နွေဦးရာသီ၏နေ့လည်ခင်းသည် လေပြေအေးတိုက်ခတ်သံနှင့် ငှက်ကလေးများ၏ကျီကျီကျာကျာ အော်မြည်သံမှအပ မည်သည့်အရာမှမကြားရပေ။နွေဦးရွက်ဝါတို့က လမ်းမထက်တွင်ကြွေကျမြေခလျက်ရှိပြီး အဝါရောင်ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးလို့နေလေသည်။ထိုလမ်းမထက်တွင်တော့ အငှားယာဥ်တစ်စီးက ငြိမ့်ငြိမ့်ညောင်းညောင်းဖြင့်မောင်းနှင်လျက်ရှိပေသည်။ထိုကားလေး၏နောက်ခန်းတွင်တော့ လူငယ်ကောင်လေးတစ်ယောက်ရှိနေပြီး ထိုလူငယ်လေးသည် ကားပြတင်းပေါက်မှတစ်ဆင့် အဝေးသို့ငေးကြည့်နေလျက်ရှိပေသည်။
ကားမောင်းသူဦးလေးကြီးသည် နောက်မှန်မှတစ်ဆင့် ထိုလူငယ်လေးကိုကြည့်လိုက်မိသည်။ထိုလူငယ်လေးသည် အသားဖြူဖြူ၊ မျက်ခုံးကောင်းကောင်းနှင့်လူချောကလေးပင်ဖြစ်သည်။ထိုလူငယ်ကလေးသည် ခရီးဆောင်အိတ်၂လုံးဖြင့် တစ်ကိုယ်တည်းခရီးထွက်လာပုံပေါ်လေသည်။လည်ပင်းတွင်လဲ ကင်မရာတစ်လုံးကိုကြိုးဖြင့်လွယ်ထားသေးသည်။
"ငါ့တူက ဒီမြို့ကိုအလည်အပတ်လာတာနဲ့တူတယ်၊"
ဦးလေးကြီး၏အမေးကြောင့် ထိုလူငယ်ကလေးသည် ကားအပြင်ဘက်ကိုကြည့်နေရာမှ ခေါင်းလှည့်လာပြီး
"ဟုတ်တယ်ဗျ၊ ကျွန်တော့်ဦးလေးက ဒီမြို့မှာနေတာလေ၊ အဲ့တာကြောင့် လာလည်တာရယ်၊"
"အေးပေါ့ကွာ၊ နွေရာသီကျောင်းပိတ်ရက်ဆိုတော့လဲ အလည်အပတ်ခရီးတွေထွက်ကြပြီပေါ့၊ ကောင်းတယ်ဟေ့ ကောင်းတယ်၊ အခုခေတ်လူငယ်တွေက ဖုန်းတွေသုံးပြီး အိမ်တွင်းပဲအောင်းနေကြတာ၊ အခုလို စိတ်အပြောင်းအလဲဖြစ်အောင် ခရီးလေးဘာလေးထွက်တာလဲကောင်းတယ်၊"
ထိုဦးလေးကြီး၏စကားကို သူ့ခမြာ ရယ်သံဖြင့်သာတုံ့ပြန်လိုက်ရသည်။အမှန်က စိုင်းမော်သွေးမည်သည့် သူသည်လဲ နွေရာသီကျောင်းပိတ်ရက်ကို ကျောရိုးမရှိသည့် သတ္တဝါလေးတစ်ကောင်သကဲ့သို့ အခန်းတွင်းအောင်း ဂိမ်းဆော့ရင်းဖြင့်ဖြတ်သန်းနေကြဖြစ်သည်။သို့သော် ဒီနှစ်နွေရာသီပိတ်ရက်တွင်တော့ အိမ်မှ မေတ္တာရှင်မယ်တော်မာမီဟာ သူ့ကို နယ်နှင်ဒဏ်ပေးလိုက်သည်လေ။
VOUS LISEZ
Photograph (U+Z) [Complete]
Roman d'amourဒီဓာတ်ပုံလေးထဲမှာပဲ မင်းနဲ့ကိုယ့်ရဲ့အချစ်တွေကိုအမြဲသိမ်းဆည်းထားမယ်။ ဘ၀တစ်ဘ၀စာကြာတဲ့အထိ..၊ မင်းကိုယ့်နားပြန်ရောက်လာတဲ့အထိပေါ့။ စိုင်းမော်သွေး