Part - 7(Unicode)

3.1K 388 23
                                    

မောင့်ရဲ့တစ်လပြည့်ဆွမ်းသွပ်ပြီးတဲ့အချိန်ကစ,ပြီး ကျွန်တော့်အနားမှာ ဘယ်သူမှမရှိကြတော့ပါ။မောင့်မိဘတွေနဲ့ကလည်း အရင်လိုဆက်ဆံမှုသိပ်မရှိတော့။မောင့်ညီမဝမ်းကွဲမီးမီးလေးကတော့ နိုင်ငံခြားကိုထွက်သွားပြီလို့ကြားမိသည်။မောင့်ရက်လည်မှာကတည်းက သေဆုံးသွားဖို့ဆုတောင်းခဲ့ပေမယ့် ကံကြမ္မာကကျွန်တော့်ကိုသေခွင့်မပြုခဲ့ပါဘူး။မောင်မရှိတဲ့နေ့ရက်တွေကို ကျွန်တော်ခက်ခက်ခဲခဲနဲ့ဖြတ်သန်းလာရသည်မှာ ဒီနေ့နဲ့ဆို ခြောက်လပြည့်ခဲ့ပြီ။မောင်မရှိတော့တဲ့နေ့ကစ,ပြီး ကျွန်တော့်ရဲ့နေ့စဥ်ဘဝကလည်း ပြောင်းလဲသွားခဲ့သည်။

မနက်စောစောတိုင်းကျွန်တော်နိုးထလာနေကျ ခပ်နွေးနွေးရင်ခွင်ကျယ်ကြီးမရှိတော့။အတူစားနေကျမနက်စာ ပေါင်မုန့်နဲ့ကော်ဖီဝိုင်းလေးလည်းမရှိတော့။ရုံးကိုနေ့တိုင်းယူသွားတဲ့ လက်ဆွဲထမင်းချိုင့်လေးဟာလည်း မီးဖိုချောင်ထဲကစင်တစ်ခုပေါ်မှာ ဖုန်အထပ်ထပ်ဖြင့်။အထအနကောက်ပြီး ကပ်သီးကပ်ဖဲ့ပြန်ပြောတတ်တဲ့စကားသံတွေလည်း မကြားရတော့။အပြင်ထွက်ခါနီးတိုင်းအနမ်းချွေနေကျ နဖူးပြင်လေးအစား ပတ်စ်ပို့အရွယ်ဓာတ်ပုံလေးတစ်ပုံပေါ်ကိုသာ အနမ်းချွေရသည်။ညနေခင်းတွေမှာ အိမ်ရှေ့ထွက်စောင့်ရမယ့်သူမရှိတော့ဘူး။အရင်လို အေးချမ်းတဲ့ညရဲ့လက်ဖက်ရည်ဝိုင်းလေးလည်းမရှိတော့။စိတ်ကူးရတဲ့အချိန်တိုင်းသောက်ဖို့ ဖျော်လိုက်ပေမယ့် လက်ဖက်ရည်ခွက်လေးဟာ နောက်ဆုံးတော့ အေးစက်ခြင်းနဲ့ပဲအဆုံးသတ်သွားမြဲ။

နွေးထွေးမှုတွေကို ခံစားနေနိုင်သေးပေမယ့်လို့ အရင်လိုတိုးဝင်နေကျရင်ခွင်ဟာလည်း မရှိတော့ပါ။အရင်ကနှစ်ယောက်သားကျပ်ကျပ်တည်းတည်းအိပ်ခဲ့ကြတဲ့ တစ်ယောက်အိပ်ကုတင်ကလည်း အခုတော့ ညလယ်အောက်က ဆာဟာရသဲကန္တာရကြီးလိုပဲ ကျယ်ပြန့်လွန်းပြီး အေးစက်စက်ဖြင့်။အိပ်ဆေးလေးကူမှ အိပ်ပျော်နိုင်တဲ့ညတွေကလည်း ဘယ်အချိန်ထိလဲမသိနိုင်တော့။ဒီလိုနဲ့ပဲ မနက်ကနေ ည၊ ညကနေ မနက် ကူးပြောင်းနေပြီး နေ့ရက်တိုင်းက အဓိပ္ပာယ်မဲ့နေသလို၊ ရည်ရွယ်ချက်မရှိဘဲနဲ့ပဲ ကုန်ဆုံးနေသည်။

Wedding Dress(Completed)Where stories live. Discover now