〔4〕
B L I N D
နာရီလက်တံတွေ တချက်ချက်မြည်နေသော်ငြား အချိန်သည် ခဲနေသော ရေအလား တုတ်တုတ်မလှုပ်အောင် ရပ်တန့်နေခဲ့သည်။
Minseok သည် အခန်းထဲ လူးလာခေါက်ပြန် လျှောက်နေမိသည်။ လျှောက်နေရင်းနှင့်လည်း ဖုန်းနှင့် တံခါးချပ်အား တကြည့်ကြည့်ဖြင့် ရတက်မအေးနိုင်ခဲ့ပေ။ နောက်ဆုံးတော့ Minseok စိတ်ညစ်ညစ်ဖြင့် စားပွဲခုံနောက်တွင် ထိုင်ချလိုက်သည်။ သူ့ဖိနပ်သံ ပျောက်သွားသည့်အခါ အထီးကျန်နေသော နာရီမြည်သံကသာ အခန်းထဲ ကျယ်လောင်စွာ ထွက်ပေါ်နေခဲ့သည်။
"ဟာကွာ"
Minseok သည် မျက်နှာချင်းဆိုင်နံရံမှ တိုင်ကပ်နာရီအား ကမ္ဘာ့ရန်သူလိုပင် မျက်မှောင်ကြုတ်ကာ ကြည့်မိလိုက်သည်။ တံခါးဘေးတွင် ချိတ်ဆွဲထားသော နာရီကတော့ Minseok ၏ အကြည့်ကို မမြင်၊ သူ့ဝတ္တရားအတိုင်း တစ်စက္ကန့်တစ်ခါ ပုံမှန် ဆက်လက်မြည်နေဆဲပင် ဖြစ်သည်။
"ကျစ်"
ခဏချင်းလိုပင် Minseok ၏ ညာလက်ချောင်းထိပ်ဖျားများတွင် ရေခဲမှုန်လေးတွေ ဝေ့သီလာသည်။ နေထိုင်ကောင်းရုံ ပူနွေးသော အခန်းက Minseok အား ဗဟိုပြုထားသော အအေးဓာတ်ဖြင့် အေးစက်စပြုလာသည်။ Minseok ၏ မျက်လုံးတွေ တစ်စက္ကန့်မျှ အပြာနုရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ ကောင်းကင်ပြာ၏ အပြာနုရောင်မဟုတ်၊ ရေခဲပြင်တစ်ခု၏ အပြာနုရောင်... Minseok ဝုန်းခနဲနေအောင် မတ်တပ်ထရပ်ကာ ထိုနာရီဆီသို့ ဦးတည်၍ ညာလက်ကို ဆန့်တန်းလိုက်သည်။
ထိုအခိုက်တွင် "ကျွီ" ဟူသော အသံသေးသေးဖြင့် အတူ Minseok ၏ မျက်နှာချင်းဆိုင်မှ တံခါးချပ်က ပွင့်လာရင်း တံခါးနှင့် နံရံကြားမှ ကြမ်းပြင်ပေါ်သို့ ထိုးကျလာသော အရိပ်ရှည်ရှည်၏ ပိုင်ရှင်ထံမှ အသံဩဩ ထွက်လာသည်။
"Sunbae...?"
အချိန်ကိုက်ထားသလိုပင် Chanyeol အခန်းထဲသို့ ခြေချလိုက်ချိန်မှာတင် Minseok လက်ဖဝါးမှ ထွက်လာသော အလင်းတန်းအရှည်ကြီးက နာရီသို့ ပြေးရိုက်သည်။ Chanyeol က သူနှင့် တစ်ထွာပင် မကွာသော အလင်းတန်းကို မြင်ကာ လန့်ဖြန့်သွားပုံဖြင့် လက်ထဲကိုင်လာသမျှတွေကို ဝုန်းခနဲ လွှတ်ချလိုက်ပြန်သည်။
YOU ARE READING
Winter Heat [XiuYeol]