အပိုင်း ၁၄
လအနည်းငယ်ကြာပြီးနောက် ရှင်းယာအလုပ်လုပ်နေသောဆေးဆိုင်သို့ စာတစ်စောင်ရောက်လာသည်။ စာပို့သူအမည်မတပ်ထား။ နေ့လည် နားချိန်ရောက်မှသာ စာကိုဖွင့်ဖတ်လိုက်သည်။
"ယာယာ ငါပါ လွန်ခဲ့တဲ့နှစ်လ ငါထွက်သွားတုန်းက နင့်ကိုစာနဲ့ပဲနှုတ်ဆက်နိုင်ခဲ့တာ တောင်းပန်ပါတယ်နော်...အခု ငါအဆင်ပြေနေတယ်...ငါ့မှာရင်ဖွင့်စရာသူငယ်ချင်းကလည်း နင်ပဲရှိလို့ ငါ့အကြောင်းတွေအားလုံးပြောပြမယ် ငါထွက်သွားတဲ့ညက ကျဲရှီ...သူ...ငါ့နောက်လိုက်လာတယ် သခင်မရဲ့အမိန့်နဲ့ငါ့ကိုသတ်ဖို့လာတာပဲလို့ထင်ခဲ့တာ...ငါလဲသေခါနီးပဲဆိုပြီး ငါ့ရင်ထဲကစကားတွေအားလုံးပြောပြခဲ့တယ် နောက်တော့ အမိန့်ကိုလဲမလွန်ဆန်နိုင်တဲ့သူက ငါ့ဆံပင်ကိုဖြတ်ပြီး သူ့တာဝန်ကိုပြီးမြောက်စေခဲ့တယ် ငါသေပြီလို့အားလုံးကသိထားတာပေါ့... အခု မြက်ခင်းပြင်လူမျိုးစုတွေနဲ့အတူ ငါတို့နှစ်ယောက် ဘဝသစ်စနေကြတယ်။ ဒီလောက်ဆိုငါဘယ်သူလဲ နင်ရိပ်မိမှာပါနော်...''
စာက ထိုနေရာတွင်အဆုံးသတ်သွားသည်။ ရှင်းယာ၏မျက်လုံးထဲတွင် မျက်ရည်များဝဲလာသည်။
"ဘယ်လောက်တောင်လှလိုက်တဲ့ဇာတ်လမ်းလဲ ဘာလို့ငါ့မှာအဲ့လိုဇာတ်လမ်းမျိုးမဖြစ်ရတာလဲ ငါလဲ အိမ်တော်တစ်ခုခုမှာအစေခံသွားလုပ်ရမလား...မဖြစ်သေးပါဘူး အကျောမခံနိုင်တဲ့ငါ့စရိုက်နဲ့ဆို တစ်နည်းနည်းနဲ့ခေါင်းပြုတ်မှာပဲ''
သူမအစေခံသွားလုပ်မည့်အကြံကိုစွန့်လွှတ်လိုက်ရသည်။ သို့သော်လည်း ဒီနေရာမှ ဝေးဝေးသို့ထွက်သွားရန်ဆုံးဖြတ်လိုက်သည်။ ပျင်းရိဖွယ်ကောင်းသောဤမြို့တွင်မနေချင်တော့သည်ကတစ်ကြောင်း၊ ဒီကမ္ဘာဘယ်လောက်ကျယ်သလဲ သိချင်သေးသဖြင့် ခပ်ဝေးဝေးသို့ထွက်သွားရအုံးမည်။
ေဆးဆိုင်ရှင် ကောင်းဖိုးဖိုးအား သူမထွက်သွားတော့မည်အကြောင်းပြောလိုက်သောအခါ ဖိုးဖိုးခမျာ မျက်ရည်စက်လက်နှင့်မသွားရန်တားသေးသည်။ ဆုံးဖြတ်ချက်ကခိုင်မာနေသဖြင့် တားမရတော့သည့်အဆုံး ေငွစအချို့ကိုမုန့်ဖိုးပေးကာ အသုံးဝင်နိုင်မည့် အချို့ဆေးမြစ်များကိုပါ လက်ဆောင်ပေးလိုက်သည်။ တိုင်းရင်းဆေးကို အနည်းငယ်နားလည်နေပြီဖြစ်သော ရှင်းယာသည်လည်း ဝမ်းမြောက်စွာပင်လက်ခံခဲ့သည်။