ပန်းရောင်းပြီးအပြန်ရေချိုးကာ မဝေးလှသောကျောင်းဆီသို့ခပ်သုတ်သုတ်လှမ်းလာခဲ့၏။ ကျောင်းတက်ခေါင်းလောင်းသံကိုကြားချိန် လက်ကနာရီကိုကြည့်မိခိုက် ၉ နာရီကိုကွက်တိညွှန်ပြနေသည်။
အတန်းပိုင်ဆရာကနာမည်ခေါ်ကာလူစစစ်နေချိန် ဘေးကလွတ်နေသေးသောနေရာလွတ်ကိုငဲ့ကြည့်ပြီး ပြတင်းပေါက်ကနေလာရာလမ်းကိုလှမ်းမျှော်ကြည့်လိုက်မိ၏။ အလုပ်တစ်ဖက်နှင့်ကျွန်တော်တောင်အချိန်မီလာနိုင်ပါသော်လည်း ကျောင်းနှင့်အလှမ်းမဝေးတဲ့အရပ်မှကိုယ်ပိုင်ကားနှင့်ကျောင်းလာရသောသူဌေးသားလေးသည် အမြဲကျောင်းနောက်ကျတတ်လေ့ရှိသည်။ စည်းကမ်းကြီးသောကျောင်းအုပ်သူ့ဘကြီးနှင့်ကျောင်းပေါက်ဝတွင်တွေ့ လျှင် ဘာဆင်ခြေဆင်လက်တွေပေးပြန်ဦးမလဲမသိ။
"မောင်သာလွန်နေ"
"Present teacher"
အမည်ခေါ်သံကအခန်းထဲက၊ ထူးသံကအခန်းဝက။ ဆရာမရောအခန်းထဲကကျောင်းသူ ကျောင်းသားတွေအကြည့်ကအခန်းဝရောက်သွား၏။ မျက်လုံးများပါရီလဲ့နေအောင်ပြုံးပြရင်း လက်ညိုးတစ်ချောင်းထောင်ကာဝင်ခွင့်ပြုရန်ရပ်စောင့်နေသော သာလွန်နေ။
ကျောင်းဖွင့်တာ ၂ လ ကျော်ပြီမို့ ဆရာမခမျာထူးပြီးဆူမနေနိုင်တော့ပါ။ ခေါင်းညိမ့်ကာခွင့်ပြုလိုက်ရင်း အမည်စာရင်းကိုဆက်ခေါ်နေ၏။ ခပ်သုတ်သုတ်ဝင်လာပြီး ကျွန်တော့်ဘေးနေရာလွတ်တွင်ဝင်ထိုင်လိုက်ကာ ပုခုံးချင်းတွန်းတိုက်၏။ တစ်ချိန်တည်းသင်းပျံ့ပျံ့ရနံ့ကိုပါရလိုက်သဖြင့် ငဲ့ကာကြည့်မိချိန်ခေါင်းအစခြေအဆုံးကျော့မော့ရှင်းသန့်နေသော ကျွန်တော့်အတန်းဖော်ရွှေမင်းသား။
"သွေး မင်းကစောသားပဲ"
အပြောကအဲလိုမျိုး၊ ကျွန်တော်ကပဲစောတယ်ဖြစ်ရသေး။
"ငါကမစောဘူး။ မင်းသာနောက်ကျနေတာ"
"ဘယ်မှာနောက်ကျလို့လဲ။ အချိန်ကိုက်ပဲလေ ဒီလောက်အချိန်ကိုက်တာရှိမလား ကြည့်လေ"
စကားကိုကပ်သပ်ပြောတတ်တဲ့သောကြာသားနှင့် စကားပြိုင်မပြောချင်ပါ။ ဆိတ်ဆိတ်နေလိုက်ရင်း စာအုပ်ကိုငုံ့ဖတ်နေလိုက်သည်။ ဘေးနားကနေတစ်လှုပ်လှုပ်နှင့်ဘာတွေလုပ်နေမှန်းမသိ။ မျက်လုံးထောင့်ကပ်ကာကြည့်မိတော့ ကျောပိုးလွယ်အိတ်ထဲကစာအုပ်ထုတ်တယ်။ ကွန်ပါဗူးကိုထုတ်တယ်။ ပြီးတော့ပေါင်မုန့်ထုပ်နဲ့မိုင်လိုနို့ဗူးထုတ်ပြန်၏။
YOU ARE READING
ဆုံစည်းခွင့်
Romanceစစ်မှန်သောချစ်ခြင်းတရားတိုင်း ဆုံစည်းခွင့်ရှိစေ။ #Firstlove #Boy Love #Romance #Drama #Complete (Unicode)