Part - 3(Unicode)

16K 1.2K 44
                                    

သင်တန်းဟာ တစ်ပတ်မှာ ၂ ရက်တက်ရတာမို့လို့ တနင်္ဂနွေနေ့မှာလည်း ကျွန်မသည် သင်တန်းဆင်းဆင်းချင်းမှာပဲ မနေ့က မမသက်နှင်း နှင့်အတူသွားဖြစ်ခဲ့သည့် ကိတ်ဆိုင်လေးသို့သွား၍ သရက်သီးကိတ်လေးနှင့် ကာပါချီနိုတစ်ခွက် ၀င်ဝယ်ဖြစ်ခဲ့သည် ။ ထို့နောက် မမသက်နှင်း နေတဲ့တိုက်ခန်းဆီသို့ အားတက်သရော်ဖြင့် အရောက်ကြွချီခဲ့ပါတော့သည် ။

တိုက်ခန်းတံခါးကို အပြင်ဘက်ကနေသော့မခတ်ထားတာကို တွေ့လိုက်ရခြင်းအားဖြင့် မမသက်နှင်း အပြင်မသွားပဲ အိမ်ထဲမှာပဲ ရှိနေတယ်ဆိုတာကို သိလိုက်ရသည် ။ ထို့ကြောင့် လူခေါ်ဘဲလ်ကိုတစ်ချက်နှိပ်လိုက်မိသည် ။

" ဟယ် .. လေပြည် ... စာမလာ အကြောင်းမကြားထားပဲ ရုတ်တရက်ကြီးရောက်လာပါလား .. "

အခန်းပေါက်ဝရှေ့သို့ရောက်လာတဲ့ မမကတအံ့တသြပြောသောအခါ

" လာဖြစ် မလာဖြစ်ဆိုတာ သိပ်မကျိန်းသေလို့ တမင်ကြိုမပြောထားတာ မမသက်နှင်း ရဲ့ .. သင်တန်းက တစ်ခါတစ်လေ စောလွှတ်တတ်ပေမဲ့ တစ်ခါတစ်လေကျ နောက်ကျတယ် ... "

" ဒီနေ့လည်း စောလွှတ်လို့ ၀င်လာတယ်ဆိုပါတော့လေ ... "

" ဟုတ် .. "

မမသက်နှင်း  ရဲ့မေးခွန်းကို ကျွန်မဟာ တိုက်ခန်းအ၀င်ပေါက်ဝနား၌ စီးထားသည့်အဖြူရောင် sneaker လေးကိုချွတ်နေရင်း ဖြေလိုက်၏ ။ ခြေအိတ်ကိုတော့ မချွတ်တော့ပဲ အထဲသို့ဝင်လာလိုက်ရင်း လက်ထဲကိုင်ထားသည့် ကိတ်နှင့်ကော်ဖီဗူး ထည့်လာသောအိတ်လေးအား မမသက်နှင်း ရဲ့လက်ထဲသို့ လှမ်းပေးလိုက်ပြီးနောက်

" ရော့ .. မမအတွက်ဝယ်လာပေးတာ .. "

" ဘာတွေ ၀ယ်လာပြန်တာတုန်း .. အလကားပိုက်ဆံကုန်အောင်လို့ .. "

" သရက်သီးကိတ်နဲ့ ကော်ဖီ ... "

" ဒီကလေးမလေး ကတော့ လုပ်လာပြန်ပြီ .. ဘာပဲဖြစ်ဖြစ်ကျေးဇူးပါ ... "

" မနေ့က မမ၀ယ်ကျွေးထားလို့ ဒီနေ့ လေပြည် ကပြန်ဝယ်ကျွေးတာလေ ကျေးဇူးတင်စရာမှမလိုပဲ .. "

" ဟုတ်ပါပြီရှင် ... ဒါနဲ့ သင်တန်းတက်ရတာ ဘယ်လိုလဲ ? အခုတော်တော်လေး ဆွဲတတ်နေပြီလား ? "

Room Number 301Where stories live. Discover now