<Unicode>
သူ့ခန္ဓာကိုယ်က ပေါ့ပါးနေကာ လေထဲတွင် တလွင့်လွင့်နှင့်။ သူ့မျက်လုံးများက ပိတ်နေသည်ဟု ထင်နေသော်လည်း အဖြူရောင်အငွေ့ပါးပါးဖုံးလွှမ်းနေသော ပတ်ဝန်းကျင်ကို မြင်နေရသည်။ ဘေးပတ်လည်ကို ဝေ့ဝိုက်ကြည့်မိသော် သူကလွဲ၍ မည်သူမျှရှိမနေ။
ရုတ်တရက် မျောလွင့်နေသည့် သူ့ကိုယ်က အရှေ့တွင် ပြေးနေသော တစ်စုံတစ်ခုနောက်ကို အသည်းအသန် လိုက်သည်။ ထိုအရာက ဘာမှန်းသေချာမသိသော်လည်း သူ မြင်နေရသည့် အဖြူရောင်အငွေ့များက တဖြည်းဖြည်းလျော့နည်းလာကာ အမည်းရောင်များ တစတစလွှမ်းမိုးလာသည်ကိုတော့ သတိထားမိလိုက်သည်။ သို့သော် သူ ရပ်တန့်၍မရ။ သူ့ရင်ဘတ်တစ်နေရာကလည်း တဖြည်းဖြည်း ငြိမ်လာကာ အမည်းရောင်များ ပို၍အားကောင်းစပြုလာချိန်~~~
".....လုံးလုံးဖျောက်ပေးရင် မင်းလိုချင်တာရဲ့ နှစ်ဆ ရမယ်.....။"
ရုတ်တရက် ထွက်ပေါ်လာသည့် အသံက မျောလွင့်နေသည့်သူ့ကို တုံ့ကနဲ ရပ်စေသည်။ ထို့ပြင် သူ့ကို တစ်စုံတစ်ခုက ဆွဲငင်နေသည်ဟုပါ ခံစားလိုက်ရသည်။
"မင်း မသေချင်ရင် သူများကိုသတ်။"
"ကျင် ဟို ချိုလိမ်လေး စားချင်တယ်။"
"ညီလေးကို ဂရုစိုက်နော် ဂျင်လေး။"
"ရော့ မွေးနေ့လက်ဆောင်။ ကုကုနဲ့ အတူတူပဲ။ ဒီမှာကြည့်။"
"တစ်ကနေ တစ်ဆယ်အထိရေမှာ။"
"ဝေါင်း။"
"ကျင့်ကို အချစ်ဆုံးပဲ။"
နားထဲကို တိုးဝင်လာသော အသံများကို ဦးနှောက်က လက်မခံလေဟန်နဲ့ ပြန်ကန်ထုတ်သည်။ အပြင်တွင်တော့ ခေါင်းကိုသာ တွင်တွင်ရမ်းရင်း လက်များကလည်း အားကိုးရာတစ်ခုခုကို ရှာဖွေမိသည်။ ဘောင်းဘီကိုစမ်းလိုက်မိသော် ဖျစ်ညစ်ကိုင်ထားမိသည်။ ဖြစ်နေသည်များကို သည်းမခံနိုင်တော့၍ အော်ဟစ်ပစ်ရန် ပါးစပ်ကိုဖွင့်၍ အားယူလိုက်သော်လည်း လုံလောက်သော အားအင်က သူ့ကိုယ်တွင်မရှိ။
ထိုအချိန်တွင် မျောလွင့်နေသော သူ့ကိုယ်ကို အားကောင်းလှသော ဆွဲအားတစ်ခုက အရှိန်အဟုန်နှင့် နောက်ပြန်ဆုတ်စေသည်။ မြင့်မားလှသော တောင်ထိပ်မှ ပက်လက်အနေအထားဖြင့် အရှိန်အဟုန်ပြင်းစွာ ပြုတ်ကျလာသကဲ့သို့ တလှပ်လှပ်နှင့်။ နောက်ပြန်ဖြစ်နေသောကြောင့် နောက်စေ့မှ ဆံပင်များက မျက်နှာကို တဖက်ဖက်လာရိုက်သောကြောင့် သူ့မျက်လုံးများကို မှိတ်ပစ်လိုက်သည်။
YOU ARE READING
KILL ME [JinKook]
FanfictionIf you like action books, please read. I'll try my best to create this book. I swear it will be good.(◍•ᴗ•◍) Ah Nann #12.6.2021