Part - 12 Final(Unicode)

28.8K 2.2K 556
                                    

မမသက်နှင်း ဟာကျွန်မကိုဖက်ထားရင်းနဲ့ ဘေးတစောင်းလေး အိပ်ပျော်သွားပေမဲ့လို့ ကျွန်မကတော့ အိပ်လို့မရခဲ့သေးပါ ။ မမသက်နှင်း ရဲ့နှာထိပ်ဖျားမှ ရှုသွင်း ရှုထုတ်လိုက်သည့် ၀င်လေထွက်လေတိုင်းဟာ ကျွန်မရဲ့မျက်နှာကို လာရောက်ရိုက်ခတ်နေတာလေးကိုပဲ သဘောကျလွန်းလှသည် ။ မမရဲ့အသက်ရှုသံလေးကို ဘယ်အချိန်အထိဆက်ပြီး နားထောင်ခွင့်ရဦးမလဲဆိုတာကို ကျွန်မကြိုမသိနိုင်ပါ ။ ထို့ကြောင့် ယခုလိုမျိုး နားထောင်ခွင့်ရနေသေးသည့် အချိန်တိုင်းစက္ကန့်တိုင်းကို ကျွန်မအမြတ်တနိုးနဲ့အရမ်းကိုတန်ဖိုးထားမိသည် ။

" ကျွီ .... "

၁၂ နာရီခွဲလောက်အချိန်တွင် အခန်းတံခါးပွင့်လာသဖြင့် ကျွန်မလှမ်းကြည့်လိုက်မိတော့ မမဥမ္မာ ဖြစ်နေသည် ။

" အိပ်နေပြီလား ? "

မမဥမ္မာ ဟာလက်ဟန်အမူအရာဖြင့် လုပ်ပြရင်း တိုးတိုးလေးမေးသည် ။ ကျွန်မလည်း ခေါင်းလေးတစ်ချက်သာပြန်ညိတ်ပြလိုက်၏ ။ ထိုအခါမမဥမ္မာ ကခုတင်ဘေးနားမှာထောင်ထားတဲ့ Dream bed လေးကိုဖြန့်၍ အနားမှာလာချပြီး Dream bed ပေါ်မှာတင် လှဲအိပ်နေလေသည် ။ မမဥမ္မာ ဟာအရင်ညတွေတုန်းကလည်း မမသက်နှင်း ရဲ့အနားမှာ ယခုလိုအနီးကပ် လာရောက်စောင့်အိပ်ပေးနေကျဖြစ်သည် ။ မမသက်နှင်း ပြောဖူးခဲ့သလိုမျိုး မမဥမ္မာ ဟာသူ့အတွက်တော့ ဘုရားကလက်ဆောင်ပေးခဲ့သည့် သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်သည်ဆိုတဲ့စကားက တကယ့်ကိုဓာတ်ထိ မှန်ပေသည် ။ လူတိုင်းလူတိုင်းမှာ မမဥမ္မာ လိုမျိုးသူငယ်ချင်းကောင်းတစ်ယောက် ရှိဖို့ဆိုတာ တကယ့်ကို လွယ်ကူသည့်ကိစ္စမဟုတ်ချေ ။ မိသားစုဝင်တစ်ယောက်ကဲ့သို့ အနီးကပ်ပြုစုစောင့်ရှောက်ပေးတတ်သည့် မမဥမ္မာ ရှိနေတာဟာ မမသက်နှင်း အတွက်တော့ တကယ့်ကိုကံကောင်းခြင်းပင်ဖြစ်၏ ။

၂ နာရီထိုးသွားတဲ့အချိန်အထိ ကျွန်မဟာ အိပ်လို့ဘယ်လိုမှမရခဲ့သေးပါ ။ ဘာ့ကြောင့်လည်းဆိုတော့ မမသက်နှင်းရဲ့ အသက်ရှုသံတွေဟာ အနည်းငယ်ပိုပြီးပြင်းထန်လာတယ်လို့ ခံစားမိခြင်းကြောင့်ဖြစ်သည် ။ ကျွန်မရဲ့ပခုံးသားကို ဆုပ်ကိုင်ထားတဲ့ မမရဲ့လက်ချောင်းလေးတွေဟာ ပိုပြီးတင်းကျပ်လာသလိုရှိတာကြောင့် မမသက်နှင်း နေလို့များမကောင်းဘူးလားဟု တွေးပူသွားမိသည် ။ ထို့ကြောင့် မမရဲ့မျက်နှာလေးကို သေသေချာချာကြည့်လိုက်မိတော့လည်း ဘာမှသိပ်ပြီးထူးခြားတာမျိုး မတွေ့ရ ။ နဂိုအတိုင်းပဲ နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ပုံစံလေးပင်ဖြစ်တာကြောင့် ကျွန်မ မမဥမ္မာ ကိုလည်းမနှိုးဖြစ်တော့ပါ ။ ဒါပေမဲ့ အချိန်တိုင်းမှာတော့ မမသက်နှင်း ရဲ့မျက်နှာလေးကို သေချာစိုက်ကြည့်ရင်း မမရဲ့ နှလုံးခုန်သံနှင့် အသက်ရှုသံကို ဂရုတစိုက်နားထောင်နေမိသည် ။ ဒီလိုနေရင်းကပဲ ကျွန်မမှေးခနဲ တစ်ချက်လေးအိပ်ပျော်သွားခဲ့ပါသည် ။

Room Number 301Where stories live. Discover now