အခန်း ( ၁ ) မယ်မယ် အပြစ်ရှိသလို ခံစားနေရတယ် ဆိုတာ ဒီမင်းသား သိပါတယ်။
အခုတလော စုန့်ယွမ်ရဲ့ မှတ်ဉာဏ်တွေ အနည်းငယ် ဝေဝေဝါးဝါး ဖြစ်နေခဲ့သည်။ သူမ၏ ဦးလေးထံမှာ အလုပ် လုပ်နေတာ မဟုတ်ဘဲ တခြား အလုပ်ရှင်ထံမှာသာ ဆိုလျှင် သူမ အလုပ်ထုတ်ခံရတာ ကြာလှနေပြီ ဖြစ်သည်။
သူမရဲ့ လက်ထဲရှိ လစာ ရထားတဲ့ ငွေရဖြတ်ပိုင်းထဲမှာ တစ်ပတ်စာ လုပ်အားခ လျှော့နေခြင်းက သူမ အလုပ်ပျက်ထားတာ တစ်ပတ်တိတိ ရှိကြောင်း အသေအချာ ညွှန်ပြနေခဲ့သည်။ နွေလလယ်မို့ ရုံးခန်းထဲတွင် လေအေးပေးစက်များကို တဝီဝီ လည်နေအောင် ဖွင့်ထားကြသောကြောင့် သူမသည် ဘယ်လိုမှ မတတ်နိုင်ဘဲ ခိုက်ခိုက်တုန်နေခဲ့ရသည်။
" အေမီရေ .. နင် ငါ့ကို နန်ဖုန်း ဘုရားကျောင်းက အဆောင်လက်ဖွဲ့က အရမ်း အစွမ်းထက်တယ်လို့ ပြောခဲ့ဖူးတယ် မဟုတ်လား။ " စုန့်ယွမ်သည် ဧည့်ကြိုကောင်တာသို့ တိတ်တိတ်လေး ချဉ်းကပ်သွားပြီး ခပ်တိုးတိုး မေးလိုက်သည်။
အေမီဟု အမည်ရှိသော မိန်းကလေးငယ်လေးက သူမရဲ့ အမေးစကားကို ကြားပြီးနောက် လှည့်ကြည့်ပြီး တဟင်းဟင်း ရယ်မောလိုက်၏။ " ဒါပေါ့။ နင် မကောင်းတဲ့ အဖြစ်အပျက်ကို တကယ် ကြုံတွေ့ခဲ့ရတာလား။ အဲ့ဒါဆိုရင်တော့ အဆောင်လက်ဖွဲ့ တစ်ခုတည်းက နင့်ကံအညံ့တွေကို ဖယ်ရှားပေးမှာ မဟုတ်ဘူး။ နင့်အတွက် အစွဲချွတ်ပေးဖို့ ပယောဂဆရာ တစ်ယောက်လည်း လိုလိမ့်မယ်။ "
စုန့်ယွမ်သည် အယူသီးသူ တစ်ယောက် မဟုတ်သော်လည်း လက်ရှိ အချိန်မှာတော့ ပယောဂဆရာကို ဆက်သွယ်ရမည့် အချက်အလက်များကို ဂရုတစိုက် လိုက်မှတ်နေမိသည်။
ဒါပေမဲ့ အခုတလော ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေက တကယ့်ကို ကျောချမ်းချင်စရာကောင်းသည်။ ပြီးခဲ့တဲ့ သီတင်းပတ် မတိုင်မီ ညတုန်းက သူမရဲ့ တိုက်ခန်းမှာ အိပ်ရာဝင်ခဲ့တာကို သေချာ မှတ်မိနေခဲ့သော်လည်း နောက်တစ်နေ့ မနက် သူမ အိပ်ရာနိုးလာချိန်မှာတော့ ၁ ပတ် ဆိုတဲ့ အချိန် တစ်ခုလုံး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်လေသည်။ သူမရဲ့ မိဘတွေက သူမကို ဖုန်းခေါ်ဖို့ ကြိုးစားခဲ့ကြသော်လည်း ဖုန်းမအားသေးပါ ဟူသော အချက်ပြမှုကိုသာ အချိန်တိုင်း ကြားခဲ့ကြရသည်။ သူတို့က သူမရဲ့ တိုက်ခန်း အထိ သူမကို လာရှာခဲ့ပေမဲ့ သူမကတော့ အိမ်မှာ ရှိမနေခဲ့ပါဘူးတဲ့။ သို့သော်လည်း သူမ အိပ်ရာနိုးလာတော့ သူမရဲ့ ကိုယ်ပိုင် အိပ်ရာပေါ်မှာ ရှိနေတာသာ ဖြစ်ပြီး တခြား ဘယ်နေရာကိုမှ တစ်ခါလေးတောင် ထွက်မသွားခဲ့ကြောင်း ကျိန်ပြောနိုင်သည်။ အဆိုးဆုံး အရာကတော့ အဲ့ဒီ ကုန်ဆုံးသွားတဲ့ အချိန် ၁ ပတ် အတွင်းမှာ သူမ ဘာတွေ လုပ်ခဲ့မိလဲ ဆိုတာကို လုံးဝ မမှတ်မိတော့တာပါပဲ။