Chapter 5

1.2K 240 18
                                    

Unicode
အခန်း (၅)
နွေဦးလေညင်း

ထိုဖြစ်ရပ်ကို​မြင်​ပြီးနောက် ​ဟော်မင်ချန်၏ တင်းတင်းဆုပ်ထားသော လက်သီးဆုပ်ဟာ တဖြည်းဖြည်း ပြေလျော့သွားလေ၏။ သူ့မျက်ဝန်းမှာ တောက်ပလင်းလက်နေသည့် ပျော်မြူးရိပ်ကလည်း ဖုံးကွယ်လို့မရတော့။ ဘာ့ကြောင့် ပျော်မိသွားမှန်းလည်း သူမသိ။ ဟော်မင်ချန် စားပွဲပေါ်မှာ မျက်နှာအပ်လျှက် အေးစက်ခက်ထန်နေဆဲ အမူအရာဖြင့် အပြင်ဘက်ကို လှမ်းကြည့်နေမိသည်။ သူ့မျက်လုံးတွေက အရူးတစ်ကောင်နှင့်တူသော လုချီဆီကနေ အကြည့်လွှဲလို့မရဖြစ်နေသည်။

သူ့မျက်ဝန်းတစ်စုံက ချစ်ရိပ်သန်းနေကာ သမင်လည်ပြန်ငေးပြီး ကြည့်နေကြတဲ့ မိန်းကလေးတွေထပ်ပင် ပိုဆိုးနေသေးတာကို သူသတိမထားမိပေ။

အချိန်တွေက ကုန်လွန်သွားကာ နောက်ဆုံးမှာတော့ self-study ချိန်ပြီးဆုံးသွားကြောင်း အချက်ပေးသည့် ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။ ဆီပူထဲကို ရေလောင်းထည့်လိုက်သည့်နှယ် စာသင်ခန်းက ဆူညံသံတွေဖြင့် စတင်ပွက်လောရိုက်သွားလေ၏။ ကျောင်းသားတွေကလည်း သူတို့ပိုင်စာအုပ်တွေကို သိမ်းဆည်းကာ ပြန်ဖို့​ပြင်နေကြသည်။ ထိုအချိန်မှာပဲ ကျောင်းသားခေါင်းဆောင် လေးငါးယောက်က အတန်းတွင်းသို့ ဝင်လာ၏။ ထိုအထဲက စူးရှတဲ့မျက်လုံးတွေနှင့်တစ်ယောက်က ပညာရေးဌာန၏ ခေါင်းဆောင်အသစ်ဖြစ်မှန်း ဟော်မင်ချန် သတိပြုမိသွားသည်။

“ အားလုံးပဲ ကိုယ်ထိုင်ခုံမှာကိုယ် ပြန်ထိုင်ပေးကြပါ။ ”

သက်သေခံကပ်ပြားနှင့်လူတစ်ယောက်က နံရံတွင်ချိတ်ထားသော ဖုန်းအိတ်ကိုယူက တံခါးအနီးမှာ ရပ်လိုက်ပြီး စာသင်ခန်းအတွင်းသို့ သိမ်းငှက်လိုမျက်လုံးစူးစူးများဖြင့် ဝေ့ဝဲကြည့်လာ၏။

“ ဖုန်းအပ်ထားတဲ့ကျောင်းသာတွေ ကျွန်တော့်ဆီလာကြပါ။ ကိုယ့်ဖုန်းကို ပြန်ယူပြီးရင် ထွက်သွားလို့ရပါပြီ။ ဖုန်းမအပ်ထားတဲ့ကျောင်းသားတွေကတော့ ကိုယ့်နေရာမှာပဲ ဆက်ထိုင်နေကြရပါမယ်။ ”

သေပြီ ! အခြေအနေမကောင်းတော့ဘူး !!!

၎င်းက လူတိုင်းခေါင်းထဲမှာပေါ်လာသည့် ပထမဆုံးအတွေးပင်။ ဖုန်းအပ်ထားတဲ့လူတွေကတော့  ​ကြိတ်ပြီးဝမ်းသာသွားကြပေမယ့် မအပ်ထာတဲ့လူတွေကတော့ ပင်းအပ်တွေ၊ အပ်ချောင်းတွေပေါ်မှာ ထိုင်နေသလိုပဲ။ ဟော်မင်ချန် ရုတ်ခြည်းပဲ လုချီကိုလှည့်ကြည့်လိုက်သော်ငြား လုချီကတော့ လည်ပင်းက ​ကျောင်းသားကပ်ကြိုးကိုဖြုတ်ကာ အခန်းအပြင်သို့ ထွက်သွားလေ၏။

Don't Be a Kept Man ( Myanmar Translation )Where stories live. Discover now