မှာ စိုက်နေတဲ့ မြားတစ်စင်းကြောင့် သွေးတို့က ရွှဲနေအောင် ထွက်တယ်။ မပြေးနိုင်တော့ဘူး။ ဆက်ပြီး မလှုပ်ရှားနိုင်တော့ဘူး။ နောက်က လိုက်နေတဲ့ ခြေလှမ်းတွေက တဖြည်းဖြည်း နီးကပ်လာပြီ။

လိုက်သတ်နေတဲ့သူတွေ ....။
နှစ်ဆယ်မပြည့်သေးတဲ့ ဆယ်ကျော်သက် မင်းသားငယ်လေးရဲ့ မျက်နှာက နာကျင်မှုတွေကြောင့် ရဲရဲနီစွေးတယ်။

သေတော့မလိုပဲ။

မျက်လုံးက ပြာဝေပြီး တစ်ကိုယ်လုံးမှာ ရှိနေတဲ့ အားအင်တွေက တဖြည်းဖြည်း ဆုတ်ယုတ်လာတယ်။

မယ်တော်...မယ်တော် ကယ်ပါအုံး! မသေချင်သေးတာ ဖြစ်လို့ ကယ်ပေးပါအုံး!

သွေးရူးသွေးတန်းလို့ ဆိုရမယ်။ ခပ်တိုးတိုးနဲ့ မွေးကတည်းက သေချာတောင် မမြင်ဖူးလိုက်လေတဲ့ မွေးသမိခင်ကို အားကိုးတကြီး တမ်းတမိတယ်။

"ဟေ့ ! ဟေ့! ဆက်မလိုက်နဲ့တော့ ! ဟို ကုန်းရိုးတန်းကို ရောက်နေပြီပဲ! ဝံပုလွေတွေ လာစားသွားလိမ့်မယ်"

ဆယ်လှမ်းလောက် အကွာမှာ ရှိနေတဲ့ လူတွေဆီက အသံကြားရတယ်။ သစ်ပင်အကွယ်မှာ ရှိနေတဲ့ မင်းသားငယ်လေးက အသက်တောင် မရှူရဲတော့ဘူး။

လေနီကြမ်းတွေက ပြင်းထန်လာတယ်။ သဲတွေ ဖုန်မှုန့်တွေက လွင့်လာတယ်။ ရုတ်ချည်း ပတ်ဝန်းကျင်က အေးစိမ့်မှုတွေ လွှမ်းမိုးလာတယ်။

ဟိုလူတွေက ခပ်မြန်မြန်ပဲ နောက်ကြောင်းပြန်လှည့်သွားကြပြီ။

မင်းသားငယ်လေးက အနည်းငယ် စိတ်သက်သာရာ ရမှုကြောင့် ထိုင်ချလိုက်တယ်။

များထွေလှတဲ့ နာကျင်ရတဲ့ ဝေဒနာတွေကြောင့် အမြင်အာရုံက တဖြည်းဖြည်း မှိတ်ကျလာတယ်။

နောက်ဆုံး သိလိုက်ရတာက ဝံပုလွေ တစ်ကောင် အနားရောက်လာတယ်။ ပြီးတော့ မင်းသားငယ်ရဲ့ ကိုယ်ပေါ်မှာ ရှိတဲ့ သွေးတို့ကို လျက်တယ်။

 ငါ့ယောက်ျားက ငါ့ကို ထားသွားတယ် (ငါ့ယောက်ျားက ငါ့ကို ထားသွားတယ်) CompletedWhere stories live. Discover now