Part - 6(Zawgyi)

5K 235 15
                                    

" လေပြည်က ခြေထောက်လည်းထိထားတာပဲ .. ပြန်သွားတော့ ခြေထောက်လေး ထော့ နင်း ထော့နင်းနဲ့ ... ငါသူ့ကို အရမ်းသနားတာပဲ ဥမ္မာရယ် .. "

လေပြည် ပြန်သွားပြီးတဲ့နောက်မှ ကျွန်မသည် ဥမ္မာ ရဲ့ရှေ့မှာ ငိုမိခဲ့သေးသည် ။ အစ်ကိုလုပ်သူ လေသံမာမာနဲ့ ပြောနေတဲ့အချိန်မှာ ထိုကလေးမလေးရဲ့မျက်နှာ ညှိုးနွမ်းသွားတာကိုမြင်လိုက်ရပြီး ကျွန်မမှာ တအားကိုစိတ်မကောင်းဖြစ်ခဲ့ရသေးသည် ။

တကယ်ကဒီကလေးလေးဟာ မေတ္တာငတ်နေတာပါ .. ။
မေတ္တာတွေ ဂရုစိုက်မှုတွေလိုအပ်နေတဲ့ ဒီကလေးမလေးကို ကျွန်မမေတ္တာတွေအများကြီး ပေးချင်ပါသည် ။ သို့ပေမဲ့ ကံတရားက ကျွန်မတို့နှစ်ယောက်စလုံးကို မျက်နှာသာ မပေးခဲ့ပါ ။ တစ်ယောက်ကိုတစ်ယောက် အနီးကပ်ပြုစုစောင့်ရှောက်ပေးချင်ကြပေမဲ့လို့ အခြေအနေအရ ကျွန်မတို့ဟာ အတန်ငယ်ဝေးကွာခဲ့ရပြန်သည် ။

၎ ရက်လောက်နေတော့ ကျွန်မဆေးရုံဆင်းပြီး အိမ်သို့ပြန်လာခဲ့လိုက်သည် ။ ဥမ္မာ ကတော့ကျွန်မဆီကို နေ့တိုင်းလာကြည့်ပေးပါသည် ။ လေပြည် နဲ့ကတော့ sms မှစာလေးတွေအပြန်အလှန်ပို့ဖြစ်ကြပြီး ညတိုင်းဖုန်းပြောဖြစ်သည် ။ သို့ပေမဲ့ အပြင်မှာမတွေ့ဖြစ်ကြတာ ၁ ပတ်ကျော်မျှ ရှိသွားခဲ့ပြီမို့ ကျွန်မ ထိုကလေးမလေးကို တအားလွမ်းမိပါသည် ။ လေပြည် သည်ကျွန်မဆီကို တအားလာချင်သည် ။ သို့ပေမဲ့ သူ့အိမ်က မိဘတွေက စိတ်မချသေးလို့ အပြင်ကိုမလွှတ်ကြသေးပါ ။ ကျွန်မကိုယ်တိုင်ကလည်း သူ့အတွက်စိတ်ပူမိတာကြောင့် ဘယ်မှမသွားခိုင်းသေးပဲ အိမ်မှာပဲအနားယူဖို့ကို နေ့စဉ်နေ့တိုင်း ဖြောင့်ဖျနေရသည် ။ သူ့ခြေထောက်ကဒဏ်ရာနဲ့ နဖူးကဒဏ်ရာက ပျောက်သလောက်ဖြစ်နေပြီဟု ပြောနေသော်လည်း ကျွန်မမှာ စိတ်မချနိုင်သေးပေ ။ တစ်ခါတစ်လေ အရမ်းတွေ့ချင်လွန်းလို့ ထိုကလေးမလေးဆီကို လိုက်ချသွားချင်ပေမဲ့လို့ ကျွန်မရဲ့လက်ရှိကျန်းမာရေးအခြေအနေက ဟိုအရင်ကလိုမဟုတ်တော့ပါ ။ အဖော်မပါပဲ တစ်ယောက်ထဲ ဘယ်ကိုမှ မသွားနိုင်တော့ပေ ။ ကိုယ့်ဘာသာကိုယ် ရဲရဲဝံ့ဝံ့သွားရဲတဲ့ သတ္တိမရှိတော့တာလည်းပါသည် ။ သွားရင်းလာရင်းနဲ့ လမ်းမှာမူးလဲကျတာမျိုးဖြစ်မှာကို ကြောက်မိတာကြောင့် ဘယ်ကိုမှ မထွက်တော့ခြင်းဖြစ်သည် ။

Room Number 301Donde viven las historias. Descúbrelo ahora