Part - 8 (Unicode)

2.7K 292 16
                                    

ညကအိမ်မက်ဆိုးကြောင့် ကျွန်တော့်စိတ်တွေထင့်နေသည်။ကျွန်တော့်ရဲ့အိမ်မက်က ရှေ့ပြေးနမိတ်ဟောတာနဲ့တူတာမို့ အထင်သေးလို့မရ။ဘယ်‌တော့များ အဲ့အိမ်မက်ထဲကအတိုင်း အသတ်ခံရမလဲဆိုပြီး စိတ်ကအလိုလိုနေရင်းခြောက်ခြားနေသည်။ဒီစိတ်ကို သက်သာစေမယ့်အလွယ်ကူဆုံးနည်းလမ်းက အိမ်ပြင်မထွက်တော့ဘဲ တစ်အိမ်လုံးကိုလည်း သော့တွေအပြည့်ခတ်ထားခြင်းပင်။ကျွန်တော် နောက်ဖေးတံခါး၊ ဘေးပြတင်းပေါက်၊ မှန်ခန်းတံခါးတွေကအစ အကုန်ပိတ်ပြီး သော့တွေပါခတ်ပစ်လိုက်သည်။

"အကိုစဝ်လွမ်းငယ်..ရှိလား‌ဗျ...အကို..."

အိမ်ရှေ့ကလူသံကြားလို့ထွက်ကြည့်မိတော့ ကောင်းမြတ်ဖြစ်နေသည်။သူ့ရဲ့မျက်လုံးတွေက ခါတိုင်းနဲ့မတူဘဲနီရဲနေသည်။

"ဒီတစ်ပတ်လုံးဆိုင်ပိတ်တယ်..ဟင်...ဒါနဲ့ မင်းဘယ်လိုလုပ်အိမ်ထဲဝင်လာတာလဲ.."

အခုမှသတိရသည်။ဒီလောက်သော့တွေအထပ်ထပ်ခတ်ထားရက်နဲ့ သူကဘယ်လိုလုပ်အိမ်ထဲဝင်လာတာလဲ။

"အော်..အကိုက တံခါးမှသေချာမပိတ်ထားဘဲ..အလွယ်လေးဝင်လာလို့ရပါတယ်..."

သူကအိမ်ရှေ့တံခါးဝကို လက်ညှိုးထိုးပြသည်။ကြည့်မိတော့ ကျွန်တော်ကိုယ့်ခေါင်းကိုပြန်ပိတ်ရိုက်ချင်စိတ်ပေါက်သွားသည်။နောက်ဖေးတံခါးတွေ၊ မှန်ခန်းတွေကအစ အကုန်သော့ခတ်ပိတ်ထားပြီးမှ အရေးကြီးတဲ့အိမ်ရှေ့တံခါးကို ပိတ်မထားမိလေခြင်း။တော်တော်တုံးတဲ့လူပဲ။

"ထားတော့..ဘာပဲဖြစ်ဖြစ်ပါ..မင်းပြန်တော့...ငါနေမကောင်းဘူး..အိပ်ချင်နေပြီ.."

ကိုယ့်ကိုကိုယ်လည်း ဒေါကန်လာသလို လက်ကဒဏ်ရာရဲ့အရှိန်ကြောင့် ဖျားနေတာမို့ ကျွန်တော်စိတ်သိပ်မကြည်တာမို့လည်း ဘာမှဆက်မပြောချင်တော့။

"ဟုတ်လား..အကိုနေမကောင်းဘူးလား..ဒါဆိုကျွန်တော်ပြန်လို့ဘယ်ဖြစ်မလဲ..ဒီမှာပဲနေလိုက်ပြီး အကို့ကိုပြုစုမယ်လေ.."

"ရတယ်..မလိုပါဘူး..မင်းပြန်ပါ..."

စိတ်ကသိပ်မကြည်တာမို့ ကျွန်တော့်ရဲ့အသံနဲနဲမာသွားသည်။

Wedding Dress(Completed)Where stories live. Discover now