Part - 10(Zawgyi)

4K 182 4
                                    

ကားဒရိုင်ဘာ ကိုကျော်ကြီးဟာ ကျွန်မတို့အုပ်စုကို မနက်စောစောစီးစီး အာနန္ဒာဘုရားသို့ ပထမဦးဆုံးလိုက်ပို့ပေးခဲ့သည် ။

" မမသက်နှင်း .. "

" ရှင့် .. "

" မမ ဒီမတ်တပ်ရပ်ကိုယ်တော်ဘုရားကြီးရဲ့ မျက်နှာတော်ကို သေချာကြည့်ကြည့်ပါဦး ... အာနန္ဒာဘုရားမှာရှိတဲ့ ရပ်တော်မူဘုရားဆင်းတုတော်တွေရဲ့ ထူးခြားချက်က မျက်နှာတော်ပဲ မမရဲ့ ... ဘုရားမျက်နှာတော်က အဝေးကလှမ်းကြည့်ရင် ပြုံးတော်မှုတဲ့ပုံသဏ္ဍာန်ပေါ်တယ် ... ဒါပေမဲ့အခုလို အောက်နားကနေ အနီးကပ်မော့ကြည့်ပြီး ဖူးမျှော်ကြည့်တဲ့အခါမှာတော့ ပြုံးတော်မှုတဲ့ပုံသဏ္ဍာန်မပေါ်တော့ဘူး .. "

ဘုရားထိုင်ကန်တော့ပြီး ပြန်ရပ်လိုက်သည့်အချိန်မှာ ဘေးနားမှာကပ်လျက် ရပ်နေတဲ့ မမကို ကျွန်မပြောပြလိုက်သည့်အခါ မမသက်နှင်းဟာ ရပ်တော်မူဘုရားဆင်းတုတော်ကြီးအား သေချာမော့ကြည့်ရှာသည် ။ ထို့နောက် အနောက်ဘက်သို့ လျှောက်သွားပြီး ပြန်လှည့်ကြည့်၏ ။ ထိုအခါ မမရဲ့မျက်နှာပေါ်၌ အံ့သြသင့်သွားသည့် ပုံရိပ်ကို ကျွန်မမြင်တွေ့လိုက်ရပါသည် ။

" ဟုတ်သားနော် ... အခုလို အဝေးကကြည့်တော့ ပြုံးရယ်နေတဲ့ပုံစံပေါက်နေတယ် .. အနီးကပ်ကြည့်တော့ မဲ့နေသလိုမျိုးပဲ .. "

မမသက်နှင်းရဲ့အနားသို့ ကျွန်မလျှောက်သွားလိုက်ပြီး ဘေးနားလေးမှာရပ်၍

" အခုမြင်နေရတဲ့ တောင်ဘက်အရပ်မှာ ထုလုပ်ထားတဲ့ ရပ်တော်မူဘုရားက ကဿပမြတ်စွာဘုရား .. ဟိမ၀န္တာကရရှိတဲ့ ထင်းရှုးသားနဲ့ ထုလုပ်ထားတာတဲ့ မမရဲ့ .. "

" သြော် .. "

" မြောက်ဘက်အရပ်မှာကျတော့ ကကုသန္ဓမြတ်စွာဘုရားရဲ့ပုံတော်ကို ဥဿပဲခူးပြည်က ရရှိခဲ့တဲ့ စံကားသားနဲ့ ထုဆစ်ထားတာ ... အရှေ့အရပ်မှာကျ ကောဏဂမန မြတ်စွာဘုရားကို မလ္လာယုကျွန်းကရရှိတဲ့ သရက္ခာန်သားနဲ့ ပြုလုပ်ထားတယ် .. နောက်ဆုံး .. အနောက်အရပ်မှာရှိတဲ့ ဂေါတမမြတ်စွာဘုရားကိုကျတော့ မူလအစက ပဉ္စလောဟာနဲ့ ထုလုပ်ထားတာလို့ မှတ်တမ်းရှိခဲ့ပေမဲ့လို့ ပျက်စီးသွားလို့ ကျွန်းသားနဲ့ အသစ်ပြန်ထုလုပ်ခဲ့ကြတာလို့ ဖတ်ထားဖူးတယ် .. အရှေ့အရပ်က ဘုရားကောပဲတဲ့ .. သက္ကရာဇ် ၁၂၁၈ ခုနှစ်မှာ တေဇောဓာတ်သင့်ခဲ့လို့ မင်းတုန်းမင်းကြီးက မူလပုံစံအတိုင်း ပြန်လည်ထုလုပ်ခိုင်းခဲ့တာ .. ရန်သူ့ဘေးကြောင့် မီးဘေးသင့်ခဲ့ရတာ ထင်တာပဲ .. "

Room Number 301Where stories live. Discover now