အခန်း ( ၇ ) " ဂူး ကောင်းကင်အောက်က လူတွေကို လိမ်ရင် လိမ်နိုင်မယ် ၊ ဒါပေမဲ့ မယ်မယ့်ကိုတော့ မလိမ်နိုင်ဘူး။ "
စုန့်ယွမ်က ကလေးဘဝကတည်းက အရေးကြီးတဲ့ အချက်တွေကိုဆို အမြဲတမ်း ဒီလို ပုံစံအတိုင်း ဂရုမစိုက်တတ်။ အရှင်းဆုံး ပြောရလျှင်တော့ သူမက အရေးကြီး ကိစ္စတွေနှင့် ပတ်သက်လာလျှင် အတော်လေး နားလည်မှု နှေးကွေးသည်။
မနေ့ညကတည်းက ရုန်းထင်းဟာ သူမကို မယ်မယ်လို့ ဆက်တိုက် ခေါ်နေခဲ့ပေမဲ့ သူမကတော့ ထိုကိစ္စကို မသိလိုက် မသိဘာသာပင် စိတ်ထဲ မထည့်ခဲ့ပေ။ အဲ့ဒါကို အခု တွေးကြည့်တော့မှ သူမ အရမ်းကို သတိလက်လွတ် ပေါ့ဆခဲ့မိတာပဲ။
ပိုလို့တောင် ပေါ့ဆတာကတော့ အခုလို အရေးပေါ် အခြေအနေမျိုးမှာတောင် သူမက ရုန်းထင်းနှင့် သူ့မယ်မယ် အကြောင်း သေချာ ဆွေးနွေးဖို့ လုပ်ရမည့်အစား သူ့ကို မီးဖိုချောင် အပြင်ဘက်သို့ တွန်းထုတ်လိုက်တာပဲ ဖြစ်ပါသည်။ " နည်းနည်း ခပ်ဝေးဝေးမှာ ရပ်နေ။ မင်းရဲ့ ချစ်စရာ မျက်နှာလေးပေါ်ကို ဆီပူတွေ လာစင်ရင် အမာရွတ်တွေ ကျန်ခဲ့လိမ့်မယ်။ " သူမက ကလေးကို ခြောက်သည့်အနေနှင့် ထိုစကားကို တမင် ပြောလိုက်တာပါ။
ဟင်းသီးဟင်းရွက်တွေ အကုန်လုံးကိုလည်း လှီးဖြတ်ထားပြီးသား။ ဘယ်ပြဿနာကိုမဆို သူမတို့ စားသောက်ပြီးတဲ့ အထိ စောင့်လို့ ရသည်။
သူမ မစားဘဲ နေနိုင်သော်လည်း ကလေးကတော့ မစားလို့ မဖြစ်။
ဂတ်စ်မီးဖိုပေါ်မှာ အိုး နှစ်အိုး ရှိသည်။ အိုး တစ်အိုးထဲမှာ ဝက်နံရိုးချိုချဉ်ဟင်း ရှိပြီး နောက်တစ်အိုးထဲမှာတော့ ကကတစ်ငါးပေါင်း ရှိသည်။
သေချာလေး နှပ်ထားသော ဝက်နံရိုးတွေကို အိုးထဲကနေ ထုတ်ပြီးနောက် အပေါ်ကနေ နှမ်းစေ့ဖြူ အနည်းငယ် ဖြူးလိုက်သည်။ ပူပူလောလော အငွေ့တထောင်းထောင်း ထပြီး မွှေးပျံ့နေသော ဝက်နံရိုးချိုချဉ်ဟင်းပွဲ အဆင်သင့် ဖြစ်ပြီ ဖြစ်ကာ အရောင်အဆင်းလည်း အလွန် လှသည်။
ကကတစ်ငါးကိုတော့ ပေါင်းထားကာ အပေါ်ကနေ ဆီပူလေး လောင်းထားသည်။ ခရမ်းချဉ်သီးနှင့် ကြက်ဥမွှေကြော်ကလည်း ချက်ပြုတ်ရ မခက်ပါ။