အခန်း ( ၃ ) မယ်မယ်က အခု အရမ်း အနေအထိုင် ဆင်းရဲနေတာပဲ။ မယ်မယ် ဘာလို့ ခမည်းတော်ကို ထားရစ်ခဲ့တာလဲ။ ဒါက မယ်မယ် လိုချင်တဲ့ ဘဝမျိုးလား။
တကယ်တော့ စုန့်ယွမ်သည် ကလေးကို အိမ်ခေါ်လာမိသည့် အတွက် အတော်လေး နောင်တရနေမိသည်။
ရှက်စရာကောင်းတဲ့ လုပ်ရပ်မျိုး သူမ မလုပ်ခဲ့သလို ကလေး ပြောနေတဲ့ ' ခင်ပွန်းကို ထားခဲ့ကာ သားကို စွန့်ပစ်ခဲ့သူ ' ဆိုတာကလည်း သူမ မဟုတ်ပါ။ အဲ့ဒါနဲ့တောင် ကလေးရဲ့ စကားတွေကြောင့် သူမ ဘာ့ကြောင့် တုန်လှုပ်သွားခဲ့ရတာပါလိမ့်။
စုန့်ယွမ် အခု နေ,နေတဲ့ အိမ်က သူမ အသက် ( ၁၈ ) နှစ်တုန်းက သူမရဲ့ အဖေက သူမကို လက်ဆောင်ပေးခဲ့တာ ဖြစ်သည်။ အိပ်ခန်း ( ၃ )ခန်း ၊ အခန်း ( ၂ ) ခန်း ပါဝင်သော အိမ်က အလွန် ကျယ်ဝန်းကာ လသာဆောင် အကြီးကြီးလည်း ရှိသည်။ သူမ ပြောင်းလာတာ မကြာသေး၍ လိုအပ်သော ပစ္စည်း တော်တော်များများကို အခုထိ မဝယ်ရသေးပေ။ အပြန်လမ်းမှာ သူမ စိတ်နှင့်ကိုယ် မကပ်ဘဲ ကြောင်တောင်တောင် ဖြစ်နေပြီး သူမရဲ့ ဘဝကို သံသယရှိနေခဲ့ပေမယ့်လည်း ကလေး အတွက် မျက်နှာသုတ်ပဝါနဲ့ သွားတိုက်တံ ဝင်ဝယ်ဖို့ မမေ့လျော့ခဲ့ပေ။
သူမတို့ အိမ်ပြန်ရောက်တော့ ထိုကလေးလေးကို သူမ ဘာစကားမှ မပြောနိုင်သေးခင်မှာပဲ သူ့ဗိုက်ထဲကနေ ဂွီခနဲ အသံ ထွက်လာခဲ့၏။
ရုန်းထင်း တစ်ယောက် အရှက်ကြီး ရှက်သွားမိသည်။ သူ့အတွက်တော့ အစာအိမ်ကနေ အဲ့လို အသံမြည်တယ် ဆိုတာ အလွန်တရာ ရိုင်းပျပါသည်။
" ဘာမှ စားမထားတာ ကြာပြီလား ကလေး။ " သူမရဲ့ ကံတရားကို လက်ခံလိုက်သော စုန့်ယွမ်က သူ့ကို ငုံ့ကြည်ပြီး မေးလိုက်သည်။
" ဂူး မနက်စာတော့ ပွဲတော်တည်ပြီးသွားပါပြီ။ "
" ဘာလို့ အဲ့လိုမျိုးကြီး ပြောနေတာလဲ ကလေးရယ်။ " စုန့်ယွမ်သည် ရေခဲသေတ္တာကို ဖွင့်ကာ ပေါင်မုန့်ကို ယူပြီး သူ့ကို ပြန်ကြည့်လိုက်၏။ " အဲ့လို အသုံးအနှုန်းတွေက ပညာရှိဆန်လွန်းတယ်။ ကလေးရဲ့ မိသားစုထဲမှာ လူတိုင်း အဲ့လိုပဲ ပြောကြတာလား။ "