BOL 6

105K 8.1K 2.4K
                                    

Unicode  

ညနေ၆နာရီခန့်အချိန် မိုးညရောင် ပန်းချီပြခန်းမှအိမ်သို့ပြန်လာခဲ့ရင်း အိမ်ရှေ့တည့်တည့်တွင် ဆိုင်ကယ်ကိုမှီကာ ဟန်ပါပါရပ်နေသည့် ဇိန်းကိုတွေ့လိုက်ရသည်။ စိုးရိမ်သွားသည့်နှင့်အတူ အကိုဖြစ်သူဆက်နေရောင် အရေးကြီးကိစ္စကြောင့် ယနေ့အိမ်ပြန်နောက်ကျမည်ဆိုသည့်အကြောင်းကိုတွေးမိရင်း စိတ်ချလက်ချ သက်ပြင်းမောကြီးတစ်ချက်ချမိလိုက်သည်။ သို့သော် ယခုအချိန်တွင် မိမိရင်ဆိုင်ရမည့်ကိစ္စရပ်ကြီးထက် မိမိ၏ အကိုဖြစ်သူနှင့်သာထိပ်တိုက် ရင်ဆိုင်လိုက်ချင်သည်ဟု မိုးညရောင် တွေးတောနေမိတာအမှန်။ ထို့နောက် လည်ချောင်းဝ၌ စို့နင့်နေသည့် တံတွေးတို့အား အသာမျိုချရင်း ကားတံခါးလေးအားဖ္ငင့်ကာ မိမိ၏ချစ်ရသူရှိရာ လျှောက်သွားလိုက်၏။
ချစ်ရသူ၏အနားရောက်မှ အေးစက်နေသည့် သူ၏လက်အစုံတို့ကို လက်သီးဆုပ်ကလေးသဖွယ် အသာဖိဆုပ်ရင်း စကားဆိုလိုက်သည်။

"မောင် ဘယ် ဘယ်လိုရောက်နေတာလဲဟင်"

ဇိန်းက မိုးညရောင် မရဲတရဲ​ဆိုလိုက်သည့်စကားအား ခွန်းတုန့်မပြန်။ လက်ကြားထဲမှ စီးကရက်ကိုတစ်ချက်ဖွာရှိုက်ပြီး မြေပြင်ပေါ်သို့ပြစ်ချကာ ခြေထောက်ဖြင့်အားပါပါဖိချေသည်။

"မောင် ည ရှင်းပြပါရစေ"

"ပါးစပ်ပိတ်ထားလိုက်!"

ရုတ်တရပ် အော်ချလိုက်သည့်အသံကြောင့်  မိုးညရောင်၏ကိုယ်လေးက ဆတ်ခနဲပင်တုန်သွား၏။ သို့သော် အားကိုတင်းကာ အသက်ကိုပြင်းပြင်းရှူရင်း ချစ်ရသူ၏မျက်နှာအား မော့ကြည့်ကာ ...

"မောင် အဲ့တာကလေ..."

"ငါ-ီး အဲ့ဒီပါးစပ်ကမပိတ်နိုင်ဘူးလား"

ဒုတိယအကြိမ်အော်လိုက်သည့်အသံနှင့်အတူ မိုးညရောင်တစ်ယောက် သူ၏နှုတ်ခမ်းတို့အား စေ့ပိတ်လိုက်တော့သည်။

"ကျုပ်အခု သေလောက်အောင်ဒေါသထွက်နေလို့ ခင်ဗျားစကားမပြောပဲငြိမ်ငြိမ်လေးနေလိုက် မဟုတ်ရင် ခင်ဗျားသေလိမ့်မယ်"

ထိုစကား​သံအဆုံး မိုးညရောင် ခေါင်းလေးကို အသာငြိမ်ပြလိုက်ရင်း ဒေါသထွက်နေသည့် မိမိချစ်ရသူ၏မျက်နှာလေးအား မော့ကြည့်မိသည်။ နီရဲနေသည့် မျက်လုံးတို့နှင့် မိမိအားမျက်တောင်မခပ်စိုက်ကြည့်နေသည်မှာ ခန္ဓာကိုယ်၌ကြက်သီးတွေပင်ထလာစေ၏။ သူသာ ယခုချိန်စကားထပြောမိပါလျှင် ချက်ချင်းပင် ခုပ်အုပ်ကာ ကိုက်ဖျက်စားသောက်လောက်မည့် ခြင်္သေ့တစ်ကောင်အလား။ တင်းတင်းစေ့ထားသည့် နှုတ်ခမ်းက သူ၏ဒေါသတို့အားထိန်းချုပ်နေကြောင်း ခန့်မှန်းမိ၏။ တွန့်ချိုးထားလွန်း၍ မြင့်တက်နေ့သည့် မျက်ခုံးနှစ်လွှာတို့ကလည်း သူ၏စိတ်အခြေအနေတို့ကို ပုံဖော်ပေးနေသယောင်။

Boundaries Of Love [ Completed ]Tempat cerita menjadi hidup. Temukan sekarang