နှင်းဆီပန်းက ပန်းတွေရဲ့ဘုရင်တဲ့။ သူပြောဖူးသည်။ "မင်းကငါ့ရဲ့ဘုရင်မို့ မင်းကိုနှင်းဆီပန်း ပေးမယ်" တဲ့။ ဘယ်လို အဆက်အစပ်မရှိ အူကြောင်ကြောင် နိုင်လိုက်တဲ့ စကားပါလိမ့်။ ထို ၆လငယ်သည့် ကောင်လေးတစ်ယောက်၏ မဆီမဆိုင်အဓိပ္ပာယ်နှင့် စကားစုက ကျွန်တော့်ကို မျက်မှောင်ကြုတ်မိစေပေမယ့် တစ်ဆက်တည်းဆိုသလို သဘောတကျ ပြုံးမိစေပြန်သည်။ ပြတင်းပေါက်မှ ဆောင်းဦးလေတစ်ချက် တိုးဝှေ့တော့ နှင်းဆီနံ့သင်းသင်းက နှာဖျားဝကို ကျီဆယ်သည်။
"နှင်းဆီပန်းမှာက အရောင်နဲ့အလိုက် အဓိပ္ပာယ်ကွဲကြားမှုတွေ အမျိုးအမျိုးရှိသေးတယ်ရယ်၊ ဒါနဲ့ ဘယ်သူ့ကိုပေးမှာလဲမသိဘူး"
မျက်စိရှေ့တွင် နှင်းဆီအဖြူလေးများ ရှိသည်။ မြင်ဖူးနေကြပုံစံများနှင့် ကွဲထွက်နေသည့် နှင်းဆီပွင့်ချပ်များက ကျွန်တော့်ကို ဆွဲဆောင်ထားသည်။ ဘေးနားက မိတ်ဆက်ပေးနေသည့် မိန်းကလေးကို အားနာသဖြင့် လှည့်ကြည့်မိလိုက်သည်။
"စိတ်ကောက်နေတဲ့ ... အင်း စိတ်ကောက်နေတဲ့ရည်းစားကို..."
စကားလုံးအလေးအနက်ကို သေချာစဥ်းစားရင်း ပြောနေသည်မို့ နှေးကွေးနေသည်ကို ရှက်နေသည်ဟု ထင်သွားလားမသိ၊ ရယ်သံတိုးတိုးပြု၏။
"ကောင်မလေးကို ပေးဖို့ထင်တယ်"
ကောင်မလေး။
မထိန်းနိုင်စွာ အသံထွက်သည်အထိ ရယ်မိလိုက်တော့ အမှားပါသွားသလား အကြည့်ဖြင့် သူမလှည့်ကြည့်သည်။"အင်း ကောင်မလေး၊ နားကားကားနဲ့ကောင်မလေးကို ပေးမလို့ပါ"
နားမလည်စွာ ပြုံးကြည့်သည်ကို မမြင်ချင်ယောင်ဆောင်ကာ မျက်စိရှေ့ဆွဲဆောင်ထားသည့် နှင်းဆီဖြူထံ အကြည့်ပို့ရင်း ဆိုလိုက်သည်။