အပိုင်း ၁၇
ဤသို့ဖြင့် ရှင်းယာတစ်ယောက် ချောင်ဘုရင်၏ နောက်လိုက်တစ်ယောက်ဖြစ်လာခဲ့သည်။ လူသတ် တိုက်ခိုက် မလုပ်တတ်သော ရှင်းယာသည် သူမအသက်ရှင်ရေးအတွက် တောက်တိုမည်ရလုပ်ခြင်းဖြင့် ချောင်ဘုရင်စိတ်တိုင်းကျလာစေရန် ကြိုးစားရတော့သည်။
တစ်ခါတစ်ရံ အလွန်အကြူးမြှောက်ပင့်ခြင်းမျိုးကိုလည်း လုပ်လာတတ်သေးသည်။
"သခင် သခင့်မျက်နှာက သိပ်ကြည့်ကောင်းတာပဲ...ကိုယ်ခန္ဓာအချိုးအစားကလည်း အရမ်းမိုက် ဘယ်သွားသွား မိန်းကလေးတွေဝိုင်းနေမှာပဲနော်''
"အိုး...ဟုတ်လား စိတ်မကောင်းပေမဲ့ ဒါက ငါ့ခန္ဓာကိုယ်မဟုတ်ဘူး ငါ့ခန္ဓာကိုယ်အစစ်က ပျက်စီးသွားတာကြာပြီ''
"အမ်...ဒါပေမဲ့လည်း ဒီခန္ဓာကိုယ်က သခင်နဲ့ထိုက်တန်လို့ သခင့်ဆီရောက်လာတာပဲလေ သခင့်ရဲ့ ခန္ဓာကိုယ်အစစ်အမှန်က ပိုကြည့်ကောင်းမယ်မှန်း ပြောရဲတယ်''
တစ်ရက်ခြား နှစ်ရက်ခြားလိုလို ဂူထဲသို့လူများရောက်လာတတ်သည်။ ထိုအချိန်မျိုးတွင် သူမက ဂူပြင်ထွက်ပေးရသည်။
နှစ်ရက်ခန့်အကြာတွင် ဓားပြရွာမှ နတ်ဆရာသည် ဂူဆီသို့ရောက်လာခဲ့သည်။ ထိုအခါ ဂူအပြင်တွင် ပန်းခူးနေသော ရှင်းယာကိုတွေ့သွားတော့သည်။ ရှင်းယာလည်းနတ်ဆရာကိုမှတ်မိသွားသည်။ သူမအားအသိစိတ်ပျောက်စေရန် နတ်ဆရာက ငြို့ခဲ့ဖူးသည်ကိုသတိရသွားကာ သူမ၏အားကိုးရာဖြစ်သော သခင့်ထံ အပြေးသွားကာ သခင်၏အင်္ကျီနောက်တွင် ဝင်ပုန်းတော့သည်။
"အရှင် ဒီအစာကိုသဘောမတွေ့လို့ပါလား''
ချောင်ဘုရင်သည် သူ၏အင်္ကျီလက်ကိုဆွဲကိုင်ကာ သူ့နောက်တွင်ဝင်ပုန်းနေသော ရှင်းယာကို တစ်ချက်ငဲ့ကြည့်ပြီးနောက် နတ်ဆရာ၏အမေးကိုပြန်ဖြေလိုက်သည်။
"အရေးပေါ်အတွက် အစာစုဆောင်းထားတာ''
ချောင်ဘုရင်၏စကားကြောင့် သူမ မကျေမနပ်ဖြင့် ချောင်ဘုရင်အားမော့ကြည့်လိုက်သည်။
မကြည်ကြည့်ဖြင့်ကြည့်လာသော သူမ၏အကြည့်ကို သူဥပေက္ခာပြုထားလိုက်သည်။