Unicode
လက်ထဲမှဆေးတစ်ဆုပ်ကို ပါးစပ်ထဲပစ်ထည့်ကာ ရေတစ်ငုံနှင့်မျှောချသော်လည်း လည်ပင်းတွင်တင်နေ၍ ရေတစ်ခွက်သာ ဗိုက်အင့်အောင်သောက်လိုက်ရ၏။ အမေနှင့်စကားပြောနေသော ဦးဇင်းက အနောက်ကိုလှည့်ကာလှည့်ကာနှင့် ထိုကောင်လေးကို ရည်ညွှန်းပြောနေပုံရသည်။
" လာ လာ "
အမေ့အသံသည် မကြာသေးမီက ဦးဇင်းနှင့်ပြောနေသလို တိုးသဲ့မနေတော့ပေ။ ထိုကောင်လေးက အမေ့နောက်မှလိုက်လာကာ သူထိုင်နေရာအနားရောက်လာလေ၏။ သူထိုင်နေသညိ့နေရာသည် ဆိုင်မျက်နှာစာ၏ ညာဘက်တွင်ရှိသော စင်အမြင့်ကလေး။ ထိုစင်လေးပေါ်တွင် ပိုက်ဆံသေတ္တာထားရှိသည့်အပြင် ကွမ်းယာ၊ ဆေးလိပ်နှင့် အချိုအချဉ်ထုပ်များလည်း တွဲကာထားသေး၏။ သူ့မှာ အနာတရနှင့်မို့ အမေက သူ့ကို စင်ပေါ်ထိုင်နေခိုင်းခြင်း။
ကောင်လေး၏ကျောပေါ်တွင် စီးနှောင်ပါလာသည်က ကျောပိုးအိတ်အဟောင်းတစ်လုံး။
" ဟို ကွစ်ပျစ်ပေါ် သွားတင်ထား .. အိပ်ရင်လည်းအဲ့မှာပဲအိပ်ရမှာ ... ကျောင်းတက်တော့ ဝိုင်းချစ်နဲ့အတူလိုက်သွားပေါ့ "
" ဟုတ် အရီး "
" ဒီနေ့ကျောင်းမတက်ဖြစ်ရင် ဖိုးပြည့်က ဝိုင်းချစ်အနားခဏနေပေး ... အရီး လုပ်စရာတွေများနေလို့ ဖိုးပြည့်က တစ်ခုခုလိုရင် လုပ်ပေးဖို့ "
" ဟုတ် "
" ဝိုင်းချစ် "
" အမ် "
" ဘာအမ် တုန်း ... ထူးပုံကိုက ... အဲ့ကောင်လေးကို အနားခေါ်ထားစမ်း... တစ်ခုခုခိုင်းစရာတွေ့ရင် ခိုင်းလိုက် နော် ... ကြားလား "
" အင်း "
" ဒီကောင်လေးတော့ .. အင့်ဟယ် "
ကျောပေါ်ရောက်လာသည့် လက်ဝါးတစ်ချက်က ပေါ့သည်လည်းမဟုတ်၊ ပြင်းသည်လည်းမဟုတ်၊ ခပ်ဆာဆာ အထိအတွေ့ကြောင့် သူကျောကော့ပြတော့ အမေက ခပ်ကြိမ်းကြိမ်းဆိုကာ မီးဖိုချောင်ထဲ ဝင်သွားလေပြီ။
" လာလေ "
သူထိုင်နေရာ စင်ပေါ် လွှားခနဲ တက်လာသည့်ကောင်လေး၏ခြေထောက်တို့မှာ ရွှံ့တို့က တစ်ပိဿာလောက် တင်ကျန်နေ၏။

YOU ARE READING
သူ သူ သူ ကြၽန္ေတာ့္ရည္းစား - သူ သူ သူ ကျွန်တော့်ရည်းစား
Romanceငါ က မင်းကို ချစ်တယ် ပေါ့ .. ဖိုးပြည့် (ခ) လင်းပြည့်ဦး အူကြောင်ကြောင်လေး လုပ်မနေနဲ့ ဖိုးပြည့် ငါက ချစ်တယ်လို့ပြောရင် မင်းက ဟင့်အင်းလို့ပြောလို့မရဘူး ငါ့ကို ချစ်တယ် လို့ပဲ ပြောရမယ် .. ဟာ ပြောနေတယ်လေ .. ငါ့ကို အူကြောင်ကြောင် ကြည့်မနေနဲ့လို့ ... သီဝို...