၁၉၆၇ ဒီဇင်ဘာလ ၂၆ရက်

981 23 0
                                    

သူမနာမည်ရှင်နှောင်း
ခိုက်ခိုက်တုန်အောင်အေးသောဆောင်းကိုအံတုရင်း
ကချင်ပြည်နယ်နမ္မတီးမြို့မှ
သူမတစ်ယောက်တည်းမန္တလေးကိုရထားဖြင့်ဆင်းလာခဲ့သည်
အဲ့အချိန်ကသူမအသက် ၁၇ နှစ်ခန့်

မြို့ဆိုလို့မြစ်ကြီးနာသာရောက်ဖူးသောသူမအဖို့ မန္တလေးရွှေမြို့တော်ကြီးကိုသွားရသည်မှာ
အလွန်တရာခမ်းနားသောစွန့်စားခန်းတစ်ခု...

နယ်မြေမအေးချမ်းသေးသည့်အပြင်ရထားလမ်းတစ်ခုသာရှိသေးသည့်အတွက်
ဘုရားစာတွေဆက်တိုက်ရွတ်ပြီးသူမလိုက်ပါလာခဲ့သည်

သူမအသားအရည်ကဖြူဥဥ လူကောင်ကခပ်သေးသေးနှင့်ပုံစံကခပ်နွဲ့နွဲ့
သူမအမေက ကချင်စစ်စစ် အဖေကရှမ်းဗမာကပြား မို့ သူမဘာသာစကားသုံးခုလုံးကျွမ်းကျင်စွာပြောတက်သည်

မန္တလေးမှာအလုပ်တွေကောင်းတယ်
နေစရာစားစရာပေးတယ်
ကျောင်းလည်းဆက်တက်လို့ရမယ် ဆိုတဲ့မျော်လင့်ချက်နဲ့
ခေတ်ကာလမကောင်းသည့်ကြားမှသူမဆင်းလာခဲ့သည်

တစ်ရက်ခွဲခန့်လုံး ခုန်ပေါက်နေသောရထားကိုစီးလာရသည့်အတွက်သူမတစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုခံစားရသည်

​မန္တလေးဘူတာကိုရောက်ရောက်ချင်း အညာမြေရဲ့ နေရောင်ခြည်ငွေ့ငွေ့ကိုခံစားလိုက်ရသည်

မြင်းလှည်းလေးငှားပြီး စျေးချိုဘက်မှ အဖေ့အမျိုးတွေအိမ်ကိုသူမသွားခဲ့သည်

မန္တလေးဟာဒီလောက်လူတွေများပြီးမြင်းလှည်းတွေရှုပ်မှန်းသူမမသိခဲ့
သူမတို့မြို့လေးနဲ့ဆိုနောက်ထပ်ကမ္ဘာသစ်တစ်ခုကိုရောက်သွားသလို
နေရောင်ခြည်နဲ့လေထုကအစကွာခြားလို့......

" ဒါကြီးကြီးခင်မေညွန့်ပဲ ရှင်နှောင်း
ညည်းအလုပ်က မနက်ကနေ ညနေထိ စျေးချိုမှာ ကြီးမေနဲ့အတူဆိုင်မှာလိုက်ကူဖို့နဲ့ ညနေကျရင်အိမ်အလုပ်ဝိုင်းကူဖို့ပဲ ထမင်းချက်တဲ့လူကသက်သက်ရှိတယ်
အားတဲ့အချိန် စာကျက် စာပေးစာယူလုပ်ပြီးကျောင်းလည်းဆက်တက်ပေါ့ဟာ"
" ကြီးကြီးမေတို့ကလည်းသဘောကောင်းပါတယ် ညည်းနဲ့မတိမ်းမယိမ်း ကြီးမေရဲ့သမီးလေး မမခိုင် ညဉ်းလည်းရှိတော့အဖော်ရမှာပါ"
ပြောရင်းဆိုရင်းကွမ်းတံတွေးကိုဗျစ်ခနဲထွေးလိုက် ကြီးကြီးမေဆိုတဲ့ အန်တီကြီးကိုလှည့်ပြုံးပြလိုက်ဖြင့်လုပ်နေသူမှာ...သူမရဲ့ဦးလေး

ကြီးကြီးမေသာဆိုတယ် သိပ်အသက်ကြီးသေးပုံမရ
ပိတ်ဖောက်ဇာအဖြူဝတ်ထားပြီး ဘီစဘက်ကိုဆီဝဝကျကျနနထုံးထားသည့် သူမအမေအသက်နှင့်တန်းတူလောက်ရှိမည့်အမျိုးသမီးကြီး.....

"ကောင်မလေးပုံစံ ဖြူနွဲ့နွဲ့လေးနဲ့ လုပ်နိုင်ပါ့မလားဟယ်"
ကြီးမေဆိုသူမှဦးလေးကိုမေးလိုက်သည်
ထို့နောက်သူမကိုစေ့စေ့ကြည့်ရင်း
" မြန်မာစကားရောကောင်းကောင်းပြောတက်လား"

သူမခေါင်းကိုအသာအယာညိမ့်ရင်း
" သမီးရွာမှာဆို ယာထဲဆင်းလည်းဆင်းဖူးပါတယ် အိမ်အလုပ်လည်ကျွမ်းကျွမ်းကျင်ကျင် လုပ်တက်ပါတယ်ကြီးမေ" ဟုခပ်သွက်သွက်လေးဖြေလိုက်သည်

Hope (မျှော်လင့်ခြင်း)Donde viven las historias. Descúbrelo ahora