Part - 11(Zawgyi)

4.3K 196 17
                                    


မမသက်နှင်း ဟာသူနေတဲ့တိုက်ခန်းလေးကို ပြန်ရောက်လာပြီးတော့မှ ဆေးရုံမှာနေခဲ့ရတဲ့ နေ့ရက်တွေထက် ပို၍ ကြည်ကြည်လင်လင်လေးပြန်ဖြစ်လာသည်ဟုဆိုရပေမည် ။ မျက်နှာလေးက အရင်ကထက်ပိုပြီး လန်းဆန်းလာသည် ။ ကျွန်မကတော့ အရင်လိုပဲ မနက်စောစောထ၍ အိမ်မှာ မနက်စာညစာ အပြီးချက်ပြုတ်ပြင်ဆင်ပေးခဲ့သည် ။ ထို့နောက်နေ့လည်စာ စားချိန်အမှီ မမသက်နှင်း ဆီကိုရောက်အောင်သွားသည် ။ မမဆီရောက်မှ ၂ ယောက်အတူတူ နေ့လည်စာ စားကြသည် ။ တစ်နေကုန် မမရဲ့အနားမှာနေပြီး မမရဲ့စိတ်ကို ပျော်ရွှင်ကြည်နူးစေမည့်အရာလေးတွေချည်း ဖန်တီးပေးဖြစ်သည် ။ ညနေပိုင်း မမဥမ္မာ ရောက်လာပြီဆိုမှသာ ကျွန်မအိမ်သို့ပြန်ပါသည် ။ တစ်ခါတစ်လေတော့ မမဆီမှာပဲ ညအိပ်သည် ။ အိမ်မှာ အစ်ကိုနဲ့ အဖေရှိသည့် စနေ ၊ တနင်္ဂနွေလိုရုံးပိတ်ရက်မျိုးဆိုရင်တော့ အိမ်ကိုလုံးဝမပြန်ပဲ ၂ ရက်ဆက်တိုက် မမနှင့်အတူတူနေဖြစ်ခဲ့သည် ။

" ဂျလောက် ... ကျွီ ... "

မမသက်နှင်း ရဲ့တိုက်ခန်းရှေ့သို့ရောက်ပြီဆိုလျှုင် အရင်ကလိုမျိုး လူခေါ်ဘဲလ် နှိပ်မနေတော့ပါ ။ ကိုယ်တိုင်ပဲ သော့ဖွင့်ပြီး ၀င်လိုက်သည် ။ ယခုလက်ရှိ မမသက်နှင်း ရဲ့အခြေအနေကြောင့် ကျွန်မနဲ့ မမဥမ္မာ ဟာအခန်းတံခါးသော့ အပိုတစ်ချောင်းဆီ ယူဆောင်ထားကြရ၏ ။ ဘယ်သူမှအနားမရှိတဲ့ အချိန်မျိုးမှာ မမ အထဲ၌တစ်ခုခုဖြစ်နေမှာကို စိုးရိမ်မိခြင်းကြောင့် ယခုလို သော့ကိုယ်ဆီယူထားကြရခြင်းဖြစ်သည် ။

" မမရေ ... လေပြည် ရောက်ပြီ ... "

ကျောပိုးအိတ်လေးကို ဧည့်ခန်းကခုံပေါ်၌ တင်ပြီး အသံပေးလိုက်စဉ်

" လေပြည် ... မမ အနောက်မှာ .. "

မီးဖိုခန်းထဲကထွက်ပေါ်လာသည့် မမရဲ့အသံဟာ အနည်းငယ်တုန်ယင်နေသလိုဖြစ်နေတာကြောင့် ကျွန်မစိုးရိမ်ကာ အနောက်သို့ ချက်ချင်းပြေးဝင်ကြည့်မိခဲ့သည် ။

" ဟင် မမသက်နှင်း .. "

မမသက်နှင်း ဟာထမင်းစား စားပွဲရဲ့နံဘေး၌ ညာဘက်ခြေထောက်ကို လက်ဖြင့် ဖိကိုင်ထားရင်း ငုတ်တုတ်လေးထိုင်နေသည် ။ မျက်နှာမှာ အနည်းငယ်ရှုံ့မဲ့နေသလို ဘေးမှာလည်း ရေနွေးဓာတ်ဗူးက အဖုံးပွင့်လျက်သား မှောက်ကျနေသည် ။ ကြမ်းပြင် သံမံတလင်းပေါ်မှာလည်း ရေနွေးတွေက ဖိတ်စင်အိုင်ထွန်းနေ၏ ။

Room Number 301Where stories live. Discover now