Birthday Present For Thiri (U)

8.1K 610 192
                                    

Accountant ကတင်ပြလာတဲ့ ငွေအသုံးစရိတ်စာရင်းနှင့် စားသောက်ဆိုင်ငွေဝင်စာရင်းတို့ကိုအသေးစိတ်စစ်ဆေးနေရင်းပြီးသွားချိန် စာကြည့်မျက်မှန်ကိုဆွဲချွတ်လိုက်ရင်း မျက်ခုံးနှစ်ခုကြားလက်နှင့်အသာဖိလို့ဖြေလျော့လိုက်ရ၏။

စားသောက်ဆိုင်ရော ရတနာဆိုင်ကိုပါပူးတွဲအုပ်ချုပ်နေရခြင်းရဲ့နောက်တွင် Kitchen ထဲတောင်သိပ်ဝင်မဖြစ်ပါ။ အဓိကအရေးကြီးသည့်ဝန်ထမ်းရေးရာနှင့်ဆိုင်လည်ပတ်မှုတို့အတွက်ဦးစားပေးနေရခြင်းကြောင့်လည်း ရံဖန်ရံခါ၌သာဝင်ရတတ်ပါတော့၏။

Kitchen ဝန်ထမ်းတို့ကိုတော့တစ်ပတ်တစ်ကြိမ်တွေ့လို့အပြင်အဆင်နှင့်အရသာတို့အတွက်ကြတ်မတ်ပေးရသေးတာပေါ့။ Baker ကိုဆိုင်ကိုအရခေါ်ပြီး Cake counter ကိုအထူးတလည်ဖွင့်လိုက်မိသည့်နောက်တွင် ဆိုင်ကတစ်ဟုန်တိုးအောင်မြင်လာပါတော့၏။

မိဘတွေကျန်းမာရေးကြောင့် ရန်ကုန်ကိုအပြီးပြန်ပြောင်းလာခဲ့သည့်ကလောက Baker ကိုရလိုက်တာလည်းအလွန်ကံကောင်းသွားခြင်းတစ်ရပ်ပါပဲ။ ဆိုင်ရဲ့ Food Menu တို့ကိုလည်းသူများနှင့်မတူထူးထူးခြားခြားထုတ်ခဲ့ပြီး ထို Menu တို့ကိုသာအသားပေးရောင်းချခဲ့တော့ ဆိုင်ကလူအဝင်အထွက်မများသည့်တိုင်သူ့မိတ်နှင့်သူတော့နေရာတစ်ခုတွင်ရပ်တည်နေ၏။

လူတို့ရဲ့လုပ်ဆောင်နိုင်စွမ်းဟာလည်းရပ်နေလျှင်သာမသိသာတာပါ။ အခြေအနေတစ်ခုကိုရောက်ရှိသွားပြီဆိုလျှင်လုပ်စရာအလုပ်တွေကထပ်ထပ်ရောက်လာပြီးလုပ်နိုင်စွမ်းတို့ကလည်းပိုပိုတိုးလာပါတော့သည်။

အရင်ကလုပ်ငန်းနှစ်ခုကိုတစ်ပြိုင်နက်ထဲလုပ်နိုင်ပါ့မလားအတွေးနှင့်စိုးရိမ်ခဲ့ရပေမယ့်အခုတော့လည်းအဆင်ပြေသွားသား။ တစ်ယောက်ထဲအနေနှင့်တော့ဘယ်လုပ်နိုင်ပါ့မလဲ။ အခြေအနေအရပ်ရပ်ကိုသုံးသပ်ဆင်ခြင်ပြီးလူမှန်နေရာမှန်ထားတတ်ဖို့လည်းလိုပါသေးတာ​ပေါ့။ ထို့အတွက်လည်းအသက်ကြီးကာမှသင်တန်းတိုလေးတွေကိုလည်းပြန်တက်ခဲ့ရ​ပြန်​သေး၏။

ဘယ်အရာမဆိုသိချင်တတ်ချင်နေတဲ့ကလေးက သူတက်တဲ့သင်တန်းတိုင်းလိုလိုကျွန်တော့်ကိုပါလိုက်တက်စေခဲ့တော့အခုဆိုကျွန်တော့်မှာစီးပွားရေးနှင့်ပက်သက်သော Marketing, Management စသည့်လုပ်ငန်းတို့နှင့်သက်ဆိုင်သော Certificate၊ Diploma လက်မှတ်ကလေးတွေတောင်တိုး၍ပိုင်ဆိုင်လာပါတော့၏။

ဆုံစည်းခွင့်Where stories live. Discover now